Eternal Light Magazine
“လူငယ်နှင့် အနာဂတ်”
လယ်တွင်းသားစောချစ်
လယ်တွင်းသားစောချစ်
ဘ၀ပေးအခြေအနေ မည်သို့ပင်ရှိစေကာမူ ရိုးသား၊ ကြိုးစားသူများအတွက် အနာဂတ်ကောင်းများရှိပါသည်။ ဘ၀ပေးအခြေအနေကောင်းပါလျက် ရိုးသားကြိုးစားမှုမရှိလျှင်လည်း အနာဂတ်မကောင်းနိုင်ပါ။
မည်သူမပြု မိမိမှုဆိုသကဲ့သို့ လူငယ်တိုင်း မိမိတို့၏အနာဂတ်အတွက် မိမိတို့ကိုယ်တိုင် ရိုးသားကြိုးစားရမည်။ ရိုးသားခြင်းကို ကြိုးစားခြင်းနှင့် တွဲလျက် ဖော်ပြရသည်မှာ ကြိုးစားခြင်းက အရေးကြီးသကဲ့သို့ ရိုး...သားခြင်း ကလည်း အရေးကြီးသောကြောင့် ဖြစ်ပါသည်။ ကြိုးစားသော်လည်း ရိုးသားမှုမပါလျှင် မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အောင်မြင် လျှင်ပြီးရောဟု ယူဆပါက မမှန်သောအောင်မြင်မှုသည် တည်ငြိမ်ခိုင်မာခြင်း မရှိပါ။ တရားသည်ဖြစ်စေ မတရားသည် ဖြစ်စေ ချမ်းသာလျှင်ပြီးရောဟု ယူဆလျှင်လည်း မတရားနည်းနှင့် ချမ်းသာလျှင် အန္တရာယ်ရှိသည်။ စိုးရိမ်ပူပင်ရသည်။ စစ်မှန်သော ပျော်ရွှင်မှုကို မရနိုင်ပါ။ နောင်တတစ်ဖန် ပူပန်ရတတ်သည်။ လူအများ အထင်သေးအမြင်သေး၊ အပြစ်တင်၊ အပြော အဆိုဝေဖန် ခံရတတ်သည်။

လူတစ်ယောက်၏ဘ၀မှာ ရိုးသားခြင်း၊ စိတ်ကောင်းရှိခြင်း၊ သိတတ်ခြင်း၊ တရားမျှတခြင်း၊ အမှန်တရားကိုမြတ်နိုးခြင်းတို့မှာ အရေးကြီးသည်နှင့်အမျှ တန်ဖိုးလည်းကြီးပါသည်။ လမ်းကြောင်းများလည်း ပွင့်လင်းပါသည်။ အထောက်အပံ့ကောင်းများလည်း ရတတ်ပါသည်။ ကြိုးစားခြင်း၊ ကျွမ်း ကျင်ခြင်း၊ လုပ်ငန်းတော်ခြင်းသည် လူတော် ဖြစ်ပါသည်။ ရိုးသားခြင်း၊ စိတ်ကောင်းရှိခြင်း၊ တရားမျှတခြင်း၊ မှန်ကန်ခြင်းသည် လူကောင်းဖြစ်ပါ သည်။ လူတော်လူကောင်းကို လိုလားနှစ်သက်သူများပါသည်။ ထို့ကြောင့် လူတော်လူကောင်းအတွက် ထိုက်တန်သောနေရာကောင်းများစွာ ရှိနေပါသည်။
မိမိကိုယ်ကို မကျေနပ်ခြင်း၊ မိမိဘ၀ကို မကျေနပ်ခြင်း၊ မိဘကို မကျေနပ်ခြင်း၊ ပတ်ဝန်းကျင်ကို မကျေနပ်ခြင်းတို့ဖြင့် လူငယ်များ မိမိဘ၀၏ အနာဂတ်ကောင်းများ ပျောက်မနေစေသင့်ပါ။
ရိုးသား၊ ကြိုးစားခြင်းဖြင့် အနာဂတ်ကောင်းများ ရရှိနိုင်ကြပါစေ။
လယ်တွင်းသားစောချစ်
Eternal Light Magazine
November 2013
လူငယ်နှင့်အနာဂတ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။