Kumudra added 2 new photos.
..
အိုဘားမား ၀က်စွပ်ပြုတ်လာစားလို့ ဗီယက်နမ်ဆိုင်ရှင် အံ့သြ
+++++++++++++++++++++++++
ဟနွိုင်း၊ မေ ၂၄။ ။
ဟနွိုင်းလမ်းဘေးစားသောက်ဆိုင်ရှင်အနေနဲ့ သူဟာ သူ့ဝက်ခေါက်ဆွဲစွပ်ပြုတ်ကို အကြိမ်မရေတွက်နိုင်အောင် ရောင်းချပြီးဖြစ်ပေမယ့် ဘာရက်အိုဘားမားက ဆိုင်ထဲဝင်၊ ပလတ်စတစ်ခွေးခြေခုံကိုဆွဲပြီး ဗီယက်နမ်ရဲ့နာမည်ကျော် ဘန်ချာ စားစရာကို မှာစားချိန်မှာတော့ သူ ကြက်သေသေသွားခဲ့ပါတယ်။
အမေရိကန်သမ္မတဟာ သူ့ရဲ့အလုပ်များလွန်းတဲ့ ဗီယက်နမ်ခရီးစဉ်ထဲကနေ တိတ်တိတ်လစ်ထွက်လာပြီး ကမ္ဘာတလွှားက လူသိနည်းတဲ့စားစရာတွေကို ရှာဖွေဖော်ထုတ်နေတဲ့ စားဖိုမှုးနဲ့ အစားအသောက်ဝေဖန်ရေးဆရာ အန်တိုနီဘောဒိန်းနဲ့အတူ ၀က်စွပ်ပြုတ်လာမြည်းခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် စားသောက်ဆိုင်ပိုင်ရှင် ငုယင်သီလျန်ဟာ နိုင်ငံခြားရုပ်သံအဖွဲ့တစ်ဖွဲ့ လာနေတာကို သိပေမယ့် အထူးဧည့်သည်တော်တစ်ယောက်ကို ခေါ်လာမယ်ဆိုတာကိုတော့ သူ မသိပါဘူး။
“ကျွန်မတို့စားသောက်ဆိုင်ကို သူလာစားတာ ကျွန်မတို့တစ်မိသားစုလုံးအတွက် အကြီးအကျယ်အံ့သြစရာဖြစ်ရပ်ပါပဲ။ ဒီလိုအဖြစ်မျိုးကို ကျွန်မတို့အိပ်မက်ထဲတောင် ထည့်မမက်ရဲခဲ့ပါဘူး” လို့ သူက အေအက်ဖ်ပီသတင်းဌာနကို အင်္ဂါနေ့က ပြောပါတယ်။
အမေရိကန်လျှို့ဝှက်လုံခြုံရေးဌာနနဲ့ ပြည်တွင်းရဲဌာနဟာ တနလာင်္နေ့ညနေက ဘန်ချာဟုံလျန်စားသောက်ဆိုင်ပတ်ဝန်းကျင်က လမ်းတွေကို ပိတ်လိုက်ပါတယ်။
အိုဘားမား ဆိုင်ထဲကထွက်လာချိန်မှာ ဆိုင်အပြင်မှာ လူအုပ်ကြီးက သူ့ကိုနှုတ်ဆက်ဖို့စုပြုံရောက်ရှိနေပါတယ်။
သက်တော်စောင့်တွေအများအပြား ၀န်းရံထားတဲ့သူဟာ စိတ်လှုပ်ရှားနေတဲ့ဒေသခံတွေကို ခဏရပ်နှုတ်ဆက်ပြီး လူအများစုက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြပြီးနောက် သူဟာ သူ့ဇိမ်ခံမှန်လုံကားကြီးနဲ့အတူ ထွက်ခွာသွားပါတယ်။
“အိုဘားမားက သဘောကောင်းတယ်၊ ပြုံးနေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လူတိုင်းက သဘောကျတယ်”လို့ ဆိုင်ရှင်က အေအက်ဖ်ပီကို ပြောပြီး သမ္မတနဲ့ ဓာတ်ပုံတွဲမရိုက်မိလို့ နောင်တရတယ်လို့လည်း ဆိုပါတယ်။
ဘောဒိန်းဟာ သူ့အင်စတာဂရမ်မှာ ညစာစားပွဲဓာတ်ပုံတစ်ပုံတင်ထားပြီး “သမ္မတက တူကိုင်ကျွမ်းတယ်” ဆိုတဲ့ခေါင်းစဉ်တပ်ထားပါတယ်။ ဓာတ်ပုံထဲမှာ သူတို့နှစ်ဦးဟာ ပလတ်စတစ်ခုံပုလေးတွေမှာ ထိုင်နေရင်း အိုဘားမားရဲ့ညာဘက်လက်မှာ ဟနွိုင်းဘီယာတစ်ပုလင်းကိုင်ထားတာကို တွေ့ရပါတယ်။
“သမ္မတနဲ့အတူ ဘန်ချာစားတာ စုစုပေါင်း ၆ ဒေါ်လာကုန်တယ်။ ကျွန်တော်ပဲ ထုတ်ရှင်းလိုက်ပါတယ်” လို့ ဘောဒိန်းက နောက်ပိုင်းမှာ တွစ်တာမှာ ရေးပါတယ်။
ဗီယက်နမ်ဟာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းတွေကြောင့် နာမည်ကျော်ပေမယ့် အိုဘားမားသွားစားတဲ့ ဘန်ချာဟာ ၀က်သုံးထပ်သားနဲ့ အသားပြုတ်ရည်ချိုချိုတို့နဲ့ချက်ထားတာကြောင့် ကျန်းမာစွာစားသောက်ရေးကို ဆော်သြလှုပ်ရှားနေတဲ့ သူ့မိန်းမ မစ်ရှဲလ်ကတော့ အံ့သြကောင်း အံ့သြပါလိမ့်မယ်။
စုပြည့်စုံ
Ref: AFP (May 24, 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။