ကိုသောင်း ပုလဲမြေ
တစ်ခါသော် ဘုရင်ကြီးတစ်ပါး တိုင်းခန်းလှည့်လည် ထွက်သတဲ့။ တိုင်းခန်းလှည့်ပြီး ပြန်လာချိန် စီးတော်ခြေနင်းဖိနပ်ရဲ့အခံက မကောင်းလေတော့ သူ့ခြေထောက်ကို ကြည့်လိုက်တဲ့ အချိန်မှာ သွေးခြေဥတဲ့နေရာ ဥ၊ ယောင်ကိုင်းနေတဲ့
နေရာက ယောင်၊သွေးစို့တဲ့နေရာက သွေးစို့နဲ့။ သူ့တိုင်းပြည်မှာ ရှိနေတဲ့ လမ်းတွေက ကမူတွေ၊ ချိုင့်တွေ၊ ကျောက်ခဲတွေ စလုံးစခုနဲ့ဆိုတော့ ဘုရင်ကြီးရဲ့ ခြေဖ၀ါးတော်နုနုသွေးခြေဥပြီပေါ့။ ဒါနဲ့ မူးမတ်တွေကို မိန့်တယ်။
“ မူးမတ်တို့ နာခံလော့.. ရွှေမြို့တော်ကြီးရဲ့ လမ်းတွေက စုတ်ပြတ်နုံချာလွန်းတယ်.. ငါကိုယ်တော်မြတ် လမ်းလျှောက်ရတာ အဆင်မပြေဘူး.. ငါ့ခြေထောက်တွေ နာကျင်ဒဏ်ရာရကုန်ပြီ။ ဒီတော့ နောက်.. ငါ တိုင်းခန်းလှည့်ချိန် ခြေထောက် မနာမကျင်ရအောင် မြို့တော်ကြီးမှာရှိတဲ့ နွားမှန်သမျှရဲ့
သားရေကိုယူပြီး လမ်းတိုင်းမှာ အမြန်ခင်းစေ..အမိန့်...” လို့ အမိန့်ထုတ်ပြန်လိုက်သတဲ့။
အဲ့ဒီမှာ မူးမတ်တွေအချင်းချင်း တီးတိုးသဖန်းပိုးလုပ်ရင်း ခေါင်းတွေ ကုတ်ကုန်ကြရော။ ဒီလောက်ကျယ်ပြောတဲ့ ရွှေမြို့တော်ကြီးရဲ့ လမ်းတွေ အကုန်လုံးကို ဘယ်လိုများ နွားသားရေနဲ့ခင်းရပါ့။ တစ်မြို့လုံးမှာ ရှိနေတဲ့ နွားတွေအားလုံးရဲ့သားရေတွေ
ပေါင်းရင်တောင် လောက်ငမယ်မထင်။ အလုပ်ရှုပ်တဲ့အပြင် ကုန်ကျစရိတ်တွေလဲ မနည်းမနော ကုန်ဦးမယ်... စသဖြင့်
ပြောသူကပြော။ ဒါ ခွင်ပဲ၊ နွားဈေးတွေတက်မယ်၊ နွားဈေးတက်ရင် စပါးဈေးတက်မယ်၊ စပါးလှောင်ထားမှ ဆိုသူကဆိုနဲ့ ကြွက်စီကြွက်စီ
ပြောကုန်ကြပါရော။ ဒါနဲ့ အရေးဆို ဘာမှမလုပ်တတ်တဲ့ မူးကြီးမတ်ကြီးတွေက ထုံးစံအတိုင်း ရွှေမြို့တော်ကြီးရဲ့ လမ်းကို နွားသားရေ အမြန်ခင်းဖို့ ကန်ထရိုက်တွေကို တင်ဒါခေါ်ယူလိုက်တယ်။
အဲ့ဒီမှာ နိုင်ငံတော်ရဲ့ကန်ထရိုက်ဆို အမြဲရနေကြ ကန်ထရိုက်တာ ကြီးလတ်ငယ်မဟူ အပြိုင်းအရိုင်း တင်ဒါရအောင်
လျှောက်ကြပါလေရော။ လုပ်ငန်းကျွမ်းကျင်တဲ့ ကန်ထရိုက်က ဆိုင်ရာပိုင်ရာဆီ ၀င်လှုပ်ရှားဖို့ ပြင်ဆင်၊ မကျွမ်းကျင်တဲ့ ကန်ထရိုက်များကတော့ နွားတစ်ကောင် သားရေဘယ်နှစ်ကိုက် ထွက်မယ်၊ နွားတွေကို ဘယ်ဈေးပေးပြီး လိုက်သိမ်းမယ်၊ နွားအဓိက ရနိုင်မဲ့နေရာက ဘယ်ဒေသ စသဖြင့် တွက်ချက်ကုန်ရောတဲ့။ မြို့မှာရှိသမျှ နွားပိုင်ရှင်တွေလဲ သူတို့နွားတွေ ဖွက်တန်ဖွက်၊ သူတို့နွားတွေ ဘယ်ဈေးရမှ ထုတ်ရောင်းမယ်ဆို ဈေးခေါ်လိုခေါ်နဲ့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲကို ဖြစ်နေရော။
အဲ့ဒီလို ရွှေမြို့တော်ကြီးရဲ့လမ်းတွေကို နွားသားရေနဲ့ခင်းတော့မယ်ဆိုတဲ့ သတင်းက တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေချိန် အဲ့ဒီသတင်းကို ကြားမိတဲ့ မြို့ပြင်အစွန်အဖျားက သူဆင်းရဲသားလေးက ဒီကိစ္စအတွက် ဘုရင်ကြီးနဲ့ တွေ့ချင်ပါတယ်ဆို တစ်စခန်းထပြီး ရွှေမြို့တော်ရဲ့ မီဒီယာတွေကတဆင့် ဘုရင်ကြီးကို ဆက်သွယ်ဖို့ ကြိုးစားသတဲ့။ မီဒီယာတွေရဲ့စာမျက်နှာမှာ သူဆင်းရဲသားလေးရဲ့ ရုပ်ပုံတွေ ဖလန်းဖလန်းထနေတာ မမြင်ချင်မှအဆုံး၊ ပလူကိုပျံနေတာပဲတဲ့။ ဘယ်လိုပဲ ကြိုးစားကြိုးစား သူလို သူဆင်းရဲသားကို ဘုရင်ကြီးက ဖုတ်လေတဲ့ငပိ ရှိလေတယ်လို့တောင် မထင်ဘူးတဲ့။ မြို့သူမြို့သားတွေကလဲ သူဆင်းရဲသားကို ဂေါက်နေပြီ ငကြောင်.. သူတို့ဟာသူတို့ လမ်းတွေ ခင်းချင်တာနဲ့ခင်း၊ ငါတို့လဲ လျှောက်တတ်သလို လျှောက်နေရတာ အသားကျနေပြီပဲ၊ ရူးနေတာ.. နာချင်လို့ပါကွာလို့ ပြောကြသတဲ့။
ဒီလိုနဲ့ သူဆင်းရဲသားလဲ ဘုရင်ကြီးနဲ့တွေ့ဖို့ ဘယ်လိုမှ ကြိုးစားလို့မရတဲ့အဆုံး
ရွှေမြို့တော်ကြီးရဲ့ ဟစ်တိုင်ကနေ သွားဟစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီ ဟစ်တိုင်နေရာက အော်လိုက်ရင် ဘုရင်ကြီးရဲ့နန်းတော်အိပ်ဆောင်အထိ အသံရောက်တဲ့နေရာလေ။ အဲ့ဒီနေ့က ဟစ်တိုင်တစ်ခွင် လာရောက်ကြည့်သူတွေနဲ့ အုန်းအုန်းကိုထလို့။ သူဆင်းရဲသားလေးက စဉ်းစားတယ်။ ငါတို့ရွှေမြို့တော်ကြီးက တစ်ခုခုဆို ၀က်ဝက်ကွဲနေလိုက်တာ၊ ဘာလိုလိုနဲ့ ငါလည်း အတော်အရေးပါ အရာရောက်နေပါရော့လား၊ ငါ့မှာ စားချိန်အိပ်ချိန်တောင် မအားလပ်ရအောင် အင်တာဗျူးတွေဖြေရ၊ ဓာတ်ပုံတွေ အရိုက်ခံရနဲ့ဆို တွေးမိသတဲ့။ အို..ဘယ်လိုဖြစ်ဖြစ် ပြောစရာရှိတာကိုတော့ ငါပြောမှဖြစ်မယ်ဆို ဟစ်တိုင်ပေါ် တက်ပြီး အော်လိုက်သတဲ့။
“ အရှင်မင်းကြီး.. ရွှေမြို့တော်တစ်ခုလုံးရဲ့ လမ်းတွေကို တစ်မြို့လုံးမှာရှိသမျှ နွားတွေရဲ့သားရေနဲ့ခင်းမယ်ဆို ကုန်ကျစရိတ်များလှပါတယ်။ အဲ့ဒီတော့ နွားတစ်ကောင်လောက်ရဲ့ သားရေနဲ့သာ အသုံးပြုပြီး အရှင်မင်းကြီးရဲ့ စီးတော်ဖိနပ်ကို
သေချာချုပ်လိုက်ပါ။ ဒါဆိုရင် တန်ဖိုးနည်းနည်းနဲ့ အရှင်မင်းကြီးရဲ့ ပြဿနာ ပြေလည်သွားမှာပါ ” လို့ ဟစ်လိုက်သတဲ့။
ဟစ်ပြီးလို့ ဘယ်လောက်မှတောင်မကြာသေးဘူး၊ ရွှေနန်းတော်က မူးမတ်တွေ ရောက်လာပြီး “ မင်းကြီးက မောင်မင်းရဲ့အကြံကို သဘောကျနှစ်ခြိုက်လွန်းလို့ ဆုလာဘ်တွေ ချီးမြှင့်ချင်တာမို့ နန်းတော်ကို တစ်ပါတည်း လိုက်ခဲ့ပါ”ဆို အခမ်းအနားနဲ့တကွ ဝေါတော်နဲ့ လာပင့်သတဲ့။
ဘေးက ၀ိုင်းကြည့်နေသူတွေလဲ သူဆင်းရဲသားကို အားကျပြီး လက်ခုပ်လက်ဝါးတီး အားပေးသတဲ့။
လမ်းခင်းဖို့ တင်ဒါလျှောက်မယ့် ကန်ထရိုက်တွေကတော့ “ဒင်းကြောင့် ငါတို့ ခွင်ပိတ်သွားပြီ” ဆို သူဆင်းရဲသားကို တဖွဖွ ကျိန်ဆဲလို့။
အဲ့ဒီနေ့က နန်းတော်ထဲကနေ ကျီးကန်းတစ်အုပ်လန့်ပြီး ပျံထွက်လာသတဲ့။။
****
နောက်ရက်တွေ တိုင်းခန်းလှည့်ချိန်မှာ ဘုရင်ကြီးမျက်နှာက ပြုံးရွှင်ပြီး စိတ်လက်ပေါ့ပါးနေတာမို့ သူ့ရဲ့ခြေနင်းတော်ကို ကြည့်လိုက်တဲ့အခါ အင်မတန်မှ တောက်ပနူးညံ့တဲ့ သားရေနဲ့ ကျက်ထားတဲ့ ခြေနင်း အသစ်တစ်ရံကို စီးထားတော်မူတာ တွေ့ရသတဲ့။
မြို့တော်သူမြို့တော်သားတွေကတော့ ရွှေမြို့တော်ကြီးရဲ့ စလုံးစခုလမ်းတွေပေါ်မှာ အရင်လိုပဲ သွားလာနေကြတုန်း...။
လမ်းခင်းမဲ့ ကန်ထရိုက်တွေကလဲ ဘုရင်ကြီးခြေထောက် ထပ်နာမဲ့အချိန်ကို စောင့်လို့..။
နန်းတော်ထဲကနေ ပြန်ထွက်မလာနိုင်တော့တဲ့ သူဆင်းရဲသားလေးကို ဘယ်သူမှ သတိမရကြတော့ပါဘူး။
(မြသွေးနီ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။