Bamaw Thein Pe added 3 new photos.
စပိန်နိုင်ငံရဲ့ တောမြို့လေးတခုက လူငယ်လေးတယောက်ဟာ မိသားစုက ဆင်းရဲလွန်းလို့ အသက်၁၄ နှစ်သားအရွယ်မှာ ကျောင်းထွက်ပြီး လက်နဲ့အင်္ကျီချုပ်ပေးတဲ့ အလုပ်လုပ်ရင်း မိသားစုစားဝတ်နေရေးအတွက် တဖက်တလမ်းက ဝင်ငွေရှာပေးရတယ်။ အသက် ၁၆ နှစ်အရွယ်မှာ သူဟာ သူ့မြို့ထဲမှာ အင်္ကျီကောင်းကောင်း ချုပ်တတ်ကြပေမဲ့ အလုပ်အကိုင်မရှိပဲ အားနေတဲ့အမျိုးသမီးတွေ အများကြီး ရှိနေကြတယ် ဆိုတာက သတိပြုမိလိုက်တယ်။ အဲဒါလေးကို သာမန်လူတွေ သတိမထားမိကြပေမဲ့ သူ့အတွက်ကတော့ ကြီးပွားဖို့ အခွင့်အလမ်းတခုဆိုတာ သိလိုက်တယ်။ အလုပ်မရှိတဲ့ အမျိုးသမီးတွေကို သမဝါယမအသင်းလေးတွေ ဖွဲ့ပေးပြီး အဝတ်အစားတွေ ချုပ်ခိုင်းတယ်။
သူတို့ချုပ်ထည်တွေကို ရောင်းပေးရင်း ပိုက်ဆံရလာတယ်။ နောက်တော့ သူဟာ ဖက်ရှင်အဝတ်အစားတွေ ချုပ်လုပ်ရောင်းချတယ်။ နောက်ဆုံးတော့ နိုင်ငံတကာမှာ ZARA ကုန်တိုက်တွေ ဖွင့်ပြီး Inditex brand ဖက်ရှင်အဝတ်တွေ ရောင်းရင်းနဲ့ စပိန်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလျံနာသူဋ္ဌေးကြီးတယောက် ဖြစ်လာခဲ့တယ်။ သူ့နာမည်က အာမန်ချီယိုအော်တေးဂါး (Amancio Ortega) ပါ။ နာမည်အပြည့်အစုံက “Amancio Ortega Gaona”ပါ။ သူဟာ ဆင်းရဲလွန်းတဲ့ဘဝကနေ ဘယ်လို ကြီးပွားချမ်းသာအောင် လုပ်ခဲ့တယ်ဆိုတာကို ဖတ်ကြည့်စေချင်ပါတယ်။
အော်တေးဂါးကို ၁၉၃၆ ခုနှစ် မတ်လ ၂၈ ရက်နေ့က စပိန်နိုင်ငံမြောက်ပိုင်း လီယွန်ပြည်နယ်က ဘတ်စ်ဒွန်ဂို (Busdongo de Arabs) ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီရွာလေးဟာ လူဦးရေ ၁၀၀ လောက်ပဲရှိတယ်။ ရွာသေးသေးလေးပါ။ သူဟာ မောင်နှမ ၄ ယောက်ထဲမှာ အငယ်ဆုံးပါ။ သူတို့မိသားစုဟာ အတော်လေးကို ဆင်းရဲရှာတယ်။ အော်တေးဂါး အသက် ၅ နှစ်သားမှာ သူ့အဖေဟာ လာကိုရူနား (La Coruna) မြို့လေးက ဘူတာရုံအသေးလေးတခုမှာ အလုပ်ရလို့ တမိသားစုလုံး အဲဒီကို ပြောင်းရွှေ့သွားကြတယ်။ မီးရထားဝင်းထဲက ဝန်ထမ်းအိမ်ယာမှာ နေကြရတယ်။ ဝန်ထမ်းအိမ်ယာလို့သာ ပြောတာပါ၊ တကယ်တော့ ဆင်းရဲသားတွေနေတဲ့ တဲစုတ်လေးလိုပါပဲ။ သူ့အမေကတော့ မိသားစုအတွက် ချက်ပြုတ်လျှော်ဖွတ်ပေးရတဲ့ အိမ်ရှင်မပါ။ အမေဟာ ယောက်ျားရတဲ့ လစာနဲနဲလေးနဲ့ မိသားစု စားဖို့လောက်အောင် ကြိုးစားပေမဲ့လဲ မလောက်ငလို့ သူများဆီက ပိုက်ဆံအမြဲ ချေးငှားနေရတယ်။
ကလေးအရွယ်ပဲရှိသေးတဲ့ အော်တေးဂါးဟာ သူ့အမေ ဈေးသွားရင် အမြဲလိုလို လိုက်ပါသွားလေ့ရှိတယ်။ သူ့အမေက ဈေးဆိုင်တွေမှာ ဟင်းချက်စရာဝယ်တဲ့အခါ ပေးစရာပိုက်ဆံမရှိလို့ အကြွေးနဲ့ရောင်းပေးဖို့ ငိုယိုတောင်းပန်လေ့ရှိတယ်။ ဈေးရောင်းသူတွေကလဲ အမေ့ကို မတူသလိုမတန်သလိုနှိမ်ပြီး ဆက်ဆံပြောဆိုကြတယ်။ တချို့ဆိုင်တွေဆိုရင် အမေ့ကို ဆိုင်ကနေ ထွက်သွားဖို့ အော်ဟစ်မောင်းထုတ်ကြတယ်။ ဒါတွေကို မကြာခန မြင်တွေ့နေတဲ့ အော်တေးဂါးလေးဟာ အမေ့ကို အရမ်းသနားနေတယ်။ ဒါပေမဲ့ သူဟာ ကလေးအရွယ်မို့ ဝမ်းနဲငိုကြွေးရုံကလွဲလို့ ဘာမှမတတ်နိုင်ရှာပါဘူးး။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ သူတို့မိသားစုရဲ့ အနှိမ်ခံဘဝ၊ ဆင်းရဲနူံချာလှတဲ့ဘဝကို အရမ်းမုန်းတီးသွားပြီး အလွန်စိတ်နာသွားတယ်။ အဲဒီအချိန်ကစလို့ သူဟာ ကြီးလာရင် ချမ်းသာတဲ့ လူတယောက် ဖြစ်စေရမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲဒီချမ်းသာချင်တဲ့ စိတ်ဟာ ကြီးလာတဲ့အထိ သူ့ခေါင်းထဲ စွဲမြဲစွာ မှတ်ထင်နေတယ်။
သူတို့မိသားစုရဲ့ စားဝတ်နေရေးဟာ တဖြည်းဖြည်းပိုပိုပြီး ကျပ်တည်းလာတာကြောင့် အော်တေးဂါးဟာ အသက် ၁၄ နှစ်မှာ ကျောင်းက ထွက်လိုက်ပြီး အလုပ်စလုပ်တယ်။ မြို့ထဲက ရှပ်အင်္ကျီ၊ ကက်ဦးထုပ်၊ ဂျာကင်တွေ ချုပ်ရောင်းတဲ့ ဆိုင်သေးလေးတခုမှာ အင်္ကျီတွေကို တနေကုန် လက်နဲ့ ချုပ်ပေးရတယ်။ လုပ်ခနဲနဲလေးပဲ ရတယ်။ ဒါပေမဲ့ ရတဲ့လုပ်ခလေးဟာ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောက်အကူ ဖြစ်နေတာမို့ သူဟာ အဲဒီအလုပ်ကို မညီးမငြူပဲ ဆက်လုပ်နေပါတယ်။
အော်တေးဂါးဟာ လူပျိုပေါက်အရွယ်မှာ အလုပ်အားရင် စက်ဘီးနင်းရင်း မြို့ထဲမှာ လှည့်ပတ်ကြည့်လေ့ရှိတယ်။ တညနေခင်းမှာ တယောက်ထဲ စက်ဘီးတစီးနဲ့ မြို့ထဲလည်ပတ်နေစဉ် သူ့ခေါင်းထဲမှာ အတွေးတခု ရုတ်တရက်ပေါ်လာတယ်။ ကြီးပွားချမ်းသာဖို့ အမြဲတမ်းစဉ်းစားနေသူဟာ စိတ်ပေါ့ပါးလန်းဆန်းနေချိန်မှာ အကြံသစ်၊ ဉာဏ်သစ် ခေါင်းထဲကို အလိုလို ရောက်လာတတ်ပါတယ်။ သူ့ခေါင်းထဲကို ဝင်လာတဲ့ အတွေးက “ကြီးပွားချမ်းသာချင်ရင် ဝယ်သူတွေ ဖေါက်သယ်တွေ လိုချင်တာကို ပေးနိုင်အောင် လုပ်ပေးရမယ်” ဆိုတာပါ။ အဲဒီနေ့ကစလို့ သူဟာ ဝယ်သူတွေ ဖေါက်သယ်တွေ ဘာလိုချင်သလဲ။ သူတို့လိုချင်တာပေးနိုင်ဖို့ ဘယ်လိုလုပ်ပေးရမလဲ”ဆိုတဲ့ မေးခွန်းကို သူ့ကိုယ်သူ အမြဲမေးနေပါတော့တယ်။ နောင် သူကုမ္ပဏီကြီးထောင်ပြီး လုပ်ငန်းလုပ်ချိန်မှာ အဲဒါကို စီးပွားရေးနည်းဗျူဟာတခုအဖြစ် ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။
အသက် ၁၆ နှစ်အရွယ်မှာ အော်တေးဂါးဟာ လာကိုရူးနားမြို့လေးရဲ့ ထူးခြားမှုတခုကို သတိပြုမိလိုက်တယ်။ အဲဒီထူးခြားမှုကို သာမန်လူတွေ သတိမထားမိကြပေမဲ့ သူကတော့ ကြီးပွားဖို့ အခွင့်အလမ်းတခုဆိုတာ သိလိုက်တယ်။ အဲဒါက မြို့ထဲမှာ အင်္ကျီကောင်းကောင်း ချုပ်တတ်ကြပြီး အလုပ်အကိုင်မရှိပဲ အားနေကြတဲ့ အမျိုးသမီးတွေ အများကြီး ရှိနေကြတယ် ဆိုတာပါ။ အဲဒီ အလုပ်မရှိကြတဲ့ အမျိုးသမီးတွေနဲ့ အခွင့်အလမ်း ဘာလိုများဆိုင်လို့လဲကွာလို့ မေးချင်ကြမှာပါ။ သက်ဆိုင်တယ်ဆိုတာ ရှေ့ဆက်ရေးထားတာလေးတွေကို ဖတ်ကြည့်ရင် နားလည်ပါလိမ့်မယ်။
အော်တေးဂါးဟာ အဲဒီအမျိုးသမီးတွေကို အုပ်စုလေးတွေ ဖွဲ့ပြီး စက်ချုပ်သမဝါယမအသင်းလေးတွေ ထူထောင်ကြဖို့ ပြောတယ်။ သူက ချုပ်ဖို့အဝတ်စတွေ ဝယ်ပေးမယ်။ ချုပ်ပြီးသား အက၊ျင်္ီတွေကို သူက ဆိုင်တွေမှာ လိုက်ရောင်းပေးမယ်။ အမျိုးသမီးတွေကို အင်္ကျီချုပ်ခ ပေးမယ်လို့ ရှင်းပြတယ်။ အလုပ်မရှိတဲ့ အမျိုးသမီးတွေလဲ သူ့အကြံပေးချက်ကို သဘောကျလို့ နီးစပ်ရာတွေ အချင်းချင်း သမဝါယမအသင်းလေးတွေ ဖွဲ့ပြီး အဝတ်တွေ ချုပ်ကြတယ်။ ပထမေတာ့ အမိ်ဳးသားဝတ္အက်ႌေတြေပါ့။ နောက်တော့ ကလေးအဝတ်အစားလေးတွေ၊ ညဝတ္အက်ႌေတြ၊ အမ်ိဳးသမီးအက်ႌေတြပါ ချုပ်လာကြတယ်။ အော်တေးဂါး တယောက်လဲ အဝတ်စဖိုးပဲ ရင်းပြီး ချုပ်ပြီးအထည်တွေ ဆိုင်တွေမှာ လိုက်ရောင်းပေးရင်း အမြတ်အစွန်းလေးတွေ ရနေလို့ အတော်လေး အဆင်ပြေဟန်ကျလာတယ်။ မိသားစုကိုလဲ ကောင်းကောင်းမွန်မွန် ထောက်ပံ့လာနိုင်တယ်။ ၁၆ နှစ်အရွယ် လူငယ်လေးအော်တေးဂါးအတွက် ပထမဆုံးလုပ်တဲ့ စီးပွားရေးလုပ်ငန်းဟာ အောင်မြင်မှုရတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ သူဟာ ဒီလောက်နဲ့ပဲ ဘယ်ကျေနပ်ပါ့မလဲ။ ဒီထက်မက ကြီးပွားချမ်းသာဖို့ ရည်မှန်းထားတာကိုး။
ဒါကြောင့် ၁၉၆၃ ခုနှစ်မှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ အော်တေးဂါးဟာ သူ့ရဲ့စုဆောင်းငွေလေးနဲ့ ပထမဆုံးကိုယ်ပိုင်ကုမ္ပဏီ Coffecciones GOA,S.Aကို ထောင်လိုက်တယ်။ စက်ချုပ်သမဝါယမအဖွဲ့တွေမှာ လုပ်နေကြတဲ့အမျိုးသမီးတွေကို လုပ်အားခနဲနဲပဲ ပေးရတာမို့ သူ့ကုမ္ပဏီက အဝတ်အထည်တွေကို ဈေးသက်သက်သာသာနဲ့ အမြောက်အများ ဖြန့်ဖြူးရောင်းချရင်း အမြတ်ငွေတွေ အများကြီး ရလာတယ်။ နောက်ပိုင်းမှာ သူဟာ စပိန်နိုင်ငံက အထည်ချုပ်စက်ရုံ အမြောက်အများကို ဝယ်ယူလိုက်ပြန်တယ်။ မကြာခင်မှာပဲ ဖက်ရှင်အဝတ်အစားတွေထုတ်တဲ့ ကုမ္ပဏီတခုနဲ့ အကျိုးတူပါတနာ ပေါင်းလုပ်လိုက်ပါတယ်။ ၃ နှစ်အကြာမှာ အဲဒီဖက်ရှင်ကုမ္ပဏီရဲ့ ပိုင်ရှင်အမျိုးသမီး ရိုဆာလီယာမယ်ရာ (Rosalia Mera)နဲ့ လက်ထပ်လိုက်ပါတယ်။ သူတို့ပိုင်တဲ့ကုမ္ပဏီ ၂ ခုကို ပေါင်းလိုက်ကြပြီး၊ Inditex (Industrial de Diseno Textil, S.A.) ကုမ္ပဏီအသစ် ဖွင့်လှစ်လိုက်တယ်။ အဲဒီကုမ္ပဏီကနေ ဒီဇိုင်းလှလှ ဖက်ရှင်အဝတ်အစားတွေ ထုတ်လုပ်ရောင်းချတယ်။
၁၉၇၅ ခုနှစ်မှာ အော်တေးဂါးဟာ လာကိုရူးနားမြို့လည်ခေါင်မှာ Zobra ဆိုတဲ့ Inditex က ထုတ်လုပ်တဲ့ ဖက်ရှင်အဝတ်အထည်တွေရောင်းတဲ့ ကုန်တိုက်ကြီးတခုကို ဖွင့်လှစ်လိုက်တယ်။ မြို့ထဲက အရက်ဘားဆိုင်တဆိုင်က ကန့်ကွက်တယ်။ ဘားဆိုင်ရဲ့နာမည်ကလဲ Zobra ဖြစ်နေတာကိုး။ ဒါကြောင့် အော်တေးဂါးဟာ သူ့ကုန်တိုက်နာမည်ကို Zara လို့ နာမည်ပြောင်းလဲလိုက်တယ်။ ၁၉၈ဝ ပြည့်နှစ်မှာ Zobra အရက်ဘားဆိုင်သေးလေးဟာ အရင်အတိုင်း ဆိုင်သေးလေးအဖြစ် ရှိနေဆဲပေမဲ့ Zara ကုန်တိုက်တွေကတော့ စပိန်နိုင်ငံရဲ့မြို့အတော်များများမှာ တခုပြီးတခု ပေါ်ထွက်လာခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ အော်တေးဂါးဟာ ပေါ်တူဂီနိုင်ငံမှာ ပထမဆုံး Zora ကုန်တိုက်ကြီးတခု ဖွင့်လှစ်လိုက်တယ်။ ပေါ်တူဂီနိုင်ငံရဲ့အလုပ်သမားခဟာ စပိန်နိုင်ငံထက် အများကြီး သက်သာလို့ပါ။ အော်တေးဂါးဟာ ၁၉၈၉ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာနဲ့ အင်္ဂလန်နိုင်ငံတွေမှာ ပထမဆုံး Zara ကုန်တိုက်တွေကို ဖွင့်လှစ်ခဲ့ပြန်တယ်။
===============================
အော်တေးဂါးဟာ ဖက်ရှင်အဝတ်အထည်လုပ်ငန်းတခုထဲသာ လုပ်တာမဟုတ်ပဲ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်၊ ရေနံလုပ်ငန်းတွေနဲ့ နိုင်ငံအတော်များများမှာလဲ အိမ်မြေအများအပြားဝယ်ပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားတယ်။ Inditex ရဲ့ရှယ်ယာဈေးတွေကလဲ ဆက်တိုက်မြင့်တက်နေတယ်။ အော်တေးဂါး ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတခုလုံးရဲ့ ရှယ်ယာငွေတန်ဖိုးဟာ ဒေါ်လာ ၁၂၀ ဘီလီယံ ရှိပါတယ်။ အနှစ် ၃၀ ကျော်ကြာ စီးပွားရေးလုပ်ပြီးတဲ့အချိန်မှာ အော်တေးဂါးရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၇၃.၅ ဘီလီယံ ဖြစ်လာပါတယ်။
===============================
အော်တေးဂါးနဲ့ပါတ်သက်လို့ အံ့သြစရာ ၂ ချက်ရှိပါတယ်။ ပထမအချက်က သူ့မှာ ဘယ်တုံးကမှ သီးသန့်ရုံးခန်းမရှိဘူး။ သူဟာ စက်ရုံရဲ့ခန်းမကျယ်ကြီးထဲမှာ ဒီဇိုင်နာတွေနဲ့ အမြဲတမ်း တိုင်ပင်ဆွေးနွေးရင်း အလုပ်ရှုပ်နေလေ့ရှိတယ်တဲ့။ ဒုတိယအချက်က သူ့ကုမ္ပဏီက ချုပ်တဲ့ လူကြိုက်များလှတဲ့ Inditex brand အဝတ်အစားကို ဘယ်တော့မှ မဝတ်ဘူးတဲ့။ ဘာကြောင့်လဲဆိုတာတော့ သူကလွဲပြီး ဘယ်သူမှ မသိကြပါဘူး။
================================
ရှေ့လ ဇွန်လဆန်းမှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။
စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ ၂၃ ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။
ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေး လုပ်ချင်သူတွေ၊ လုပ်နေသူတွေအတွက် ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၈-၀၅-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။