Khaing Soelynn
ဘယ်သူတွေ တိုင်းပြည် ဘယ်လောက် ချစ်သလဲ မှတ်ကျောက်တင်မည့် အချိန်အခါ
လူဆိုသည်က မူလ အရိုင်းအတိုင်း ဆိုလျှင်တော့ အတ္တ ဗဟိုပြု၍သာ စဉ်းစားတတ်
သူများဖြစ်၏။ မိမိလိုချင်တာရအောင် အားထုတ်ကြိုးပမ်းမည်၊ မိမိ မလိုချင်တာ မရအောင် ခုခံ တွန်းလှန်မည်၊ ဆန့်ကျင် တိုက်ခိုက်မည်။ အဲဒါကြောင့်ပင် အတ္တသမားတွေ စုဝေးနေထိုင်ရာ၊ သို့မဟုတ် မလွှဲမရှောင်သာ တိုးဝှေ့ နေထိုင်မိရာ ပတ်ဝန်းကျင်များမှာ ပဋိပက္ခတွေ များကြခြင်း ဖြစ်သည်။ ပဋိပက္ခတွေကြောင့် အပြန်အလှန် တိုက်ခိုက် ဖျက်ဆီးကာ သူလည်း လိုတာမရ၊ ကိုယ်လည်း လိုတာမရ၊ သူလည်း မလိုတာရ၊ ကိုယ်လည်း မလိုတာရ ဖြစ်ကြသည်။
သို့သော်၊ လူသည် အရိုင်းသက်သက်တော့ မဟုတ်။ မိသားစု၊ ရပ်ရွာ၊ တိုင်းပြည် စသည့် လူမှုအသိုင်းအ၀ိုင်းနှင့် နေထိုင်တတ်သူဖြစ်၍၊ အသိုင်းအ၀ိုင်းနှင့် သဟဇာတ ဖြစ်စေမှု အလို့ငှာ လည်းကောင်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်ရခြင်း၏
အကျိုးကျေးဇူးများကို ခံစားရရှိရန် အလို့ငှာ လည်းကောင်း၊ မိမိချစ်ခင်နှစ်သက်သော
မိမိ အသိုင်းအ၀ိုင်း၏ အကျိုးစီးပွား အလို့ငှာ လည်းကောင်း၊ အတ္တကို ထိန်းသိမ်း၍ ကျိုးကြောင်း သင့်မြတ်စဉ်းစားတတ်သူလည်း ဖြစ်သည်။ လူ့အဖွဲ့အစည်းတိုင်းမှာ အဲသည်လို ကျိုးကြောင်း သင့်မြတ်စွာ စဉ်းစားတတ်သူတွေ ရှိဖို့ လိုသည်။
ဏ်အမြော်အမြင်ရှိသူ၊ စိတ်ကောင်း စေတနာကောင်း ပြည့်ဝသူများ။ တစ်နည်းပြောသော်၊ လူတော်လူကောင်းများ။ သည်လို လူမျိုးတွေ များပြားနေမှ တိုင်းပြည် အေးချမ်းသာယာသည်။ ဖွံ့ဖြိုးတိုးတက်သည်။ ၊
သည်ကနေ့မြန်မာပြည်မှာ လူတော်လူကောင်းတွေထွက်ပေါ်ဖို့ အထူးလိုအပ်နေသည်။ ကျွန်တော်တို့သည် ရှည်ကြာသောနှစ်ကာလတွေအတွင်း အချင်းချင်းကြား ပဋိပက္ခ
တွေများပြားခဲ့သည်။ အစိုးရနှင့်တိုင်းသူပြည်သား မသင့်တင့်ခဲ့။ ဗမာလူများစုနှင့် လူနည်းစုတိုင်းရင်းသားများ စိတ်ဝမ်းကွဲပြားခဲ့သည်။ ပဋိပက္ခများကြောင့်
သူရောကိုယ်ပါ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရသည်။
သည်ကနေ့တော့ အားလုံး သင့်တင့်မှ သူရောကိုယ်ပါ ကောင်းကျိုးရှိမည် ဆိုတာ
နားလည်ကာ အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ပစ်ခတ်
တိုက်ခိုက်မှုတွေ ရပ်စဲကာ ရေရှည်တည်တံ့သော ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရေး စတာတွေ ပြောလာကြပြီ။ သင့်မြတ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကာ သူမကျေနပ်တာ ကိုယ် မကျေနပ်တာတွေပြောကြ၊ သူကျေနပ်အောင် ကိုယ်ဘာလုပ်
ပေးနိုင်မလဲ၊ ကိုယ် ကျေနပ်အောင် သူ ဘာလုပ်ပေးနိုင်မလဲ။ မေးမြန်းကြ တောင်းဆို
ကြ ညှိနှိုင်းကြ။ အဲဒါတွေ စတင်နေပြီ။
သည်အချိန်မှာ စိတ်ရှည်သည်းခံဖို့ သဘောထားကြီးဖို့ အလွန်လိုသည်။ မကျေနပ်တာတွေ ကျေနပ်အောင် အဖြေရှာဖို့ စကားပြောကြရင်းက စကားတွေ
လွန်ကျွံကာ ရန်ပွဲအသစ် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် သည်လို အချိန်အခါမှာ
ယခင့်ယခင်က ပုဂ်္ဂိုလ်အဆက်ဆက် ပြောဆိုခဲ့ကြပြီး၊ တကယ် မလုပ်ကြသဖြင့်
အာနိသင် ပျက်ပြယ်သလို ဖြစ်နေသည့် စကားတစ်ခုကို ပြန်လည် ဖော်ထုတ်
ပြောဆိုလိုသည်။
" မိမိအကျိုးနှင့် ပါတီအဖွဲ့အစည်းအကျိုးယှဉ်လာလျှင် ပါတီအဖွဲ့အစည်း အကျိုးကို ဦးစားပေးရမည်။ မိမိပါတီ အဖွဲ့အစည်း အကျိုးနှင့် တိုင်းပြည်အကျိုး ယှဉ်လာလျှင်
တိုင်းပြည်အကျိုးကို ဦးစားပေးရမည်။ ".... ဆိုသော စကား။
တကယ်တော့ အဲသည် စကားသည် ပါတီများ အဖွဲ့အစည်းများမှာ ပါဝင်နေသူများ
အတွက် လူတော် လူကောင်း ဖြစ်မဖြစ် စိစစ် အကဲဖြတ်နိုင်သည့် မှတ်ကျောက်
ဖြစ်သည်။ သည်ကနေ့ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အရေး၊
အာဏာ ခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးတွေ ပြောဆိုကြသည့် အခါကာလအဖို့
ဗမာ အပါအ၀င် ပြည်ထောင်စု တိုင်းရင်းသား နိုင်ငံရေးသမားများကို စိစစ် အကဲဖြတ်
ဖို့ ဆိုလျှင်မူ၊ မိမိအကျိုးနှင့် မိမိရပ်ရွာဒေသအကျိုးယှဉ်လာလျှင် ရပ်ရွာဒေသအကျိုးကို
ဦးစားပေး ရမည်။ မိမိရပ်ရွာဒေသအကျိုးနှင့် တိုင်းပြည်အကျိုး ယှဉ်လာလျှင် တိုင်းပြည်အကျိုးကို ဦးစားပေးရမည် ဟူသော ပြဋ္ဌာန်းချက်သည် မှတ်ကျောက်
ဖြစ်ရလိမ့်မည်။ မကြာမတင် ကာလမှာ မှတ်ကျောက် အတင်ခံကြ ရတော့မည်။ ၊
သည်ကနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ပြောဆိုကြသည့်အခါ အများစုက တပ်မတော်၏ အခန်းကဏ္ဍကို ထောက်ပြ ပြောဆိုလျက် ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်
တိုက်တွန်း ခြင်းသည် တပ်မတော်၏ အခွင့်အရေးများကို လျှော့ချလိုခြင်း
မဟုတ်ဘဲ ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီသည့် ပြည်သူ လေးစားချစ်ခင်သည့်
မြင့်မြတ်သော တပ်မတော်ကောင်းတစ်ခု ဖြစ်စေလို၍သာ ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။ တပ်မတော်ကို မှတ်ကျောက်တင်ကြည့်ခြင်း ပါပဲ။
တပ်မတော်က သည်မှတ်ကျောက်ကို လက်ခံ၍၊ သည်မှတ်ကျောက်ဖြင့်
အစစ်ဆေး ခံကာ လူတော်လူကောင်းဖြစ်ကြောင်း ပြမည်လား။
စောင့်မျှော် ကြည့်ရှုကြရလိမ့်မည်။
တစ်ဖန်၊ သည်ကနေ့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ
အပစ်ရပ် ကိစ္စ သဘော တူညီကြပြီးလျှင် နိုင်ငံရေး ဆွေးနွေးကြတော့မည်။
ဆွေးနွေးပွဲများကို သက်သေများ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုရှိစွာ ပြုလုပ်
ကြမည်ဆိုလျှင် အာဏာလက်ရှိ ပုဂ်္ဂိုလ်များရော တိုင်းရင်းသားအဖွဲ့အစည်း
ခေါင်းဆောင်များပါ မှတ်ကျောက်တင်ခြင်း ခံရလိမ့်မည်။ ဘယ်သူတွေသည်
တိုင်းပြည်အကျိုး ဘယ်လောက် ဦးစားပေးသလဲ။ အလားတူ။ လာမည့် ၂၀၁၅ ခုနှစ် မကုန်ဆုံးမီ ကာလအတွင်း ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံအတွက် အရေးကြီးသော ကိစ္စရပ်များကို ဖြေရှင်းရာ၌ မည်သို့မည်ပုံ ရပ်တည် ဆောင်ရွက်ကြသည် ဟူသော အချက်သည် သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စသော ပုဂ်္ဂိုလ်ကြီးများ၏ နိုင်ငံရေးအမြော်အမြင်နှင့်
နိုင်ငံချစ်စိတ်တို့ကို မှတ်ကျောက် တင်သွားလိမ့်မည်ဟု ရှုမြင်မိပါသည်။
ဖေမြင့် ၁၉-၁၁-၂၀၁၃
ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃ မှ ဆရာဖေမြင့်၏ ဆောင်းပါး ...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။