We Love Music
နိုဝင်ဘာမိုး
ဂန်းစ်အင်န်ရို့စစ္စ
မင်းမျက်ဝန်းတွေထဲ ကိုယ်ကြည့်တဲ့အခါ
မျိုသိပ်ချူပ်တည်းထားတဲ့ အချစ်တစ်ခုကို မြင်ရပါတယ်
ဒါပေမဲ့ အချစ်ရယ် မင်းလက်ကို ကိုယ်ထွေးဆုပ်ထားတဲ့အခါ
ကိုယ်လည်း မင်းနဲ့ထပ်တူ ခံစားနေရတယ်လို့ မင်းမသိဘူးလားကွယ်
ဘယ်အရာမှ ထာဝရမတည်မြဲဘူးလေ၊
နောက်ပြီး နှလုံးသားတွေဟာ ပြောင်းလဲကုန်နိုင်တယ်လို့
ကိုယ်တို့နှစ်ယောက်လုံး သိထားကြတာပဲ
နောက်ပြီး နိုဝင်ဘာမိုးသည်းသည်းမှာ
ဖယောင်းတိုင်မီးတောက်လေး ကြာရှည်လင်းပနေဖို့
တော်တော်ခက်ခဲပါတယ်။
နာကျင်မှုတွေကို သက်သာအောင် ကြိုးစားကြရင်း
ကိုယ်တို့ အခုလိုနေလာခဲ့ကြရတာ အချိန်တွေလည်း ကြာပဲကြာလှပြီ။
ဒါပေမဲ့ ချစ်သူတွေဟာ အမြဲတမ်းရောက်လာကြ
ချစ်သူတွေဟာ အမြဲတမ်းပြန်ထွက်သွားကြ
ဒီကနေ့ ဘယ်သူထွက်ခွာသွားလို့ ဘယ်သူက ကျန်ရစ်ခဲ့ရမှာလဲဆိုတာ
ဘယ်သူမှ မသေချာပါဘူး
တကယ်လို့သာ ကိုယ်တို့တစ်ယောက်ကိုတစ်ယောက်
ပွင်လင်းဖို့ အချိန်ယူနိုင်ခဲ့မယ်ဆိုရင်
မင်းလေးဟာ ကိုယ်ပိုင်ဆိုင် မြတ်နိုးရတဲ့အချစ်လေးပါပဲ ဆိုတဲ့အသိနဲ့ 
ကိုယ်စိတ်အေးချမ်းသာ ရခဲ့နိုင်လိမ့်မယ်။
ဒီတော့ မင်းကိုယ့်ကို ချစ်ချင်တယ်ဆိုရင်
အချစ်ရယ် မျိုသိပ်ထိန်းချုပ်မနေပါနဲ့တော့လားကွယ်
အေးစက်တုန်ခိုက်လှတဲ့ နိုဝင်ဘာမိုးထဲမှာ
ခြေဦးတည့်ရာ လျှောက်သွားနေရတဲ့ အဖြစ်ကို
ကိုယ်အဆုံးသတ်နိုင်သွားပါလိမ့်မယ်
မင်းကိုယ်တိုင်အတွက် အချိန်နည်းနည်းယူဖို့လိုသလား
မင်းတစ်ယောက်တည်း ရှိနေဖို့ အချိန်နည်းနည်းလိုသလား
လူတိုင်းဟာ ကိုယ်တိုင်အတွက် အချိန်ယူဖို့ လိုအပ်ကြတာချည်းပါပဲ
မင်းလည်း မင်းတစ်ယောက်တည်း သီးသန့်ရှိနေဖို့
အချိန်နည်းနည်းလိုတယ်ဆိုတာ မသိဘူးလားကွယ်
သူငယ်ချင်းဆိုတဲ့ လူတွေကတောင်
မင်းကို ဒုက္ခပေးတော့မယ်လို့ သိလာရတဲ့အခါမျိုးမှာ
ပွင့်လင်းတဲ့ နှလုံးသားတစ်ခုကို ဆက်တည်မြဲစေဖို့
ခက်ခဲတယ်ဆိုတာ ကိုယ်သိပါတယ်
ကွဲကြေသွားတဲ့ ဒဏ်ရာနှလုံးသားတစ်ခုဟာ အနာပြန်ကျက်လာနိုင်ရဲ့လား
မင်းကိုဆွဲဆောင်ဖို့ အချိန်မတန်သေးဘူးလားကွယ်။
တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင်အတွက် အချိန်တစ်ခု ကိုယ်လိုပါတယ်
တစ်ခါတစ်ခါ မင်းကိုယ်တိုင်အတွက် အချိန်တစ်ခုလည်း ကိုယ်လိုပါတယ်
လူတိုင်းဟာ ကိုယ်တိုင်အတွက် အချိန်တစ်ခု လိုအပ်ကြတာချည်းပါပဲ
မင်းကိုယ်တိုင်အတွက် အချိန်တစ်ခု မင်းလိုတယ်ဆိုတာ မသိဘူးလားကွယ်။
မင်းရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ အနည်ထိုင်ငြိမ်သက်သွားတဲ့အခါ
အမှောင်ရိပ်တွေ ကျန်နေဆဲအချိန်မှာ
မင်း ကိုယ့်ကို ချစ်နိုင်လိမ့်မယ်လို့ ကိုယ်သိပါတယ်
အပြစ်တင်စရာ ဘယ်သူမှ မကျန်တော့တဲ့အချိန်မှာပေါ့
ဒီတော့...အမှောင်ဆိုတာလည်း ကိစ္စမရှိပါဘူး
ကိုယ်တို့ လမ်းတစ်ခုခုကိုတော့ တွေ့ရမှာပေါ့
ဘာကြောင့်လဲဆိုတော့ ဘယ်အရာမှ ထာဝရမတည်မြဲဘူးလေ
အေးစက်တုန်ခိုက်လှတဲ့ နိုဝင်ဘာမိုးတောင်မှ တည်မြဲမနေပါဘူးကွယ်။
မင်းတစ်ယောက်ယောက်ကို လိုအပ်တယ်လို့ မင်းမထင်ဘူးလား
မင်းဘေးမှာ တစ်ယောက်ယောက်နေဖို့ လိုတယ်လို့  မင်းမထင်ဘူးလား
မင်းဟာ တစ်ယောက်တည်း မဟုတ်ပါဘူးကွယ်
မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။
လူဘ၀ရဲ့အရသာဆိုတာ နိုဝင်ဘာမိုး သည်းသည်းအောက်မှာ
ထွန်းတောက် နေရတဲ့ ဖယောင်းတိုင်မီးကလေးလိုပါပဲ၊ ကြာရှည်မမြဲပါဘူး...တဲ့။
ဂန်းစ်အင်ရို့ဇက်စ် အဖွဲ့ရဲ့ ‘နိုဝင်ဘာမိုး’သီချင်းဟာ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းတဲ့ နေရာမှာ မှန်ကန်စွာဆုံးဖြတ်တတ်ဖို့၊ မှန်ကန်စွာရင်ဆိုင်နိုင်ဖို့ တွန်းအားပေးရင်း ကြေကွဲစရာ အဖြစ် တွေ နောင်တတွေကနေ ရှောင်တိမ်းနိုင်အောင် သတိပေးထားတာပါပဲ။
အက်ဇယ်လ်ရို့စ် (Axl Rose) ရဲ့အက်ကွဲပေါက်ကွဲတဲ့အသံနဲ့ သေသပ်ပိုင်နိုင်တဲ့ ဆိုဟန် နဲ့၊ ခမ်းနားမြိုင်ဆိုင်တဲ့ ဂီတဖွဲ့စည်းမှု ပေါင်းစပ်လိုက်တဲ့အခါ နိုဝင်ဘာမိုးသီချင်းဟာ သူ တို့အဖွဲ့ရဲ့ နာမည် အကြီးဆုံးသီချင်းတစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။ ဒီသီချင်းကို စင်မြင့်ပေါ်မှာ သီဆိုတဲ့အခါ Axl Rose ဟာ ကိုယ်တိုင် စန္ဒရားတီးပြီး သီဆိုတာ တွေ့ဖူးပါတယ်။ သူတို့ အဖွဲ့ရဲ့ စင်မြင့်ပွဲတွေရဲ့ ထုံးစံအတိုင်း တယောအမျိုးမျိုး စတဲ့ ကြိုးတပ်တူရိယာတွေ၊ လေမှုတ်တူရိယာတွေနဲ့ ဂီတသံစုံ တီးဝိုင်းကြီးကိုပါ အသုံးပြုတီးမှုတ်သွားတာပါ။ သူတို့ အဖွဲ့ရဲ့ သီချင်းတွေ ထုံးစံအတိုင်း ဂီတတီးမှုတ်မှုကို အသားပေးထားတာပါပဲ။
ဒီသီချင်းရဲ့ဂီတဗီဒီယိုကို ဘယ်လောက်လူကြိုက်များသလဲဆိုရင် အမေရိကန်နိုင်ငံမှာ Epic Video လို့ခေါ်တဲ့ ဇာတ်လမ်းနဲ့သရုပ်ဖော်တဲ့ ဂီတဗီဒီယိုတွေထဲမှာ All Time No.1 တဲ့။ အမြဲတမ်း နံပါတ် (၁) နေရာကို ရခဲ့တယ်လို့  ကြားဖူးပါတယ်။ တကယ်လည်း ရုပ်ရှင်တစ်ခု ကြည့်နေရသလို တော်တော်လှပပြည့်စုံတဲ့ ဂီတဗီဒီယိုဖြစ်ပါတယ်။
ဂျူး
(နိုဝင်ဘာမိုး၊ ၂၀၀၁ - မူရင်းသတ်ပုံအတိုင်း ပြန်လည်ဖော်ပြသည်)
Watch Video on Youtube> http://www.youtube.com/watch?v=8SbUC-UaAxE
#WeLoveMusic #GunsnRoses #Rock #Music

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။