Burma-Newselite
“မျိုးဆက်သစ်နဲ့ အောင်ပွဲခံပါ”
လူတွေဟာ လှိုင်းလုံးကြီးတွေလို တရွေ့ရွေ့တအိအိ။ အနီအောက်ခံမှာ အပြာနဲ့ အဖြူကွတ်ထားတဲ့ကြက်ခြေခတ် အလံတွေကလည်းKarljohn လမ်းမပေါ်မှာ တဖြတ်ဖြတ်။ဆယ်နှစ်ဝန်းကျင်အရွယ် ရောင်စုံ ယူနီဖောင်း တွေဝတ်ပြီး လေမှုတ်တူရိယာတွေ၊ ဘင်ခရာတွေ တီးနေကြတဲ့ခလေးငယ်တွေက တက်တက်ကြွကြွ။ ပျိုပျို၊ ငယ်ငယ် အိုအို အရွယ်သုံးပါး နဲ့ မြို့တော်သူ မြို့တော်သားတွေဟာရီမောပျော်ရွှင်လို့၊ ဒုဂ်နပ် လို့ခေါ်တဲ့ ပိုးဖဲ နဲ့ ငွေပြားကပ် ၀တ်စုံတွေနဲ့ ၀င့်ဝင့်ကြွားကြွား။လူတိုင်းဟာ ဒီကနေ့မှာ အတောက်ပဆုံး အလှပဆုံးဝတ်စုံတွေနဲ့ အလံတွေကိုယ်စီကိုင်ပြီး လမ်းပေါ်မှာရော၊လမ်းဘေး ၀ဲယာ မှာရော ပြည့်ကြပ်နေအောင်
လျှောက်နေကြတယ်။ ပလက်ဖောင်းမှာ ခြေချစရာနေရာမရှိ။
သူတို့အားလုံး ပင်လယ်ကမ်းမြှောင် လက်တက် ကို မေးတင်ထားတဲ့
အော်စလို မြို့ရိုးကနေ မြို့လည်လမ်းမကြီးအတိုင်း ကြွေးကြော်သံတွေ၊ နိုင်ငံတော် သီချင်းတွေကို အားရပါးရဟစ်ဆိုပြီး တရွေ့ရွေ့ချီတက်နေတယ်။ သူတို့ဦးတည်နေတာက မြို့လည်ခေါင်ကို စီးမြင်နေရတဲ့ ဘုရင့်နန်းတော်ရာ ကုန်းမြင့်ဆီကိုပါ..။နန်းတော်ရင်ပြင်နဲ့ ဥယျာဉ်တလျှောက် လူတွေဟာ ပျားကောင်တွေနဲ့တူနေတယ်။ နော်ဝေးဘုရင်နဲ့မိဖုရားရယ် အိမ်ရှေ့ မင်းသားနဲ့ မင်းသမီး အပြင်သူတို့ရဲ့ ရင်သွေးနှစ်ယောက်နဲ့ မင်းမျိုးနွယ်တွေကနန်းတော် လေသာဆောင်ကနေ တန်းစီပြီး ချီတက်လာတဲ့ ခလေးတွေနဲ့ လူအုပ်ကြီးကို လက်တွေဝှေ့ရမ်းနှုတ်ဆက်ကြိုဆိုနေတယ်။
ဒီမြင်ကွင်းတွေကို နန်းရှေ့ စင်မြင့်တနေရာက ကရိမ်းတပ် ခေတ်မှီကင်မရာ တပ်ဆင်ထားတဲ့မီဒီယာအဖွဲ့တွေက စနစ်တကျမှတ်တမ်းတင်ပြီး
နော်ဝေးတနိုင်ငံလုံးကို ရုပ်မြင်သံကြားအစီအစဉ်တွေကနေ တိုက်ရိုက်ပြသနေတယ်။ ဒီနေ့ဟာ အော်စလိုတမြို့လုံးက လူတွေ လမ်းပေါ်ရောက်နေတဲ့ နေ့ဖြစ်တယ်။အ၀တ်အစားသစ်တွေနဲ့ တက်ကြွရွှင်ပျတဲ့နေ့ဖြစ်တယ်။ နော်ဝေးနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကြီးကို ရေးဆွဲ အတည်ပြုခဲ့တာ နှစ်ပေါင်း (၁၉၉)နှစ်ပြည့်တဲ့နေ့
့ဖြစ်တယ်။ နော်ဝေးနိုင်ငံမှာလူအစည်ကားဆုံးနဲ့ အပျော်ရွှင်ကြဆုံး ဂုဏ်အယူဆုံး အတက်ကြွဆုံး အမျိုးသားထုအောင်ပွဲနေ့လည်းဖြစ်တယ်။
နော်ဝေးတပြည်လုံးပျော်တဲ့နေ့ဖြစ်တယ်။
သူတို့ရဲ့ မူလ အစက(၈၀၀-၁၀၃၀) ပင်လယ်ကြီးကို အစာအိမ်လုပ်ပြီး ကျက်စားလှုပ်ရှားခဲ့တဲ့ဗိုက်ကင်းလူမျိုးတွေ တွေဖြစ်တယ်။ ရဲရင့်တယ်၊ စွန့်စားတယ်၊ ရိုးသားတယ်။ အင်္ဂလန်ကိုတောင်ခြိမ်းခြောက်မင်းမူခဲ့တဲ့ ပင်လယ်ဓားပြတွေလို့ ပြောရင်မမှားဖူး။ နိုင်ငံကို သြဇာရှိသူတွေကသူတလူ ငါတမင်း အုပ်ချုပ်ခဲ့တယ်။ ဗိုက်ကင်းယဉ်ကျေးမှုဟာ ဥရောပတိုက်မှာ အတော် သြဇာကြီးခဲ့တယ်။ ကျနော်တို့ဆီက ပုဂံခေတ်ထက်စောတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၈၀ ကျော်လောက်မှာတော့ ခရစ်ယာန်အယူဝါဒတွေ လွှမ်းမိုးလာပြီး ဘုရင်တပါးထဲ အုပ်ချုပ်တဲ့စနစ်အောက် ညီညွတ်ရေး ရသွားတယ်။ ဒီနေ့အထိ ခရစ်ယာန်ဘာသာလည်းနိုင်ငံတော် ဘာသာဖြစ်သွားတယ်။ ဘာသာရေးနေ့မြတ်တိုင်း အားလပ်ရက် ၊ ရုံးတွေ ကျောင်းတွေပိတ်ရက်ဖြစ်ပေမဲ့မေလ ၁၇ ရက်လို နိုင်ငံတော် ရုံးပိတ်ရက်လောက် မခမ်းနားဖူး။
ဒီနေ့လို ခမ်းနား ပျော်ရွှင်ဖို့ နော်ဝေးလူမျိုးတွေ နှစ်ပေါင်းရာနဲ့ချီပြီး ဒုက္ခတွေနဲ့ရင်းခဲ့ရတယ်။ တပါးနိုင်ငံတွေရဲ့ လက်အောက်မှာနေခဲ့ရတယ်။ ၁၃ရာစု အလယ်လောက် (၁၃၄၉) မှာသူတို့အားလုံး အမှောင်လွှမ်းတဲ့ခေတ် ထဲ ကျခဲ့တယ်။ ပုလိပ်ရောဂါကပ်ဆိုးကြီးကျခဲ့တယ်။ ၁၄ရာစုထဲအထိ ကပ်ရောဂါနဲ့သေဆုံး သွားကြတာ အဲဒီတုံးက တနိုင်ငံလုံးရဲ့ လူဦးရေ သုံးပုံနှစ်ပုံပဲကျန်ခဲ့တယ်။ မင်းမျိုးအနွယ်တွေ မူးမတ်တွေကအစ ရောဂါဘေး သင့်ကုန်လို့ နော်ဝေးလူမျိုး အထက်တန်းလွှာမင်းမျိုးဆက်တောင်
ပြတ်သွားတယ်။(အခုနောက်ပိုင်း မင်းဆက်က ဒိန်းမတ်မင်းသားတပါးကနေ ဆက်ခံလာတာဖြစ်တယ်။မျိုးဆက် ၃ဆက်ရှိသွားပြီ)
ကပ်ဘေးသင့်ရာကနေ နော်ဝေးအတွက် ပိုဆိုးတာက လွတ်လပ်ရေးပါ ဆုံးရှုံးသွားတာပဲ။ အိမ်နီးချင်းဒိန်းမတ်နိုင်ငံ လက်အောက် ရောက်သွားတယ်။ ဒိန်းမတ်ရဲ့ အစောင့်ရှောက်ခံဘ၀နဲ့ နှစ်ပေါင်း၄၀၀ လောက် နေလိုက်ရတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၀နီးပါး (၁၈၁၄) ကျမှ ဒိန်းမတ်ရဲ့ အုပ်ချုပ်ရေးဟာ အဆုံးသပ်သွားတယ်။ ဒါနဲ့ပဲ နော်ဝေးနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မေလ၁၇ ရက်မှာ အတည်ပြုနိုင်ခဲ့ရာက မေ(၁၇)
အောင်ပွဲကြီး ပေါ်ပေါက်လာတယ်။ နော်ဝေးတမျိုးသားလုံးပျော်ရွှင်စရာနေ့ထူးရက်မြတ်ဖြစ်သွားတယ်။
ဒိန်းမတ်အချုပ်အခြာက လွတ်မြောက်ပေမဲ့ နော်ဝေးရဲ့ စီးပွားရေးက ချို့တဲ့တယ်။ညီနောင် နိုင်ငံဖြစ်တဲ့ ဆွီဒင်နိုင်ငံရဲ့ အကူအထောက်ရနိုင်ဖို့ ဆွီဒင်နဲ့ ပြည်ထောင်စုဖွဲ့ပြီးနေခဲ့ရတယ်။ တပါးသြဇာခံဘ၀က မလွတ်ကျွတ်သေးဖူး။ ပြညသူတွေဆင်းရဲလွန်းလို့ အမေရိကန်ကို
ပြောင်းသွားကြတာအများကြီး။ လွန်ခဲ့နှစ်ပေါင်း ၁၀၀ ကျော်(၁၉၀၅)
လောက်ကျမှ လုံးဝလွတ်လပ်တဲ့နိုင်ငံ ဖြစ်သွားတာပါ။
ဒါတောင် နော်ဝေးနိုင်ငံဟာ ဒုတိယကမ္ဘာစစ် ၁၉၄၀ ကနေ ၁၉၄၅ အထိ ဂျာမဏီလက်အောက်ရောက်ခဲ့တယ်။ ခုခံမှုစစ်ပွဲတွေ မျိုးချစ်တွေနဲ့
ပြည်သူတွေရဲ့ ပြောက်ကျားတိုက်ပွဲတွေက ဂျာမဏီအုပ်ချုပ်ရေးကို ဒုက္ခပေးခဲ့တယ်။
ကမ္ဘာစစ်အပြီး စစ်လက်နက်နဲ့ ဗုံးဒါဏ်တွေ ကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့တာမျိုးမရှိပေမဲ့စီးပွားရေးကတော့ နလံမထူနိုင်သေးဖူး။ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ကအဓိကဆိုပေမဲ့ စိုက်ပျိုးရေးက တနှစ်မှ ၃လထဲစိုက်နိုင်တယ်။ လွန်ခဲ့တဲ့အနှစ် ၄၀ ကျော်
လောက်မှာတော့ပင်လယ်ရေအောက်ကနေ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကြောကြီးသွားတွေ့ပြီး ဒီကနေ့ဆို ကမ္ဘာ့ထိတ်တန်းအချမ်းသာဆုံး နိုင်ငံအဆင့်ရောက်သွားတယ်။
နော်ဝေးနိုင်ငံဟာ ချမ်းသာပေမဲ့ မနှစ်က စာရင်းအရ လူဦးရေ ၅ သန်းနီးပါးပဲ ရှိတယ်။ ရန်ကုန်မြို့ လူဦးရေ ကတောင် ပိုများနေသေးတယ်။ လူဦးရေနည်းတော့ ဆိုရှယ် ဒီမိုကရက်စနနစ်ကိုအကောင်အထည်ဖော်ရတာ ပိုပြီးလွယ်ကူဟန်တူတယ်။ ပိုပြီးအဓိကကျတာက အစိုးရက သန့်ရှင်းတယ်။
ပြည်သူတွေကိုလေးစားတယ်။ လူအချင်းချင်း တန်ဘိုးထားတယ်။
ပြည်သူတွေကလည်း ဆိုရှယ် လစ်စိတ်ဓာတ်တွေ ရှိကြတယ်။ အလုပ်ကျိုးစားတယ်။ အစိုးရ စီမံကိန်းအတိုင်း လိုက်ပါဖော်ဆောင်တယ်။ လာဘ်ပးလာဘ်ယူမှု အတော်လေးနည်းတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ် ယဉ်ကျေးမှုက အဆင့်မြင့်တယ်။ တယောက်နဲ့တယောက် ယိုင်းပင်း ကူညီတယ်။မခိုမကပ်စိတ်ရှိသလို စည်းကမ်းကြီးတယ်။ အခွင့်အရေးနဲ့ တာဝန်ကို ခွဲခြားနားလည်ပြီး မိမိတို့ရပိုင်ခွင့် အခွင့်အရေးကိုအထိအပါး မခံသလို တာဝန်သိစိတ် နဲ့လည်း မခိုမကပ် အလုပ်ကျိုးစားတယ်။
ဒီကနေ့နော်ဝေးနိုင်ငံဟာ ကမ္ဘာ့နေချင်စရာ အကောင်းဆုံး ထိတ်တန်း၅နိုင်ငံ အဆင့်ထက်ယုတ်လျှော့ သွားတာမျိုး မရှိ သလို အော်စလိုဟာလည်း ဒီနှစ်ဆိုရင် ဥရောပမှာ ကမ္ဘာလှည့်ခရီးသွားတွေကိုအဆွဲဆောင်ဆုံး
မြို့တော်စာရင်းဝင်နေတယ်။
တိုင်းပြည် ရဲ့ကြွယ်ဝမှုတွေကို နိုင်ငံဖွံ့ဖြိုးရေးနဲ့ပညာရေးသာမက သုတေသနနဲ့ ကလေးသူငယ်ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စတွေမှာ ပိုပြီး အသုံးချတယ်။ နိုင်ငံတကာမှာ ရင်းနှီးမြှုတ်နှံမှုမြောက်မြားစွာရှိတယ်။ သီးခြား စစ်တပ်အင်အား ကြီးကြီးမားမားမရှိသလို လက်နက်အင်အားခိုင်မာ
တောင့်တင်းတဲ့ နိုင်ငံလည်းမဟုတ်ဖူး။ ဒါပေမဲ့ နိုင်ငံသားတိုင်းစစ်မှုမထမ်း မနေရ ဥပဒေ ရှိပြီး အပျော်ထမ်းတပ်တွေ လည်းရှိတယ်။ အခုဆိုအမျိုးသမီး အပျော်တမ်းစစ်သည်တော်တွေတောင်လေ့ကျင့်သင်ကြားပေးနေတယ်။
စစ်ရေးအရနေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သလို နိုင်ငံတကာ အကြမ်းဖက် နှိမ်နင်းရေး စစ်ပွဲတွေမှာ နေတိုးတပ်တွေနဲ့အတူအချိုးကျ ပါဝင် တိုက်ပွဲဝင်နေတယ်။ စစ်ရေးနဲ့ ကာကွယ်ရေးစရိတ် မကြီးမားအောင် လုပ်ဆောင်နေပေမဲ့တဘက်မှာ ညူကလီးယားနဲ့ စစ်လက်နက်ထုတ်လုပ်မှု ဆိုင်ရာ သုတေသနနဲ့ နည်းပညာတွေကို လေ့လာဖော်ထုတ်
နေတာတွေ ရှိတယ်။
ဒီကနေ့လို တိုင်းပြည်တပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုဖော်ပြ့တဲ့
နေရာမှာတော့ နော်ဝေးဟာ သူများနဲ့မတူတဲ့ ထူးခြားမှုတွေ ရှိနေတယ်။ အဲဒါကဘာလဲဆိုတော့ ဒီလိုအခါသမယမှာ သူများနိုင်ငံတွေက စစ်အင်အားတွေလက်နက်ဆန်းတွေနဲ့ ချီတက်ကြပေမဲ့ နော်ဝေးကတော့ သူတို့ရဲ့ မျိုးဆက်ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုမျက်နှာတွေနဲ့ ချီတက်နေကြတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုတွေကိုအကြီးအကျယ်
ဖော်ထုတ်ပြသနေတာပဲဖြစ်တယ်။
တိုင်းပြည်ရဲ့တကယ့်ရတနာဟာ သစ်တောတွေ၊ ဓာတ်ငွေ့တွေ ပတ္တမြားတွေနဲ့ သယံဇာတတွေမဟုတ်ဖူး၊ သူတို့ရဲ့ ရင်သွေး ကလေးငယ်တွေဖြစ်တယ်ဆိုတဲ့ စကားလေးအတိုင်း ကလေးတွေ ကို ဦးစားပေးပြီး တိုင်းပြည်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံနေတာကို
တွေ့ရတယ်။ ကလေးတွေပညာရေး၊ ကလေးတွေ စွမ်းရည် စိတ်ဓာတ်မြင့်မားရေး၊ ကလေးတွေ ဒီမိုကရေစီနဲ့လူသားပီသတဲ့ သဘောထားတွေ အားပေးမြှင့်တင်နေသလို တယောက်နဲ့တယောက် ကူညီယိုင်းပင်းတတ်တဲ့ဆိုရှယ်အတွေးအခေါ်တွေကို ပျိုးထောင်ပေးနေတယ်။
အနာဂတ်မှာ နော်ဝေးနိုင်ငံကို ဆက်လက်ဦးဆောင်သွားမဲ့သူတွေဟာ ဒီကလေးငယ်တွေသာဖြစ်တယ်၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို
ဖော်ဆောင်မဲ့သူတွေဟာ ဒီကလေးငယ်တွေသာဖြစ်တယ်ဆိုတာကိုသူတို့ ဦးခေါင်းနဲ့ရော ရင်ဘတ်နဲ့ပါ အတိအကျယုံကြည်နေသူတွေဖြစ်တယ်။
ယနေ့လူငယ်တွေဟာ အနာဂတ်ခေါင်းဆောင်တွေဆိုတဲ့စကားကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနေတာ ရိုးနေပြီပါပြီ။ ဒါပေမဲ့ အဲဒီစကားရဲ့ လေးနက်မှုဟာကျနော်တို့ ဦးနှောက်နဲ့ အသဲနှလုံးမှာ မစွဲပါဖူး။ ပါးစပ်ဖျားလေးပေါ်က အပေါ်ယံကြွေးကြော်သံတွေပါ။ ဒီနိုင်ငံမှာတော့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို အလေးအနက်ယုံကြည်ပြီး လက်တွေ့ကျကျ စီမံကိန်းချလုပ်နေကြတယ်။
မိဘတွေကလည်း ကလေးတွေကိုစိတ်ပိုင်း ရုပ်ပိုင်း စနစ်ကျကျ ပျိုးထောင်နေတယ်။ ကျောင်းဆရာဆရာမတွေကလည်း ကလေးတွေ ပညာရေးသာမကစိတ်ဓာတ်နဲ့ လူ့ကျင့်ဝတ် ဆိုင်ရာကိစ္စတွေပါ သုတေသန လုပ်ပြီး သေသေချာချာ သင်ကြားပေးနေတယ်။ စာသင်တာတောင် သင်လို့ သင်မှန်းမသိအောင်ကို လက်တွေ့ဘ၀ထဲကနေ ပြသပေးနေတယ်။
ပျော်စရာ၊ စိတ်ဝင်စားစရာအခင်းအကျင်းတွေဖန်တီးပြီး ပုံသွင်းပေးနေတယ်။ နော်ဝေးနိုင်ငံမှာ ခိုလှုံရောက်ရှိလာတဲ့ဘာသာမတူ၊ လူမျိုးခြား၊ မျိုးရိုးဗီဇနဲ့ အသားအရောင်ကွဲ၊ စရိုက်လက္ခဏာ ခြားနားမှုတွေ အားလုံးကိုနေ့ခလေးထိမ်းကျောင်းနဲ့ စာသင်ခန်းတွေကနေ စက်ရုံတရုံထဲက ထုတ်လိုက်တဲ့ ပုံစံတူ အရုပ်တွေလိုလှလှပပဖန်တီးပေးနေပါတယ်။
နော်ဝေးနိုင်ငံရဲ့ နှစ်ပေါင်း ရာချီ ရာသီဥတုကြမ်းတမ်းမှု၊ အစားအစာရှားပါးမှု၊ ဆင်းရဲမွဲတေမှုနဲ့ တိုင်းတပါးလက်အောက် အသက်ရှင်သန်ရမှုတွေကနေ ဒီကနေ့ ရာစုသစ်ထဲမှာ ဂုဏ်သိက္ခာမြင့်မားစွာ သက်တောင့်သက်သာနဲ့ ခရီးဆက်နေပါတယ်။သူတို့ဟာ သူတို့ ဖြတ်သန်းလာတဲ့ ဘ၀ကို
ကောင်းကောင်းသိကြတယ်။ ကောင်းကောင်းတန်ဘိုးထားတယ်။ တချိန်ကဘ၀ဆိုးတွေကို မေ့မေ့ပျောက်ပျောက်မနေခဲ့သလို အနာဂတ် အတွက်လည်း အတွေးသစ်၊ အမြင်သစ်နဲ့စိတ်ဓာတ်အသစ်တွေမွေးကြတယ်။
ကိုယ့်ဘ၀ကို ပြည့်စုံအောင်မွေးမြူသလို အနာဂတ်မျိုးဆက်သစ်တွေကိုလည်း လှလှပပဖြစ်အောင် ဖန်တီးနေတယ်။ သူတို့ရဲ့ အောင်ပွဲကို မျိုးဆက်သစ်တွေက ဆက်ပြီးကြီးထွားအောင်လုပ်သွားမယ်ဆိုတာ မျက်စေ့မှိတ် မသွား ခင်ကတည်းက သူတို့ စိတ်ချလက်ချယုံကြည်နေပြီး
ဖြစ်တယ်။
နော်ဝေးနိုင်ငံရဲ့ အမျိုးသားအောင်ပွဲမြင်ကွင်းတွေကိုကြည့်ပြီး တွေးတော မုဒိတာပွားနေရင်းနဲ့..ကျနော်တို့ တတွေရော ကိုယ့်မျိုးဆက် ကလေးငယ်တွေ အတွက် ဘယ်လောက် အချိန်ယူ ပြင်ဆင်ထားပြီးပြီလဲ၊ ကိုယ့်ရဲ့ မျိုးဆက်သစ်တွေက ကိုယ့်အပေါ်ဘယ်လောက်ယုံကြည်ကြသလဲ၊ ကိုယ်ကရော ကိုယ့်မျိုးဆက်သစ်တွေကို ယုံကြည်စိတ်ချစွာ ချန်ထားရစ်နိုင်တဲ့ အခြေအနေမျိုး ရှိသေးရဲ့လား၊ မျိုးဆက်သစ်တွေ အတွက်ကိုယ်ဘာလုပ်ပေးဖို့ လိုအပ်နေသေးလည်း ဆိုတာတွေကို အပြန်ပြန်အလှန်လှန်နဲ့ ကိုယ့်ကိုယ်ကိုပဲပြန်မေးနေမိပါတော့တယ်။
ကိုညို(အော်စလို)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။