Published on Sunday, 10 November 2013 12:31
မိမိမွေးဖွားမီက သမိုင်းကိုလျစ်လျူရှုသောသူသည် ကလေးဘဝမှာပင် ဆက်ရှိနေဦးမည်ဟု ရောမ ခေတ် ဒဿနပညာရှင် စီစစ်ရိုက ပြောခဲ့သည်။ သမိုင်းကိုမသိလျှင် မသိဉာဏ်တိုးတက်မလာဟု ဆိုလို ဟန်တူ၏။ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကလည်း မအအောင်သမိုင်းသင်ရမည်ဟု ခပ်ဘွင်းဘွင်းပင် ဆိုခဲ့သည်။ သမိုင်းသည် မည်မျှအရေးကြီးပါသနည်း။ သမိုင်းမှန်ကို မည်သို့လေ့လာ နိုင်ပါမည်နည်း။
No.197, Nov-7, 2013
http://www.maukkha.org/index.php/feature-article/4203-2013-11-10-12-31-26
သမိုင်းကို အောင်နိုင်သူများက ရေးလေ့ရှိခဲ့ကြသည်။ ထိုင်းနှင့်မြန်မာအကြားဖြစ်ခဲ့သော စစ်ပွဲများ အကြောင်း ရှေးသမိုင်းတွင် ကွဲလွဲချက်များစွာ ရှိခဲ့သလိုဒုတိယကမ္ဘာစစ်အကြောင်း ရေးသားသည့်နိုင်ငံ များ၏ သမိုင်းများက မတူညီကြပေ။ ရှေးယခင်က အောင်နိုင်သူများရေးသော သမိုင်းကိုစာထက် အက္ခရာတင်သဖြင့် ပို၍ကျယ်ပြန့်လေ့ရှိပြီး လူအများက ဖတ်ရှုနိုင်သဖြင့် ထိုသမိုင်းကို အမှန်ဟုယူဆ ကြသည်။ သမိုင်းကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ရန်အတွက် မှတ်တမ်းပြုသူများ၏ အခန်းကဏ္ဍက အရေးကြီးသည်။ အောင်နိုင်သူများက ရေးသောသမိုင်းတွင် မြှုပ်ထားသောအချက်များ၊ ပြောင်းလဲထား သောအဖြစ်များ များစွာရှိသည်။ ထို့ကြောင့်လည်း သမိုင်းလေ့လာသူများက ယင်းခေတ်ပြိုင်အချိန်က အခြားရေးသားချက်များ၊ မှတ်တမ်းများကို ရှာဖွေသုတေသနပြုကြရသည်။
သမိုင်းကို ပြောင်းလဲဖုံးဖိထားသည့် အဖြစ်များကိုလက်ရှိခေတ်တွင်ပင် များစွာတွေ့နေရသေးသည်။ နိုင်ငံအာဏာပိုင်များက မိမိတို့၏ပြည်သူများကို ထိန်းချုပ်ကိုင်ရန်အတွက် သမိုင်းကိုလိမ်ကြသည်။
ပြောင်းလဲလာသော နည်းပညာများကြောင့် သတင်းအချက်အလက်များကို ပို၍ရှာဖွေဖတ်ရှုလေ့လာ နိုင်သည် မှန်သော်လည်းသာမန်လူထုက မိမိတို့ဘာသာစကားများဖြင့် အလွယ်တကူဖတ်ရှုနိုင်သည့် အစိုးရထုတ်စာပေများဖြင့်သာ မိမိတို့၏အသိပညာကို ရှာလေ့ရှိကြသည်။ ထို့ကြောင့် အထူးသဖြင့် ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသောသမိုင်းက လူထုပညာပေးရေးတွင် အရေးကြီးဆုံးဖြစ်လာ သည်။
ဒုတိယကမ္ဘာစစ်ကို ဂျပန်နိုင်ငံက အစပြုခဲ့ကြောင်း ကမ္ဘာ့သမိုင်းများတွင် လူတိုင်းဖတ်ရှုနိုင်သော်လည်း ဂျပန်ကျောင်းများမှ သမိုင်းသင်ခန်းစာများတွင်မူ ဂျပန်က စစ်တရားခံမဟုတ်ပါ။ စစ်ကိုဂျပန်က စတင်ခဲ့ သည်ဆိုသည့်အချက်ကို ဂျပန်လူငယ်အများးအပြားက မသိရကြသလို လက်လည်းမခံကြပေ။ ၎င်းတို့၏သင်ရိုးညွှန်းတမ်းအပြင်ကို ထွက်ရန်မကြိုးစားသူများက များပြားသည်။
စစ်အတွင်း ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ မြန်မာအပါအဝင် အာရှနိုင်ငံများမှ မိန်းကလေးငယ်များကို နည်းအမျိုးမျိုးဖြင့် စုဆောင်းပြီး ဂျပန်စစ်တပ်အတွက် လိင်ကျွန်များအဖြစ် အသုံးချခဲ့သည့်အဖြစ်ကို စစ်ကြီးပြီးဆုံးပြီးသည့်နောက် နှစ်ပေါင်း ၅၀ ကျော်သည့်တိုင် ဝန်ခံရန်၊ ဝန်ချတောင်းပန်ရန် ဝန်လေး နေဆဲဖြစ်သည်။ ဂျပန်နည်းတူ ဒုတိယကမ္ဘာစစ်အတွင်း စစ်တရားခံ့ဖြစ်ခဲ့သော ဂျာမနီနိုင်ငံတွင်မူ ကျောင်းစာများ၊ တက္ကသိုလ်သင်ရိုးများတွင် စစ်အတွင်းအဖြစ်အပျက်များကို ထည့်သွင်းဖော်ပြထား သည်ကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ကြောင့်သမိုင်းကိုဖျောက်ရန်၊ ဖော့ရန်ကြိုး စားကြသည့် လူကြီးများနှင့် အမှန်ကိုဖော်ထုတ်သိရှိလိုသူ လူငယ်အချို့အကြား ပဋိပက္ခများပင်ရှိခဲ့ သည်။
သမိုင်းမှန်ဟူသည် အာဏာပိုင်များက ရေးသော သမိုင်းမဖြစ်ရသလို မိမိလိုရာဆွဲပြီး အကျိုးအမြတ် ရရန် လှည့်ဖြားရေးသားခြင်း မပြုရပါ။ ထို့ကြောင့်ပင် လွတ်လပ်သောနိုင်ငံများတွင် အာဏာပိုင်များနှင့် နိုင်ငံရေးအဖွဲ့အစည်းများကရေးသော သမိုင်းထက်လွတ်လပ်သော သမိုင်းသုတေသီပညာရှင်များက ရေးသောသမိုင်းကပို၍ ယုံကြည်အလေးထားခံရသည်။
မြန်မာနိုင်ငံ၏ကျောင်းသင်ခန်းစာများတွင် သမိုင်းမှန်၊ သမိုင်းမှားထက် သမိုင်းစာကို ရှာမတွေ့ဖြစ်နေ သည်ဟု ရန်ကုန်အခြေစိုက် သမိုင်းဆရာတစ်ဦးက ပြောဖူးသည်။ မဝေးကွာသေးသောအတိတ်က မြန်မာနိုင်ငံအတွက် အရေးကြီးလှသော သမိုင်းကို ယနေ့သမိုင်းသင်ခန်းစာများတွင် မတွေ့ရပါ။ ဗိုလ်တေဇ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း ဦးဆောင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးသမိုင်းကို ၁၅ နှစ်သားကျောင်းသားက မကြားဖူး။ မဖတ်ခဲ့ဖူးဟုဆိုသည်။ အာဇာနည် ကိုးဦး၏ အမည်ကိုမဆိုထားနှင့် ၎င်းတို့ကိုဘာကြောင့် အာဇာနည်ဟု သတ်မှတ်သည်ဆိုသည်ကိုပင် မသိသည့် ကလေးများရှိနေ ကြောင်း ပြည်တွင်းမီဒီယာလေ့လာချက်တစ်ခုတွင် တွေ့ရသည်။ ထိုကလေးများအတွက် ကမ္ဘာ့သမိုင်း ဗဟုသုတများက ပို၍ဝေးနေလေတော့သည်။
မိမိသမိုင်းမှန်ကို မသိသူသည် ဇာတိမာန် ပျောက်လျှင်လည်း ပျောက် (သို့တည်းမဟုတ်) လွဲမှားသော ဇာတိမာန်တက်လျှင်လည်း တက်လိမ့်မည်ဟု လူမှုရေးသိပ္ပံပညာရှင်များက ဆိုသည်။
သမိုင်းသိမှ မိမိ၏လူမျိုး၊ နိုင်ငံဂုဏ်ကို ယူနိုင်မည်။ ဂုဏ်ယူရာတွင်လည်း အဖြစ်မှန်ပေါ်အခြေခံပြီး မည်သည့်အချက်၊ မည်သည့်ဖြစ်ရပ်အပေါ် ဂုဏ်ယူသင့်သည်။
မည်သည့်အချက်ဖြစ်ရပ်ကိုဖြင့် သမိုင်းတစ်ပတ်မလည်အောင် ကြိုးစားကာကွယ်ရမည်ဆိုသည်များကို သိလာနိုင်မည်ဖြစ်သည်။
လူမျိုးဘာသာ ပေါင်းစုံနှင့်ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြောင်းရွှေ့လာသူများဖြင့် တည်ထောင်ထားသော အမေရိကန်ပြည်ထောင်စုတွင် ပြောင်းရွှေ့လာသူများက မိမိတို့၏သမိုင်းနှင့်ယဉ်ကျေးမှုကို ပြန်လည် လေ့လာကြသည်။
အမေရိကန်နိုင်ငံကို စပိန်နိုင်ငံမှပြောင်းရွှေ့နေထိုင်ခဲ့သူ ထင်ရှားသောဒဿနပညာရှင် စာရေးဆရာ ဂျော့ဆန်တာယာနာက "အတိတ်ကို မမှတ်မိသောသူသည် အမှားကို ပြန်လုပ်မည့်သူဖြစ်သည်" ဟုဆိုခဲ့သည်။
သမိုင်းတွင် နိုင်ငံများကအမှားကိုထပ်ခါထပ်ခါ ပြုလုပ်နေသည်များ ရှိသည်။ အတိတ်ကို မဆင်ခြင်နိုင်၍ အတိတ်ကို မသုံးသပ်နိုင်၍ ဖြစ်သည်။ ထိုသို့ဆင်ခြင်ရာတွင်လည်း အုပ်ချုပ်သူလူတစ်စုကသာ ပြုလုပ် ရသည်မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဆင်ခြင်မှသာလျှင် သမိုင်း၏အမှားများကို ထပ်မံပြု လုပ်ခြင်းမှ ရှောင်ကွင်းနိုင်မည်ဖြစ်သည်။
သမိုင်းကို လွတ်လပ်သော နိုင်ငံတွင်သာ အသေအချာရေးနိုင်သည်ဟုလည်း ၁၇ ရာစု၏ အရေးပါဆုံး စာရေးဆရာတစ်ဦးဖြစ်ခဲ့သူ ဗော်တဲက ဆိုခဲ့သည်။ သူသည်စာအုပ်ပေါင်းနှစ်ထောင်ကျော်နှင့် ပေးစာ ပေါင်းနှစ်သောင်းကျော် ရေးခဲ့သူဖြစ်ပြီး သမိုင်းဆရာများအနေနှင့် သမိုင်းကိုဘာသာရေး၊ လူပုဂ္ဂိုလ်၊ ဒေသအမြင်အစရှိသည့် လွှမ်းမိုးထိန်းချုပ်မှု ကင်းကင်းနှင့် ရေးသားသင့်ကြောင်း အစပြုတွန်းအားပေးခဲ့ သူဖြစ်သည်။ သမိုင်းတွင် အုပ်ချုပ်သူလူပုဂ္ဂိုလ်ကို ဗဟိုပြုရေးသားနေသည့် ပုံစံခွဲထွက်ပြီး တိကျမှန် ကန်စွာဖြင့် အချက်အလက်များ၊ ဓလေ့ထုံးစံ၊ ဥပဒေ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေးနှင့် လူဦးရေ စသည်တို့ကို ဦးစားပေးရေးသည့် ခေတ်သစ်သမိုင်းရေးသားခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြခဲ့သူလည်း ဖြစ် သည်။
အာဏာရှင်အုပ်ချုပ်မှုကို ရာစုနှစ်ထက်ဝက် ကြုံတွေ့ရသောမြန်မာနိုင်ငံအတွက်လည်း မပြည့်စုံမကုန် လုံခဲ့သော သမိုင်းများကိုသာ ကျောင်းစာများအပါအဝင် တရားဝင်မှတ်တမ်းများတွင် အုပ်ချုပ်သူများ၏ ဆန္ဒအရစာထက် အက္ခရာတင်ခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပါ။ မင်းပြောင်းမင်းလွဲတိုင်းတွင် လည်း သမိုင်းများကို ပြောင်းလဲဖော်ပြခဲ့ကြသည်။ ပြုပြင်ပြောင်းလဲလာသော ယနေ့အခြေအနေတွင်မူ လူငယ်မျိုးဆက်များ သိရှိသင်ယူသင့်သည့် နိုင်ငံ့သမိုင်းကြောင်းကို ကျောင်းသင်ခန်းစာများတွင် များ မကြာမီ ပြည့်ပြည့်စုံစုံ ဖော်ပြပေးနိုင်လိမ့်မည်ဟုပင် မျှော်လင့်လိုက်ရပါသည်။
7 Day DailyNo.197, Nov-7, 2013
http://www.maukkha.org/index.php/feature-article/4203-2013-11-10-12-31-26

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။