ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
Mickey Mouse ရဲ့ ဖန်တီးရှင် WALT DISNEY ~~~~~!
ဒေါက်တာခင်မောင်ညိုနဲ့ သူမိတ်ဆွေပြောစကားလေးပါ။
“ဆရာ WALT DISNEY ကိုကြိုက်လား”
“ကြိုက်တာပေါ့၊ ကာတွန်းပညာရှင်ကြီးကို”
“ အရမ်းတော်တာပဲနော် ”
ကျွန်တော် ခေါင်းညိတ်တယ်။
“အရမ်းချမ်းသာတာပဲနော်”
ကျွန်တော် ခေါင်းညိတ်တယ်။
သူက WALT DISNEY ကို အရမ်းတော်၊ အရမ်းချမ်းသာတဲ့ အကြောင်းကို ပြောနေတာပါ။ သူပြောတာမှန်ပါတယ်။
ကာတွန်းရုပ်ရှင်တွေဆီက ၀င်ငွေသန်းပေါင်းများစွာရတယ်။ သူ့ရုပ်ရှင်တွေကို နိုင်ငံတကာ မှာ အချိန်တိုင်းပြသတယ်။
Disneyland လို့ ခေါ်တဲ့ဥယျာဉ်ကြီးဟာ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ ပြင်သစ်မှာလည်း ရှိတယ်။ ၀င်ခတင်ပဲ မြန်မာငွေ တစ်သောင်းလောက်ပေးရတယ်။ ပြီးတော့ အထဲမှာ ပါဝင်ပတ်သက်တဲ့ ဖျော်ဖြေမှုတွေမှာ ထပ်ပေးရသေးတယ်။
အချိန်နှင့်အမျှ ငွေတွေဝင်နေတယ်။
သူချမ်းသာတာကို အားလုံးလက်ခံပါတယ်။
“ဒါပေမယ့် သူမချမ်းသာခင်က ဘာဖြစ်လဲသိလား”
“သူ မချမ်းသာခင်က ဆင်းရဲတာပေါ့။ ဟား.....ဟား”
သူကရယ်နေတယ်။ သူကနောက်တာပါ။ အမှန်ကိုပြောတော့ လည်း တစ်ခါတစ်ခါ ရယ်ရပါတယ်။
“သူဟာ ဒေ၀ါလီနှစ်ကြိမ်ခံရတယ်၊ တစ်ချိန်က သူ့လက်ထဲမှာ ပိုက်ဆံခြူးတစ်ပြားတောင်မရှိဘူး”
“ကျွန်တော် မပြောဘူးလား”
“ဟုတ်တယ်၊ သူ့အကြောင်းပြောရင် သူဟာ ပိုက်ဆံလိုချင်လို့ အလုပ်လုပ်တာ မဟုတ်ဘူး။ သူ ကာတွန်းဆရာ ဖြစ်ချင်တာကိုပဲသိတယ်။ သူငယ်ငယ်က သူ့ရဲ့ ကာတွန်းတွေကို သတင်းစာမှာ သွားပြဖူးတယ်။ သတင်းစာ အယ်ဒီတာက ပယ်လိုက်တယ်။
“ဘာကြောင့်လဲ”
“အယ်ဒီတာက မှတ်ချက်ချတယ်။ ဒီသူငယ်မှာ ပင်ကို အရည်အချင်းမရှိဘူးတဲ့”
“သူပန်းချီဆွဲတာကို စွန့်လွှတ်လိုက်လား”
“ဟင့်အင်း”
ကျွန်တော် သူ့ကို WALT DISNEY အကြောင်းပြောကြတယ်။
WALT DISNEY ဟာ ကာတွန်းဆရာအဖြစ် မအောင်မြင်ပေမယ့် သူကပန်းချီပဲ ဆွဲချင်တယ်။
နောက်တော့ ဘုရားကျောင်းတွေမှာ လုပ်ခနည်းနည်းလေးရတဲ့ ပန်းချီဆရာအလုပ်ကိုရတယ်။ သူ့မှာ ရုံးခန်းတောင်မရှိဘူး။ ဖခင်ရဲ့ ကားဂိုထောင်ထဲမှာ သူဆွဲရတာ။
အဲဒီမှာ ကြွက်က တော်တော်သောင်းကျန်းတယ်ဆိုပဲ။ သူဟာ ကားဂိုထောင် ထဲဝင်လာတဲ့ ကြွက်ကလေးကို ပေါင်မုန့်စကလေးတွေကို ကျွေးတယ်။ ကြွက်ကလေးဟာ ယဉ်ပါးလာပြီး သူ့ပုခုံးအထိ တက်လာတယ်။
တကယ်တော့ ဒီကြွက်လေးဟာ သူ့ရဲ့အတွေးတွေကို ပွားစေတဲ့ ကျေးဇူးရှင်ပါပဲလို့ သူကပြောပါတယ်။
သူဟာ အားလပ်တဲ့ အခါကာတွန်းတွေကို ဆွဲတယ်။
ပိုက်ဆံလေးစုမိတော့ သူဟောလီးဝုဒ်ကို သွားပြီး ယုန်ကလေး အော့စဝေါ( Oswald the Rabbit )ဆိုတဲ့ ကာတွန်းကားလေးကို ဆွဲတယ်။ ခွက်ခွက်လန်အောင် ရှုံးပြန်တယ်။ သူ့မှာ ပိုက်ဆံမရှိတော့ဘူး။ အလုပ်လက်မဲ့ဘ၀ကို ရောက်သွားပြန်တယ်။
ဒီအခါမှာ သူအားလျော့သွားပါသလား။
တည်းခိုခန်းမှာထိုင်နေရင်း သူသတိရတယ်။ ကင်းဆပ်ရဲ့ ကားဂိုထောင်ထဲက ကြွက်ကလေးကိုပေါ့။ ဒီနေရာမှာ သူ့ဇာတ်ကောင်လေး “မစ်ကီးမောက်” ကို ဖန်တီးတော့တာပဲ။
မစ်ကီးမောက်စ်ဟာ ရုပ်ရှင်သရုပ်အားလုံးထက် နာမည်ကြီးသွားခဲ့ပါတယ်။ ယနေ့လည်း နာမည်ကြီးဆဲပဲ။
သူ့ရဲ့ ၀က်ကလေးသုံးကောင် ကာတွန်းရုပ်ရှင်ဆိုရင် သူ့အမေပြောပြတဲ့ ပုံပြင်ပဲ။
ဒီကာတွန်းကိုဆွဲဖို့ အစည်းအဝေးလုပ်တော့ သူ့အဖွဲ့သားတွေ က သဘောမတူဘူး။
ရှုံးမှာပဲတဲ့။
ဒါပေမယ့် သူ့အဖွဲ့သားတွေကို တောင်းပန်ပြီး ဒီကာတွန်းကိုဆွဲရပါတယ်။
အဖွဲ့သားအားလုံးက ရှုံးမှာပဲရယ်လို့ အင်အားမစိုက်ဘူး။
ရက် (၆၀) နဲ့ အပြီး ဆွဲခဲ့တယ်။
သီချင်းဆိုရင်လည်း (၅) မိနစ်နဲ့ရေးတဲ့ သီချင်းပါပဲ။ စာအိတ်ရဲ့ တစ်ခုရဲ့ နောက်ကျောဘက်မှာရေးခဲ့တာပါတဲ့။
ဒါပေမယ့် ဒီကားဟာ တကယ်တမ်း ပေါက်သွားတယ်။
ဒီသီချင်းကိုရေးတဲ့ ဒရင့်ဒက်ချနေဟာလည်း နာမည်ကြီးသွားပြီး ရုပ်ရှင်သီချင်းရေးဆရာအဖြစ် အောင်မြင်သွားတော့တယ်။
WALT DISNEY ဘာပြောလဲသိလား။
“လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ မိမိအလုပ်ကို ချစ်မြတ်နိုးဖို့ပါပဲ”
Credit: ဒေါက်တာခင်မောင်ညို “တကယ်လုပ်ကြမှာလား”
KZL

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။