Aung Ko U
ယနေ့ ကမ္ဘာကြီးတွင် အရှေ့ နှင့် အနောက်၊ တောင် နှင့် မြောက် ဖြစ်ဖြစ်သမျှ ကိစ္စရပ်များသည် အင်တာနက်ကျေးဇူးကြောင့် အချိန်မဆိုင်းသိခွင့် ရရှိနေပြီဖြစ်သည်။ အင်တာနက်ကြောင့်ပင် နန်းခင်ဇေယျာ အတွက် ကျွန်တော်တို့ ကလစ်နှိပ်ခွင့်ရခဲ့ကြသည်၊ အမေစုအတွက်လည်း ကျွန်တော်တို့ ပြည်သူတွေ စည်းစည်းလုံးလုံး အတူတကွ ကလစ် အချက်ပေါင်းများစွာ vote ခွင့်ရခဲ့ကြသည်။ ပြည်တွင်းတွင်လည်း အတိုင်းအတာ တစ်ခုအထိ လွတ်လပ်လာသော မီဒီယာ အခန်းကဏ္ဍအရ အပတ်စဉ်ထုတ် ဂျာနယ်များ သာမက ယခုအချိန်တွင် နေ့စဉ်ထုတ် သတင်းစာများပါ တွေ့မြင်နေကြရပြီ ဖြစ်သည်။ ပြည်သူများကို မျက်စိဖွင့်ပေးမည့်၊ ပြည်သူဖက်က ရပ်တည်သည့် စတုတ္ထမဏ္ဍိုင် မီဒီယာများရှိသလို မိမိလိုရာကို ဝါဒဖြန့်ဖို့ ရပ်တည်နေကြတဲ့ မီဒီယာ များလည်း ရှိနေပါသည်။ နေရာတိုင်းတွင် အကောင်း ရှိသလို၊ အဆိုး များလည်း ရှိသည်မှာ သဘာဝ ပင်ဖြစ်ပါသည်။
အွန်လိုင်းပေါ်တွင်သာမက၊ ပုံနှိပ်မီဒီယာများ တွင်ပါ လိုရာဘက်ကို ယိမ်းပြီး ရေးကြတဲ့ ယိမ်းစာပေ တွေ၊ ၎င်းယိမ်းစာပေ ကို ရေးသားသူတွေ တွေ့နေရပါသည်။ (“ယိမ်းစာပေ” သတင်းစာဆရာကြီး လူထုစိန်ဝင်း စကားကို ယူသုံးထားခြင်း ဖြစ်ပါသည်။) သတင်းအမှောင်ထဲမှာနေခဲ့ရတဲ့ ပြည်သူတွေ၊ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ခံထားခဲ့ရတဲ့ ပြည်သူတွေ သတင်းအလင်းရောင်နီသန်းစပြုနေတဲ့ ခေတ်ကိုရောက်ချိန်၊ ကမ္ဘာကြီးကို ဆက်သွယ်ခွင့်ရချိန်မှာ အားကြိုးမာန်တက် ထွက်သမျှ ဂျာနယ်တွေ၊ သတင်းစာတွေ အကုန်လောက်နီးပါးကို ဖတ်ကြ၊ ဆွေးနွေးကြ သိပ်ကို အားရဖို့ကောင်းပါတယ်၊ အွန်လိုင်းပေါ်မှာလည်း သတင်းတစ်ပုဒ် ရတာနဲ့ အပြန်အလှန် share လုပ်ကြ၊ မသိလိုက်မှာစိုးလို့ tag လုပ်ကြနဲ့ တကယ်ကို အားရဖို့ကောင်းပါတယ်။ ဒါပေမဲ့ အချို့သော ဖြစ်ရပ်များတွင် ဖြစ်ရပ်တစ်ခုကို ရှုထောင့်မျိုးစုံက ရေးသားကြရာတွင် ဟိုဖက်ကလည်း မှန်သယောင်ယောင်၊ ဒီဖက်ကလည်း မှန်သယောင်ယောင် ဖြစ်နေတတ်ပါသည်။
အချို့ချို့သော ကလောင်ရှင်များ၊ သတင်းဌာနများသည် မင်းသားခေါင်းဆောင်းကာ ပြည်သူ့ကြားကို ဝင်လာတတ်ကြပါသည်။ တစ်ကောင်ကျွေး နှစ်ကောင်စား အကွက်များ ရွှေ့လာကြပါသည်။ ကလောင်တစ်ချောင်းကို ကိုင်စွဲသူသည် နာမည်ကြီးသည်ဖြစ်စေ၊ နာမည်မကြီးသည်ဖြစ်စေ၊ ကိုယ်ရေးသည့်စာကို ကိုယ်တိုင် တာဝန်ယူ ရပါမည်။ စာဖတ်ပရိတ်သတ်ကို သစ္စာရှိရပါမည်၊ လှည့်စားခြင်းကင်းရပါမည်။စာရေးသူကိုယ်တိုင် စာရေးနေသည်မှာ စာရေးခြင်းအတတ်ပညာကို တတ်ကျွမ်းကျင် လွန်းလို့ ရေးနေခြင်းမဟုတ်ပါ၊ သို့ရာတွင်စာရေးသူသည် နာမည်ကြီး စာရေးဆရာတစ်ယောက် မဟုတ်သော်လည်း မိမိကလောင်ကို တန်ဖိုးထားပါသည်၊ မိမိဦးတည်ချက်ကို ပြတ်သားအောင် ရေးပါသည်။ မိမိ သိသမျှ၊ တတ်ထားသမျှ၊ ခံစားမိသမျှ မျှဝေလိုတဲ့ စေတနာ သက်သက်နဲ့ ရေးနေခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် အချို့ချို့ နေရာများတွင် စာဖတ်ပရိတ်သတ်၊ ပြည်သူ ကြိုက်အောင်ရေး ပြပြီ ပရိတ်သတ်ရအောင် လုပ်တတ်ကြပါသည်၊ facebook မှာဆိုရင်တော့ Like များများရအောင် လုပ်ကြပါသည်၊ အချိန်ကာလ ကြာလသည်နှင့် အမျှ ဇာတိက ပြလာပါသည်၊ လိုရာကို ဆွဲရေး ပြည်သူကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လာကြပါသည်။
အွန်လိုင်းမီဒီယာ ဆိုသည်မှာ အတိုင်းအတာ တစ်ခုအထိ လိုသလိုရေး၊ ရေးချင်သလိုရေးနိုင်သည့် အခွင့်အရေးရှိသည့်အတွက် အဆိုပါ ဖြစ်ရပ်များ သည် မဆန်းလှသော်လည်း၊ အချို့သော ပုံနှိပ်မီဒီယာများတွင်လည်း တွေ့နေရပါသည်။ ပြည်သူ့အတွက် အမှန်တကယ် ရပ်တည်နေသော မီဒီယာများက သတင်းစာ တစ်စောင်ထုတ်ဖို့ ငွေအား၊ လူအား ကြိုးစားနေကြချိန်တွင် မိမိလိုရာကို ဝါဒဖြန့်လိုသူများက ပြည်သူအတွက်၊ ပြည်သူ့အတွက် ကျွေးကြော်ကာ ငွေထုတ်ကို ပိုက်ပြီး မီဒီယာလောက ကို ခြေချလာနေကြပါသည်။ သူတို့ကိုယ်တိုင် ထုတ်ဝေသည့် ဂျာနယ်၊ သတင်းစာများတွင် ရေးချင်သလိုရေးကြပါ၊ သို့သော်လည်း ပြည်သူ ယုံကြည်မှု ရအောင် အများတစ်ကာ မီဒီယာများတွင်ပါ မင်းသားခေါင်းဆောင်းကာ ရေးတတ်ကြပါသည်။ ဤနေရာတွင် အလျင်းသင့်လို့ သတင်းစာ၊ ဂျာနယ်များ၏ အယ်ဒီတာများ အခန်းကဏ္ဍကို တင်ပြလိုပါသည်။ စာရေးသူ အလွန်လေးစားသော သတင်းစာဆရာကြီး လူထုစိန်ဝင်းက အယ်ဒီတာကောင်း တစ်ယောက်၏ အရည်အချင်းကို အောက်ပါအတိုင်း ရှင်းရှင်းလင်းလင်း နားလည်လွယ်အောင် ပြောခဲ့ပါသည်။
(၁) အယ်ဒီတာဆိုတာ ဒီနေ့ ဘယ်ကိုသွားပြီး ဘာသတင်းလိုက်ရမယ်လို့ သတင်းထောက်ကို မနက်တိုင်း လမ်းညွှန်နိုင်သူ ဖြစ်ရမယ်။
(၂) သတင်းထောက်ရေးလာတဲ့ သတင်းကိုကြည့်ပြီး ထိုင်ရာမထ တယ်လီဖုန်းနဲ့ လှမ်းမေးတဲ့သတင်းလား၊ ကိုယ်တိုင်ကိုယ်ကျ သွားပြီး စုံစမ်းထောက်လှမ်းလာတဲ့သတင်းလားဆိုတာ ချက်ချင်း သိရမယ်။ အရေးပါတဲ့သတင်းဆိုရင် လူကိုယ်တိုင်သွားပြီး မေးမြန်းရေးသားဖို့ သတင်းထောက်ကို စေခိုင်းနိုင်ရမယ်။
(၃) သတင်းကို ကောက်ကိုင်လိုက်တာနဲ့ တစ်ခြားသတင်းစာတွေမှာ ပါပြီးသား သတင်း ဟုတ်၊ မဟုတ် ချက်ချင်းသိရမယ်။ သူများသတင်းကူးချတာဆိုရင် သတင်းထောက်ကို သတိပေးရမယ်။ ကိုယ်တိုင်လိုက်တဲ့ သတင်းဖြစ်ရင် သူများရေးတဲ့အထဲမှာ မပါတဲ့ လိုအပ်ချက်တွေကို ထပ်လိုက်ပြီး ပိုပြည့်စုံအောင် ရေးခိုင်းရမယ်။
(၄) သတင်းဓါတ်ပုံကို မြင်တာနဲ့ ဆင်ရိုက်တဲ့ပုံလား၊ သတင်းဓါတ်ပုံ အစစ်လားဆိုတာ ခွဲခြားနိုင်ရမယ်။ ဆင်ရိုက်တဲ့ပုံဟာ သတင်းဓါတ်ပုံ မဟုတ်ဘူး။
(၅) သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို ကြည့်လိုက်တာနဲ့ သတင်းထောက်၊ ဒါမှမဟုတ် ဆောင်းပါးရှင်က တံစိုးလက်ဆောင် ရယူပြီးရေးတဲ့ ကြေငြာသတင်း/ဆောင်းပါး ဟုတ်၊ မဟုတ် ခွဲခြား နိုင်ရမယ်။ ပယ်ရဲ ဖြုတ်ရဲတဲ့ သတ္တိရှိရမယ်။
(၆) သတင်းထောက်၊ ဆောင်းပါးရှင် ရေးတဲ့အထဲမှာ ပါလာတတ်တဲ့ အချက်အလက်များ၊ အကိုးအကားများ၊ ဘာသာပြန်များ၊ အင်္ဂလိပ်စာလုံး အမှားများကို သိနိုင် မြင်နိုင်သူ ဖြစ်ရမယ်။
(၇) အယ်ဒီတာကောင်းဆိုတာ ကိုယ့်ကိုကိုယ် မတည်ဆောက်ရဘူး။ ကိုယ်ကိုင်တဲ့ စာစောင်ကိုသာ ကောင်းသထက်ကောင်းအောင် တည်ဆောက်ရမယ်။
ဖော်ပြပါ အချက် (၇) ချက်အနက်မှ မီဒီယာများတွင် စာဖတ်သူမမြင်နိုင်သည့် နံပါတ်(၁)၊ (၂)၊ (၃)၊ (၄) ကိုမပြောလိုပါ၊ စာဖတ်သူများမြင်တွေ့ရသည့် နံပါတ်(၄)၊ (၅)၊ (၆)၊ (၇) တို့ကို အနည်းငယ်ပြော လိုပါသည်။နံပါတ်(၄) အချက် - သတင်းဓါတ်ပုံအမှားများကို ဂျာနယ် တော်တော် များများတွင် ခဏခဏ တွေ့ရတတ်ပါသည်။ နံပါတ်(၅) အချက် - ကြော်ငြာသတင်း/ဆောင်းပါးများကိုလည်း တော်တော်များများမကြာခဏ တွေ့နိုင်ပါသည်။ကြော်ငြာသတင်း/ဆောင်းပါးများကို ကြော်ငြာမှန်းသိသာအောင် ဖော်ပြသင့်ပါသည် (ဖော်ပြသည့်ဂျာနယ်များလည်းရှိပါသည်) ။ နံပါတ်(၆) အချက်ဖြစ်သည့် အကိုးအကား အလွဲများ၊ အင်္ဂလိပ်စာလုံးပေါင်းအလွဲများကိုလည်း မကြာမကြာ တွေ့ရတတ်ပါသည်။ မှတ်မှတ်ရရ နာမည်ကြီးဂျာနယ်တစ်စောင်တွင် စင်္ကာပူရောက် မြန်မာလူငယ်တစ်ယောက်ကို အင်တာဗျူးထားသည့် ဆောင်းပါးတွင် ၎င်းလူငယ်၏ အဖြေတွင်တွင်ပါသော အင်္ဂလိပ်စာအုပ် တစ်အုပ်ကို စာအုပ်အမည်ရော၊ ရေးသူအမည်ပါ လွဲမှားစွာရေးထားပါသည်။ အခြားအချက်အလက်များတွင်လည်း လွဲပါသေးသည်။ ထိုလူငယ်ကို အင်တာဗျူးသူမှာ သတင်းထောက်မဟုတ်ပါ၊ အယ်ဒီတာတစ်ဦးဟု ဖော်ပြပါရှိပါသည်။ အင်္ဂလိပ်စာလုံးပေါင်းအမှားများကိုလည်း ဂျာနယ် တော်တော်များများတွင် တွေ့ရပါသည်။ typing error ကို နားလည်ပါသည်။ အချို့သော စကားလုံးများသည် typing error မဟုတ်ဘဲ သိသိသာသာ လွဲမှားနေသည်ကိုတွေ့ရပါသည်။ အင်္ဂလိပ်စာလုံးပေါင်းကို အသာထားလို့ မြန်မာစာလုံး ပေါင်းသတ်ပုံကိုပင် လွဲမှားစွာရေးနေကြပါသည်။ စာရေးသူများသည် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း (အစိမ်းရောင်) နှင့် ခွဲထား(အပြာရောင်) စာအုပ်နှစ်အုပ်ကို စာရေးစားပွဲတွင် အမြဲထား သင့်ပါသည်။ ဂျာနယ်များတွင်သာမက နိုင်ငံပိုင် မီဒီယာများတွင်လည်း ထိုအလွဲများကို တွေ့ရတတ် ပါသည်။ နံပါတ်(၇) အချက်ကိုလည်း အယ်ဒီတာများ သတိထားသင့်ပါသည်။ မိမိ၏ image ထက် မိမိတာဝန်ယူသော သတင်းစာ၊ ဂျာနယ်၏ image ကို အလေးထားသင့်ပါသည်။ အချို့သော ဂျာနယ်များတွင်မူ အယ်ဒီတာက ကလောင်အမည် အမျိုးမျိုးပြောင်းကာ မိမိရေးချင်သည်များကိုသာ ဦးစားပေး ဖော်ပြနေကြပါသည်။ အထက်ပါ ကိစ္စရပ်များကို ရေးပြနေခြင်းသည် မည်သူတစ်ဦးတစ်ယောက်ကို မှ တိုက်ခိုက်လိုသော၊ ထိခိုက်နစ်နာစေလိုသော ဆန္ဒဖြင့် ရေးခြင်းမဟုတ်ပါ၊ စာပေကို ချစ်မြတ်နိုးသူ တစ်ယောက်အနေဖြင့် သတိပြုသင့်သည်များကို စေတနာဖြင့် ပြောပြခြင်းသာ ဖြစ်ပါသည်၊ ဆရာချစ်နိုင်(စိတ်ပညာ) ပြောသလို ချစ်လို့ပြောတာမှတ်ပါ။
မည်သို့ပင်ဖြစ်စေ လူတိုင်းသည် မိမိယုံကြည်ရာကို မိမိဦးတည်ချက်ဖြင့် သွားနေကြခြင်း ဖြစ်ပါသည်။ စာဖတ်ပရိတ်သတ်များ အနေဖြင့် တစ်ခါတစ်ရံ ကြုံတွေ့နိုင်သည့် စာရေးသူများ၏ စေတနာအမှားကို နားလည်ပေးနိုင်သလို၊ လိုရာကိုယိမ်း ရေးကြသည့် ယိမ်းစာပေများကိုလည်း ကွဲကွဲပြားပြား မြင်နိုင်အောင် အသိပညာ ကိုယ်ခံစွမ်းအား မြှင့်ထားကြရပါမည်။ ဘုရားရှင် ကိုယ်တော်တိုင် ကာလမသုတ် တွင် ဟောကြားတော်မူခဲ့သည့်အတိုင်း စာဖတ်ပရိတ်သတ်များ၊ ပြည်သူများက မိမိအသိဉာဏ်၊ မိမိအတွေ့အကြုံများဖြင့် တွေးဆ ချင့်ချိန်ကာ လက်ခံကြရပါမည်။ စာရေးသူ ယခုတင်ပြနေသော အကြောင်းအရာများကိုပင် စာဖတ်သူများအနေဖြင့် လက်တမ်း မယုံဘဲ တွေးဆ ချင့်ချိန်ပြီးမှ မှန်ခြင်း/မှားခြင်းကို လက်ခံယူနိုင်ကြပါသည်။“သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရာတွင်၊ စကားတစ်ခွန်း၊ အဖြစ်အပျက်တစ်ခုကို ကြားရချိန်တွင် စိတ်ခံစားမှု (emotional feeling) ကို ဦးစားမပေးပဲ နောက်ခံအကြောင်းအရာကို သေသေချာချာ လေ့လာကာ စဉ်စားချင့်ချိန် တွေးဆပြီးမှ အမှန်/ အမှားကို ဆုံးဖြတ်ချက်ချသင့်ပါသည်။”
အချုပ်အားဖြင့်တင်ပြရပါလျှင် စာရေးသူ ကလောင်ရှင်များအနေဖြင့်လည်း စာဖတ်ပရိတ်သတ်ကို သစ္စာရှိရန် အရေးကြီးသလို၊ စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း မိမိ၏ အသိပညာကိုယ်ခံ စွမ်းအားဖြင့် တွေးဆ ချင့်ချိန် နိုင်ကြပါစေကြောင်း
မြင်မိသည်များကို ရေးသားလိုက်ရပါသည်။
အောင်ကိုကို(အမ်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။