15 April 2013 |By ရိုးရာလေး
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (အတာသင်္ကြန် အကျနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင် ပွဲတော်၌ ပါဝင် ဆင်နွဲကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် နံနက် (၉) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော် သမ္မတ အိမ်တော် မြက်ခင်းပြင်ရှိ သမ္မတ အိမ်တော်ဝင်း မိသားစု မဟာသင်္ကြန် ရေကစား မဏ္ဍပ်သို့ ရောက်ရှိလာကြရာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတော် သမ္မတရုံး မိသားစုများက အောင်စံပယ် ပန်းကုံးများဖြင့် ဂါရဝပြု ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့က တက်ရောက်လာကြသူများနှင့် အနုပညာရှင် များအား အတာရေ ဖြင့် ပက်ဖျန်းကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် ဒုတိယ သမ္မတနှင့်ဇနီး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မိသားစုများနှင့်အတူ ခါသင်္ကြန် အဆိုအက များဖြင့် သီဆို ကပြ ဖျော်ဖြေမှုကို ကြည့်ရှုအား ပေးကြသည်။
အဆိုပါ ရေကစားမဏ္ဍပ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံခေတ်ပေါ် တေးဂီတ အဖွဲ့၊ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ယိမ်းအဖွဲ့ဝင်များနှင့် တေးသံရှင်များ၊ ရုပ်ရှင် အနုပညာရှင်များနှင့် တေးသံရှင်များက ခါသင်္ကြန် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတက ခါသင်္ကြန် အဆိုအကများဖြင့် ဖျော်ဖြေကြသည့် ရုပ်ရှင် အမေများအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်အား အတူတကွ ဆင်နွဲကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ ဒုတိယ သမ္မတနှင့်ဇနီး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ဇနီးတို့က သီဆို ကပြဖျော်ဖြေကြ သည့် ယိမ်းအဖွဲ့ဝင်များနှင့် အနုပညာရှင်များအား ဂုဏ်ပြု ဆုငွေများ ပေးအပ် ချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။