◑◑◑
တစ်ခါတုန်းက ဝက်ဝံကြီးတစ်ကောင်ဟာ လက်ပတ်နာရီလိုချင်တာနဲ့ မြို့မှာ သွားဝယ်ဖို့ဆိုပြီး ခရီးထွက်လာခဲ့သတဲ့။ သူ လက်ပတ်နာရီ လိုချင်နေတာ ကြာပြီ။
မြို့ကိုရောက်ရင် ကြိုးသိုင်းခေါင်းစွပ်ပါတဲ့
တီရှပ်တစ်ထည်ဝယ်မယ်။ ပြီးရင် ကာကီရောင်ဖျော့ဖျော့ ဂျီယော်ဒါနို
ဘောင်ဘီရှည်ပါ ဝယ်ပြီး ဝတ်ဦးမှပဲ... လို့ ဝက်ဝံကြီးက စိတ်ကူးယဉ်သတဲ့။
အဲ...ပြီးတော့မှ မြို့သားတွေရဲ့ စတိုင်လ်အတိုင်း ဟမ်းဖုန်းတစ်လုံးကို ခါးမှာ ချိတ်ပြီး မြို့ထဲလျှောက်လည်ရင်း နာရီရှာဝယ်မယ်လို့ ဝက်ဝံကြီးက တွေးလိုက်တယ်။
သူလိုချင်တဲ့ နာရီက ဒိုင်ခွက် အချိန်ပြဂဏန်းတွေရဲ့ နေရာမှာ စိန်ပွင့်သေးသေးလေးတွေ မြုပ်ထားပြီး ပတ်ပတ်လည်မှာ သလင်းကျောက်တွေ စီထားတဲ့ ဒီဇိုင်းမျိုး။
ပုံစံလှလှပေါ့။ နာရီက ရွှေရောင်ဖြစ်ရမယ်။ ကြိုးက သားရေကြိုးပျော့ အနက်ရောင် ဖြစ်ရမယ်တဲ့။
"နှစ်ပေါင်းတစ်ရာမှာ စက္ကန့်ပိုင်းလောက်ပဲ အချိန်အတိမ်းအစောင်း အလွဲအမှား ရှိရမယ်"
လို့ ကြော်ငြာထားတဲ့ ရိုးလက်(စ်) နာရီကို ဝက်ဝံကြီးက သိပ်စိတ်ဝင်စားတာပဲတဲ့။
" ဘဝမှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ် "
လို့ ဝက်ဝံကြီးက သူ့ဘာသာသူ တစ်ယောက်တည်း ပြောလိုက်တယ်။ ဒီစကားဟာ ဝက်ဝံကြီး တစ်သက်လုံး ပြောပြောလာခဲ့တဲ့ သူရဲ့ ခံယူချက်လည်း ဖြစ်တယ်ဆိုပဲဗျ။
◑◑◑
ဒီလိုနဲ့ ဝက်ဝံကြီးဟာ တရွေ့ရွေ့လျှောက်ရင်း တောအုပ်ကြီးရဲ့ အပြင်ဘက်ကို ရောက်လာပါလေရော။ တောအုပ်က ထွက်ပြီဆိုတော့ ရွာနဲ့ နီးလာတာပေါ့။
ရွာနားရောက်တော့ ရွာခြံစည်းရိုးအပြင်ဘက်မှာ ပြောင်းခင်းကြီး တစ်ခင်းကို တွေ့ရတယ်။ ပြောင်းခင်းကြီးက အကျယ်ကြီး။ မိုးကုပ်စက်ဝိုင်းထိအောင် ကျယ်သလား မှတ်ရတယ်။ မျက်စိတစ်ဆုံးပဲတဲ့။
ပြောင်းဖူးတွေကလည်း စားချင်စဖွယ်၊ ပြွတ်သိပ်... လို့။
" အင်း... ပြောင်းဖူးတွေက အင်မတန်အရသာ ရှိမယ့်ပုံပဲ၊ ငါသွားရမယ့် ခရီးကလည်း ဝေးသေးတယ်၊ အဲဒီတော့ လမ်းမှာစားဖို့ နည်းနည်းပါးပါး ခူးသွားဦးမှပဲ "
ဒါနဲ့ပဲ ဝက်ဝံကြီးဟာ ပြောင်းခင်းထဲကို တိုးဝင်သွားတယ်။ ပြီးတော့ အကြီးဆုံး အကောင်းဆုံးလို့ ထင်ရတဲ့ ပြောင်းဖူးနှစ်ဖူးကို ရှာပြီး ခူးလိုက်တယ်။
ဒါပေမယ့်... ရှေ့မှာ အဲဒီထက် ပိုကြီးပြီး ပိုကောင်းတယ်လို့ အောက်မေ့ရတဲ့ ပြောင်းဖူးတွေကလည်း တစ်သီတစ်သန်းကြီး ရှိနေသေးတာ။ ဒါနဲ့ ဝက်ဝံကြီးဟာ ထပ်ပြီး လိုချင်လာပြန်ရော။ ခက်တာက သူ့လက်နှစ်ဖက်မှာ ခူးပြီးသား ပြောင်ဖူးနှစ်ဖူးကို ကိုင်ထားရတော့ လက်က မအားတော့ဘူး။
ဒါနဲ့... ဝက်ဝံကြီးဟာ လက်ထဲက ပြောင်းဖူးနှစ်ဖူးကို ချိုင်းကြားထဲမှာ ညှပ်ထားလိုက်တယ်။ ပြီးတော့ ရှေ့ကို တိုးတိုးသွားရင်း တွေ့တဲ့ ပြောင်းဖူးတွေကို လက်နှစ်ဖက် ဆန့်ထုတ်ပြီး ခူးပြန်သတဲ့။ အဲသည်လို... နောက်ထပ် ပြောင်းဖူးတွေချိုးဖို့ လက်ဆန့်လိုက်တဲ့အခါ ချိုင်းကြားထဲက ပြောင်းဖူးနှစ်ဖူးက ထွက်ကျသွားတော့တာပေါ့။
ဝက်ဝံကြီးကတော့ မသိရှာဘူး။ ပြောင်းဖူးနှစ်ဖူးကို လှမ်းခူးပြီး ချိုင်းကြားထဲ ညှပ်ထားလိုက်... နောက်ထပ် ပြောင်းဖူးတွေ ထပ်ခူးဖို့ လက်ဆန့်လိုက်တဲ့အခါ ချိုင်းကြားထဲ ပြောင်းဖူးတွေက ထွက်ကျသွားလိုက်။
နှောင်နှစ်ပေါင်းများစွာ ကြာတော့မှ ဝက်ဝံကြီးဟာ ပြောင်းခင်းကြီးထဲက ပြန်ထွက်လာခဲ့တော့တယ်။ သူ့ ချိုင်းကြားမှာတော့ ပြောင်းဖူးလေး နှစ်ဖူးပဲ ပါလာခဲ့ပါသတဲ့။
သူဟာ သိပ်ကို အိုမင်းသွားပါပြီ။ မြို့ကိုသွားဖို့ အချိန်လည်း သိပ်မရှိတော့ပါဘူး။ သူလိုချင်လွန်းလှတဲ့ နာရီကိုလည်း မဝယ်နိုင်တော့ပါဘူး။
" ဘဝမှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ် "
လို့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပဲ သူလာခဲ့ရာ တောအုပ်ဆီ တရွေ့ရွေ့ ပြန်ဝင်သွားရပါသတဲ့။
ဒီပုံပြင်လေးကို နားထောင်ပြီး ကျွန်တော်တွေးမိတာတွေ အများကြီးပါပဲ။
ကျွန်တော်တို့ဟာ အချိန်တွေကို ဘယ်လိုကုန်လွန်စေခဲ့သလဲ။ အဲ့ဒီကုန်ခဲ့တဲ့ အချိန်တွေအတွက် တစ်စုံတစ်ရာကို ပြန်ရလိုက်တာလား... ပြန်ရလိုက်တယ်လို့ ထင်နေခဲ့တာလား။ နောက်ဆုံးကျရင်ကော...
နောက်တစ်နေ့ မနက်အိပ်ရာထတဲ့ အခါကျတော့ ကျွန်တော့် ခုတင်ဘေးမှာ လူတစ်ယောက် ထိုင်နေတာကို တွေ့ရတယ်။ အံ့သြဖို့ကောင်းတာက အဲ့ဒီလူဟာ ကျွန်တော်ကိုယ်တိုင်ပါပဲ။
ချိုင်းကြားမှာ ပြောင်းဖူးနှစ်ဖူး ညှပ်လို့.....။ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။