အနာကြီးရောဂါဆိုတာ ( leprosy ) ..........
“ အနာကြီးရောဂါဆိုတာ ( leprosy ) ..........”
ကူးစက်တတ်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ Mycobacterium Leprae လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရပါတယ်။ ဖြစ်ခါစမှာ အရေပြားပေါ်တွင် အဖြူကွက်၊ အနီကွက်နဲ့စပါတယ်။ ညှင်း၊ ပွေး (သို့) အခြားအရေပြားရောဂါတစ်ခုခုလို့ထင်ပြီး ပေါ့တတ်ကြ ပါတယ်။ နည်းနည်းရင့်လာတော့မှ အဲဒီအကွက်က သိသိသာသာထုံလာတာတို့၊ ချွေးမထွက်တာ၊ မွေးညင်းမပေါက်တာတို့ဖြစ်လာပါတယ်။ သိပ်နောက်ကျရင်ြေ
...ခလက်အင်္ဂါပျက်စီးချို့ယွင်းမှုတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ ခြေသိုင်းကျခြင်း၊ မျက်စိပိတ်မရခြင်း၊ လက်တွေ ခြေတွေ ကွေးကောက်ခြင်းစသည်တို့ တွေ့နိုင်ပါတယ်။
အနာကြီးရောဂါသည်တွေနဲ့အတူနေတဲ့ မိသားစုဝင်တွေကတော့ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ကျိန်စာသင့်တာ မဟုတ် ပါ၊ ကာလသားရောဂါ မဟုတ်ပါ။ အကြမ်းဖျင်းပြောရရင်တော့ မည်သည့် အသက်အရွယ်မဆို ကျား/မ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့် အတန်းမရွေးအကုန်လုံး ဖြစ်နိုင်ချေရှိပါတယ်။
ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်၊ အနီကွက် မသင်္ကာတာတွေ့ရင် ဒီနိုင်ငံမှာ အနာကြီးရောဂါ ထူထပ်ခဲ့ဖူးတော့၊ အနာကြီးရောဂါကို ရှေ့တန်းတင်ပြီး စဉ်းစားသင့်ပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ စစ်ဆေးစမ်းသပ် ရပါမယ်။ ပွေး၊ ၀ဲ၊ ညှင်းဖြစ်လို့ မကုဘဲထား ရင် ပြဿနာမရှိပေမယ့်၊ အနာကြီးရောဂါဖြစ်နေပြီး မကုဘဲထားရင် တဖြည်းဖြည်းနဲ့ ရောဂါရင့်သွားနိုင်ပါတယ်။ လိုအပ်ရင် အရေပြား အကွက်ပေါ်မှာ အသားစခြစ်ယူပြီး ဓါတ်ခွဲစမ်းသပ်ကြည့်ရှုစစ်ဆေးလို့ရပါတယ်။ ကလာပ်စည်းဗေဒဘာသာရပ် တိုးတက်နေပြီးဖြစ်တဲ့ အတွက် သာမန်ဆိုးဆေးများအပြင် ခေတ်မီ အထူးဆိုးဆေးများအသုံးပြုပြီး၊ အနာကြီးရောဂါပိုးကို စမ်းသပ်ရှာဖွေနိုင်နေပါပြီ။
အရင်တုန်းကတော့ ဒက်ပဆုံးဆေးနဲ့ပဲ ကုသခဲ့ကြရပါတယ်။ တစ်နေ့တစ်ကြိမ် မှန်မှန် နှစ်ရှည်လများသောက်ရပါတယ်။ အနားကြီး ရောဂါအစိုမျိုးဆိုရင် တစ်သက်လုံးသောက်ရပြီး၊ အခြောက်မျိုးဆိုရင် (၆)နှစ်လောက်သောက်ရပါတယ်။ အဲဒီမှာလူနာတွေက ဆေးကို မှန်မှန် မသောက်ချင်ကြဘူး၊ ညည်းငွေ့လာတယ်။ သောက်တစ်လှည့်၊ မသောက်တစ်လှည့် ဖြစ်လာတယ်။ ဒါကြောင့် ဆေးယဉ်ပါးမှု ပြဿနာ ပေါ်လာခဲ့ရတယ်။ ခုနောက်ပိုင်း (၁၉၈၈) ခုနှစ်ကစပြီးတော့ Multiple Drug Therapy (MDT)ဆေးပေါင်းကျွေး ကုသနည်းပေါ် လာတော့ ဆေးက အနည်းဆုံးနှစ်မျိုးကနေ၊ သုံးမျိုးထိသောက်ရပါတယ်။
ရောဂါပိုးကိုသတ်နိုင်တဲ့ စွမ်းအားလည်းပိုများလာတယ်။ အစိုအနာကြီး ရောဂါမျိုးအတွက် ဆေးသုံးမျိုး (၁)နှစ် သောက်ရပြီး၊ အခြောက်အနာကြီးရောဂါမျိုးအတွက် နှစ်မျိုး (၆)လ သောက်ရပါမယ်။ မှန်မှန်ကန်ကန်သာသောက်ရင် ပျောက်ကိုပျောက်ပါတယ်။ ရောပါပြန်ဖြစ်တဲ့နှုန်းလည်း အတော့်ကိုနည်းပါတယ်။ ဆေးယဉ်ပါးမှု ပြဿနာ လည်း နည်းပါတယ်။ ဆေးတွေကို နိုင်ငံတော်မှ အခမဲ့ပေးနေပါတယ်။ ကိုယ်လက်အင်္ဂါ ပျက်စီးချို့ယွင်းသွားရင်တော့ ဆေးကတော့ ဒီဆေးပဲ သောက်ရပါမယ်။ ပိုပြီး ဆိုးမသွားအောင်နဲ့ ချို့ယွင်းတာကိုလည်း ဂရုစိုက်ကုသမှုပေးရပါတယ်။
အရေးကြီးတဲ့ ပြဿနာတစ်ခု ပြောချင်ပါတယ်။ အဲဒါကိတော့ ဆေးပေါင်းသောက်နေတုန်းမှာ “ရောဂါကန်ခြင်း” ဆိုတာရှိတတ်ပါတယ်။ ခေတ္တခဏ ပိုဆိုးလာသလို ထင်ရတယ်။ ရောဂါကန်နေတဲ့ အချိန်မှာကြောက်ပြီး ပြန်မပြတော့ဘဲ၊ ဆေးဖြတ်ပစ်လိုက်ရင် အာရုံကြောတွေ ထိခိုက်ပျက်စီးပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသွားတတ်ပါတယ်။ ရောဂါကန်ခြင်းဖြစ်ပေါ်လာရင် ကျန်းမာရေးဌာနကို ချက်ချင်းပြန်လာပြရပါမယ်။ ရောဂါကန် ခြင်းကို ကုသတဲ့ဆေးတွေနဲ့ ကုပေးလို့ရပါတယ်။ ကိုယ်လက်အင်္ဂါချို့ယွင်းမှု သိပ်ဆိုးသွားရင်တော့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ရပါတယ်။ အရိုးအထူးကု ဆေးရုံတွေမှာရော၊ မြို့နယ်ဆေးရုံတွေမှာရော ခွဲစိတ်ပေးနိုင်ပါတယ်။ အချို့မြို့နယ်ဆရာဝန်တွေကို သင်တန်းတွေ လေ့ကျင့်ပေးထားပါတယ်။
ကိုယ်လက်အင်္ဂါ ပျက်စီးချို့ယွင်းပြီးမှ ခွဲစိတ်ကုသရတယ်ဆိုတာ အင်မတန်အကုန်အကျများပါတယ်။ လူနာအတွက်လည်း နစ်နာပါတယ်။ ခွဲစိတ်ပေးရတဲ့ ဌာနမျာလည်း အလုပ်များပါတယ်။ ဒါကြောင့် အနာကြီး ရောဂါဟာ ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ် တယ်။
ဆေးလည်းအခမဲ့ရတာဖြစ်တဲ့အတွက်ကြောင့် ကာယကံရှင်လူနာတွေဟာ မရှက်မကြောက်ဘဲ အရေပြားပေါ်မှာ မသင်္ကာတဲ့ အကွက်တွေ့ရင် စောစောစီးစီး အမြန်ဆုံးနီးစပ်ရာ ကျန်းမာရေးဌာနတွေကို ရဲရဲဝံ့ဝံ့နဲ့ သွားပြပြီး၊ ပေးတဲ့ဆေးကို ယုံကြည်စွာသောက်ပြီး ကုရင်ပျောက်နိုင်ပါတယ်။
Mg Mandalay စာကြည့်ခန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။