ကို စိန်သန်း
မွန်ဂိုလီးယား၊ ဒီမိုကရေစီ ကွန်မြူနီတီနှင့် ဒေါ်အောင်ဆန်းစုကြည်
( ရဲရင့်ငယ် ဘလောဂ်မှ ကူးယူဖေါ်ပြပါသည် )
မြန်မာနိုင်ငံထက် နှစ်ဆခွဲခန့် ကျယ်ဝန်းပြီး လူဦးရေ သုံးသန်းကျော်နှင့် ကုန်းတွင်းပိတ် မွန်ဂိုလီးယားနိုင်ငံသည် ဆိုဗီယက်ပြိုကွဲပြီး နောက်ပိုင်း ပါတီစုံ စနစ်နှင့်အတူ ဒီမိုကရေစီ ကွန်မြူနီတီတွင် ပါဝင်လာခဲ့သည်။ တရုတ်နိုင်ငံထံမှ လွတ်လပ်ရေးရပြီး ဆိုဗီယက် ပြည်ထောင်စုထဲတွင် အနေကြာခဲ့သော မွန်ဂိုလီးယား နိုင်ငံ၏ နိုင်ငံရေး သမိုင်းသည် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လေ့လာသူများအတွက် စိတ်ဝင်စားဖွယ်များ ပြည့်နှက်နေမည်မှာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နောက်ပိုင်း၊ နှစ်နိုင်ငံအကြား ဒီမိုကရေစီ ကူးလူးဆက်ဆံမှုများ ပိုမိုများပြားလာမည်ဆိုလျှင် နှစ်နိုင်ငံ ပြည်သူများအတွက် များစွာ အကျိုးရှိဖွယ် ရှိသည်ဟု မှတ်ချက်ပြုနိုင်သည်။
ဒီမိုကရေစီ ကွန်မြူနီတီ၏ ဖိတ်ကြားမှု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မွန်ဂိုလီးယား သမ္မတနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုသည် ဒီမိုကရက်တစ်နိုင်ငံ အစိုးရများနှင့် ဖွဲ့စည်းထားသော ဒီမိုကရေစီ ကွန်မြူနီတီ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိတ်ကြားခြင်း ဖြစ်သည်။ ကွန်မြူနီတီ၏ ၀န်ကြီးများအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ ကွန်မြူနီတီဝင် နိုင်ငံများ၏ ကိုယ်စားလှယ်များနှင့် တစုတစည်းတည်း တွေ့ဆုံဆွေးနွေးနိုင်မည့်အပြင် အတွေ့အကြုံနှင့် အမြင်များကိုလည်း ဖလှယ်နိုင်မည် ဖြစ်သည့်အတွက် အလွန်ကောင်းမွန်သော ခရီးစဉ်ဟု သတ်မှတ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယား သမ္မတနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဧပြီလ၂၇ ရက်မှ မေလ ၃ ရက်နေ့အတွင်း အလည်အပတ်ခရီး သွားရောက်ခြင်းဖြစ်သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဧပြီလ ၂၇ ရက်နေ့တွင် ထွက်ခွာခဲ့ပြီး မွန်ဂိုလီးယား သမ္မတနိုင်ငံ ဥလာအန်ဘာအာတာမြို့ (Ulaanbaatar) ကို ဧပြီလ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
ဧပြီလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ်ကြိမ်မြောက် Ministerial Meeting of the Community of Democracies ကို တက်ရောက်မည်ဖြစ်ပြီး၊ မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj နှင့်အတူ ဧပြီလ ၃၀ ရက်တွင် မွန်ဂိုလီးယားနှင့်မြန်မာ - လွတ်မြောက်မှုလမ်းနှင့် သင်ခန်းစာများ (‘Mongolian and Myanmar: Road to Freedom and Lessons Learned’) ခေါင်းစဉ်ဖြင့် သမ္မတအိမ်တော်၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားကို ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မစ္စတာဝါကော်ကာမန်လည်း တက်ရောက်မည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမှုများကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။ မွန်ဂိုလီးယား နိုင်ငံရေးသည်လည်း စိတ်ဝင်စားဖွယ်များနှင့် ပြည့်နှက်နေသည်ဟု သတ်မှတ်နိုင်သည်။
မွန်ဂိုလီးယားနိုင်ငံရေး
မွန်ဂိုလီးယား နိုင်ငံသည် အရှေ့နှင့် အလယ်အာရှဒေသရှိ ကုန်းပိတ်နိုင်ငံ ဖြစ်ပြီး၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြားတွင် တည်ရှိသည်။ လွှတ်တော်သမ္မတနိုင်ငံ ဖြစ်ပြီး သမ္မတကို တိုက်ရိုက်ရွေးချယ်သည်။ ပါတီစုံစနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရက လည်းကောင်း ဥပဒေပြုခွင့် အာဏာကို အစိုးရနှင့် လွှတ်တော်က လည်းကောင်း ပူးတွဲကျင့်သုံးသည်။ တရားစီရင်ရေးသည် အစိုးရနှင့် လွှတ်တော်တို့မှ သီးခြား ကင်းလွတ်သည်။ ၁၉၂၁ ခုနှစ် မွန်ဂိုလီးယား တော်လှန်ရေးမှ ၁၉၉၀ ပြည့်နှစ်အထိ ဆိုဗီယက်ပုံစံ တစ်ပါတီ စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ဆိုဗီယက် ပြိုကွဲပြီးနောက် ပထမဆုံး ပါတီစုံ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ မွန်ဂိုလီးယား ပြည်သူ့တော်လှန်ရေး ပါတီက အမတ်နေရာ ၈၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သမ္မတကို လွှတ်တော်မှ ရွေးချယ်သည့်နေရာတွင် တိုက်ရိုက်ရွေးချယ်သည့် ပုံစံနှင့် ပြင်ဆင်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် မှန်းဆသည်ထက် ပိုမိုသာလွန်သော အကျိုးရလဒ်ကောင်းများကို ဖြစ်ပေါ်စေခဲ့သည်မှာ နဖူးတွေ့ ဒူးတွေ့ဖြစ်သည်။ သို့သော် . . . .
မွန်ဂိုလီးယား လွှတ်တော်ကို အမတ် ၇၆ ဦးနှင့် ဖွဲ့စည်းပြီး သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ လွှတ်တော်အမတ် ၄၈ ဦးကို အုပ်ချုပ်ရေးခရိုင် ၂၆ ခုမှ တိုက်ရိုက်ရွေးကောက် တင်မြှောက်ပြီး ကျန်လွှတ်တော် အမတ် ၂၈ ဦးကို ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများ၏ မဲစုစုပေါင်းအပေါ် မူတည်လျက် အချိုးကျ ကိုယ်စားပြု ရွေးချယ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် မဲပေးမှသာ ရွေးကောက်ပွဲသည် အထမြောက်သည်။
ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးအဖွဲ့ဝင် ထက်ဝက် နုတ်ထွက်လျှင် အစိုးရကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ကျင်းပရသည်။ သမ္မတ သို့မဟုတ် လွှတ်တော်အမတ် သုံးပုံနှစ်ပုံသည် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်။ လွှတ်တော်ဥက္ကဋ္ဌသည် သမ္မတပြီးလျှင် ဒုတိယ အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အမျိုးသား လုံခြုံရေး ကောင်စီဝင်လည်း ဖြစ်သည်။ လက်ရှိလွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီက အမတ် ၃၃ နေရာ ရရှိထားပြီး မွန်ဂိုလီးယား ပြည်သူ့ပါတီ (ယခင် မွန်ဂိုလီးယား ပြည်သူ့တော်လှန်ရေး ပါတီ) က အမတ် ၂၅ နေရာ ရရှိထားသည်။ လွှတ်တော်တွင် သမ္မတလောင်းများကို ပါတီများက ရွေးချယ်ပြီး သမ္မတကို ပြည်သူလူထုက တိုက်ရိုက်မဲပေး ရွေးချယ်မည် ဖြစ်သည်။ သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်ပြီး ၀န်ကြီးချုပ်သည် အစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ၀န်ကြီးချုပ်သည် သမ္မတနှင့် တိုင်ပင်လျက် ၀န်ကြီးအဖွဲ့ဝင်များကို အဆိုပြုပြီး လွှတ်တော်က အတည်ပြုရသည်။
မွန်ဂိုလီးယား အစိုးရ ကိုယ်စားလှယ်အဖွဲ့
မွန်ဂိုလီးယား သမ္မတ၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြူရိဗ်ဆူရန် လန်ဒတ်ခ်နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂန်ကူရအန်မ်ဘာတို့သည် ၂၀၁၃ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး အစိုးရနှင့် လွှတ်တော်မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး ခုနစ်ကြိမ်မြောက် Ministerial Meeting of the Community of Democracies ကို တက်ရောက်ပါရန် ဖိတ်ကြားခဲ့သည်။ မြန်မာအစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ခုနစ်ကြိမ်မြောက် ဒီမိုကရေစီ ကွန်မြူနီတီ၏ ၀န်ကြီးအဆင့် အစည်းအဝေးတွင် ပါဝင်မည်ဖြစ်ကြောင်း အတည်ပြု ပြန်ကြားခဲ့သည်။ ၁၃၁ နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၀ ခန့်ကိုလည်း အဆိုပါ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ဒီမိုကရေစီ ကွန်မြူနီတီ
ဒီမိုကရေစီ ကွန်မြူနီတီသည် ဒီမိုကရက် တစ်နိုင်ငံ အစိုးရများ၏ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။ ဒီမိုကရက်တစ် စည်းမျဉ်းများ မြှင့်တင်ရန် ဒီမိုကရက်တစ် ပြဋ္ဌာန်းချက်များနှင့် အဖွဲ့အစည်းများ အားကောင်းစေရန်၊ ရည်သန်လျက် ဖွဲ့စည်းထားသည်။ ဒီမိုကရက်တစ် ကွန်မြူနီတီကို ၂၀၀၀ ပြည့်နှစ် ၀န်ကြီးအဆင့် အစည်းအဝေးတွင် ၀ါဆောမြို့၌ တည်ထောင်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက်နှင့် ထိုစဉ်က ပိုလန် နိုင်ငံခြားရေးဝန်ကြီး ပါမောက္ခ ဘရိုနီစလောဂရီနီမက်ခ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးအပြီးတွင် ၁၀၆ နိုင်ငံမှ ကိုယ်စားလှယ်များသည် ဒီမိုကရေစီ ကွန်မြူနီတီဆီသို့ ဟူသော ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံ၏ ဒီမိုကရေစီ ကွန်မြူနီတီ ဥက္ကဋ္ဌသက်တမ်းအတွင်း ၂၀၁၁ ခုနှစ် ၀န်ကြီးအဆင့် အစည်းအဝေးမှ အတည်ပြုထားသော အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ အုပ်ချုပ်မှု ကောင်စီနှင့် အမှုဆောင် ကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံး အတွင်းရေးမှူးချုပ်ကိုလည်း ခန့်အပ်နိုင်ခဲ့သည်။
သုံးသပ်ချက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် မှန်းဆသည်ထက် ပိုမိုသာလွန်သော အကျိုးရလဒ်ကောင်းများကို ဖြစ်ပေါ်စေခဲ့သည်မှာ နဖူးတွေ့ ဒူးတွေ့ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပ ခရီးစဉ်များသည် ပုဂ္ဂိုလ်ရေး ခရီးစဉ်များ ဖြစ်နေသည်ကို သတိပြုမိသောအခါ အားမလို အားမရ ဖြစ်မိသည်။ ပြည်ပခရီးစဉ်များတွင် ဖိတ်ကြားသောနိုင်ငံ၊ အဖွဲ့အစည်း အများစုသည် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်အတိုင်း ညှိနှိုင်းဆောင်ရွက်ပေးနေသည့် အလျောက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခရီးစဉ်ပုံစံ ပါတီကိုယ်စားလှယ်အဖွဲ့ပုံစံ သွားရောက်နိုင်မည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုအားကောင်းပြီး ပိုလည်း အဓိပ္ပာယ်ရှိမည်ဟု သုံးသပ်မိသည်။
လက်ရှိ ပြည်ပခရီးစဉ်များ၏ ၀င်ရိုးသည် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟုတ်သည်မှာ အထင်အရှားဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းဟု မည်သို့ပင်ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် ပါတီလုပ်ငန်းများအပေါ် အချိန်ပေးနိုင်မှုမှာ အကန့်အသတ် မြင့်မားသည်ဟု မှတ်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ ပါတီကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ပါတီဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ပြည်ပခရီး သွားရောက်ခဲ့သော မှတ်တမ်းကို မတွေ့ရှိရသေးသဖြင့် လာမည့် ပြည်ပ ခရီးစဉ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ အခန်းကဏ္ဍကို ပိုမို အလေးထားသင့်သည်ဟု အကြံပြုလိုသည်။
နိုင်ငံရေးရှုထောင့်မှ ကြည့်လျှင် နိုင်ငံရေးပါတီ၏ သြဇာနှင့် အရှိန်အ၀ါသည် ပါတီခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး သြဇာအရှိန်အ၀ါတို့ထက် ပိုမိုမြင့်မားရမည် ဖြစ်သည့်အလျောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သြဇာနှင့် အရှိန်အ၀ါသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သြဇာနှင့် အရှိန်အ၀ါထက် ပိုမိုမြင့်မားရမည်ဖြစ်သည်။ သို့မှသာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရေရှည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၏ အခြေခံ အုတ်မြစ်ကောင်းအဖြစ် တည်ဆောက်နိုင်မည် ဖြစ်သည်။ ပါတီတွင်း ပုဂ္ဂိုလ်ရေး တည်ဆောက်မှုများနှင့် ပါတီခေါင်းဆောင်များ၏ ပုဂ္ဂိုလ်ရေး အရှိန်အ၀ါ အလွဲသုံးမှုများကို ကြိုတင်ကာကွယ်နိုင်မည့်အပြင် ရှိလာခဲ့လျှင်လည်း ကုစားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပါတီတွင်း ဂိုဏ်းဂဏ အားသန်မှုများကို လျှော့ချနိုင်မည် ဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် ဒီမိုကရေစီ ကွန်မြူနီတီ အဖွဲ့ကြီးသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်လမ်းတွင် အခြေကျရန် လျှောက်လှမ်းနေသော နိုင်ငံများကို ကူညီပံ့ပိုးမှုများ ပေးနေသည့်အလျောက် အဆိုပါ အဖွဲ့ကြီးမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု မှတ်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် နိုင်ငံပေါင်းစုံမှ ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသော၊ ပုံဖော်နေသော ခေါင်းဆောင်ကြီး၊ လတ်၊ ငယ်များနှင့် ထိတွေ့၊ အမြင်ဖလှယ်နိုင်မည် ဖြစ်သဖြင့် မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးအတွက်လည်း များစွာ အကျိုးရှိလိမ့်မည်ဟု မျှော်လင့်မိသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ပြည်ပခရီးစဉ်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး ပုံရိပ်ကို ပိုမိုအားကောင်းစေမည့် ခရီးစဉ်များ ဖြစ်လာသင့်ကြောင်းလည်း နှိုးဆော်မောင်းခတ်လိုက်ရပါသည်။
Written by ဒေါက်တာ ရန်မျိုးသိမ်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။