တရားသူကြီး မဖြစ်စေချင်တဲ့ “အမေ့” ကျေးဇူး
..........................
တင်အောင် (မိုးကုတ်)
ကျွန်တော့်အဖေက ကျွန်တော့်ကို တရားသူကြီး ဖြစ်စေချင်ပေမယ့် အမေကတော့ မဖြစ်စေချင်ပါဘူး။ ကျွန်တော် ၁၉၈၆ ခုနှစ်မှာ ဥပဒေဘွဲ့ရပါတယ်။ ကျွန်တော်ဘွဲ့ရစဉ်က မြန်မာနိုင်ငံမှာ ပြည်သူ့တရား စီရင်ရေးစနစ်ဆိုပြီး ကျင့်သုံးပါတယ်။ ထိုစဉ်က တရားသူကြီးတွေကို ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့ကောင်စီဝင်တွေ ထဲကပဲ... ခန့်ပါတယ်။ ဒါတင်မကပါဘူး၊ အဲဒီကောင်စီဝင်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီမှာ တင်းပြည့်ပါတီဝင် တွေလည်း ဖြစ်ရပါတယ်။ ကျွန်တော်က ပါတီဝင်တောင် မဟုတ်ခဲ့တော့ တရားသူကြီး မဖြစ်နိုင်ပါဘူး။ အဲဒီခေတ်က ဥပဒေဘွဲ့ရရင် ဥပဒေဝန်ထမ်း (အရပ်အခေါ် ဆွဲချ) လုပ်ချင်လုပ်၊ ဒါမှမဟုတ် တရားရေးဝန်ထမ်း (အရပ်အခေါ် အကြံပေး) လုပ်နိုင်ပါတယ်။ ဥပဒေဘွဲ့ ရပါလျက် တရားသူကြီး လုပ်ခွင့်မရတဲ့ အတွက် ကျွန်တော့်အဖေက မကျေနပ်ခဲ့ပါ။
တပ်မတော်အစိုးရ တက်လာတော့ ယခင်က တရားရေးအကြံပေးတွေ က တရားသူကြီး ဖြစ်လာပါတယ်။ ဥပဒေ ဘွဲ့ရသူတွေက တရားသူကြီးစာမေးပွဲ (တရားရေးဝန်ထမ်း အဆင့် ၄) တွေ ဖြေခွင့်ရှိလာပါတယ်။ အဖေ့ရဲ့ အစီအစဉ်ကြောင့် ကျွန်တော်နေတဲ့ မိုးကုတ်ကနေ ရန်ကုန်ကို စာမေးပွဲ သွားဖြေခဲ့ရပါတယ်။ အမေနဲ့ ကျွန်တော်တိုင်ပင်ပြီး စာမေးပွဲ မဖြေဘဲနဲ့ ရန်ကုန်က ပြန်ခဲ့ပါတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို တရားသူကြီး ဖြစ်စေချင်တာကတော့ “တရားသူကြီး”ဆိုတဲ့ ဂုဏ်ဒြပ်ကို သဘောကျလို့ ထင်ပါတယ်။ ကျွန်တော့် အမေကတော့ တေမိမင်းကြီး ရှင်ဘုရင် မဖြစ်ချင်တာက တရားစီရင်ရမှာ ကြောက်လို့။ ကြောက်ရတဲ့ အကြောင်းကလည်း တစ်ခုသော ဘဝမှာ တေမိမင်းကြီးက ရှင်ဘုရင် ဖြစ်ခဲ့ပြီး တရားစီရင်ခဲ့တာ မှားလို့ မဟာဥဿဒငရဲမှာ နှစ်ပေါင်း ၈၀,၀၀၀ ခံရကြောင်း ပြောပါတယ်။ ဒါကြောင့် ကျွန်တော့်ကို တရားသူကြီးမဖြစ် စေချင်တာလို့ ပြောပါတယ်။ မှန်တာပြောရင် ကျွန်တော် တရားသူကြီး တကယ်ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ သံသရာဆိုတာကိုလည်း ယုံတယ်၊ ဝဋ်ကြွေး ဆိုတာကိုလည်း ကျွန်တော် ယုံတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ မှားပြီး တရားစီရင်မိရင် ငရဲကြီးမှာစိုးလို့ မလုပ်ခဲ့တာပါ။
အဲဒီနောက် ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေအရ ကျွန်တော် တရားသူကြီးမဖြစ်တာ တော်တော်ကံကောင်းတယ်လို့ လက်တွေ့ဘဝမှာ မြင်တွေ့ခဲ့ရပါတယ်။ တကယ်လို့ ကျွန်တော်သာ တရားသူကြီး ဖြစ်ခဲ့မယ် ဆိုရင်လည်း ကျွန်တော်လည်း မလွှဲမရှောင်သာဘဲ ခေတ်စနစ်တစ်ခုရဲ့ သားကောင် (သားကောင်းမဟုတ်ပါဘူး) တရားသူကြီး ဖြစ်လာမှာပဲ။ အာဏာရှင်လက်အောက်က တရားသူကြီးတွေရဲ့ ဒုက္ခကိုလည်း ကိုယ်ချင်းစာ ပါတယ်။ မလွဲမရှောင်သာ အမိန့်ချခဲ့ရတဲ့ တရားသူကြီးတွေကတော့ (ဒုက္ခ) လို့ မြင် မမြင် ကျွန်တော် မခန့်မှန်းတတ်ပါဘူး။
အဲဒီခေတ်က နိုင်ငံရေးနဲ့ ဆက်နွယ်ပတ်သက်တဲ့ သူတွေ၊ ပုဒ်မတစ်ခုခု တပ်ပြီး အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရတဲ့ ပုဂ္ဂိုလ်တွေအားလုံး တစ်ယောက်မှ မလွတ်စေရပါဘူး။ (အားလုံး) ဟာ အမြင့်ဆုံး အပြစ်ဒဏ်တွေကိုပဲ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ In Camera လို့ခေါ်တဲ့ တံခါးပိတ်ပြီး တရားစီရင်ခံခဲ့ရ ပါတယ်။ အဲဒီပုံစံမျိုး တရားစစ်ဆေးစီရင်မှုကို တရားခံတွေဟာ ငြင်းခွင့်မရှိ သလို တရားသူကြီးတွေ ကလည်း ငြင်းပယ်ခွင့် မရှိပါဘူး။
တရားသူကြီးတွေက အချို့အမှုတွေမှာ စာအိတ်ပါ အမိန့်အတိုင်း တရားစီရင်ခဲ့ရတာလို့ လူထုကြားမှာ ဝေဖန်နေကြပေမယ့် ဒီစကားကို တရားရေးဌာနက ယနေ့အထိ ပြန်လည်ချေပ ရှင်းလင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ထောက်လှမ်းရေးက ဖမ်းဆီးအရေးယူ၊ တရားစွဲခဲ့တဲ့ အမှုမှန်သမျှ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေနှင့် ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ တရားသူကြီးတွေက တရားခံတွေအပေါ် အမြင့်ဆုံးအပြစ်ဒဏ်တွေ ချပေးခဲ့ရပါတယ်။ တရားသူကြီးများက မြန်မာ့ တရားရေးလောက၊ ကမ္ဘာ့တရားရေး လောကမှာ မကြားဖူးသည့် ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ရပါတယ်။
ဝဋ်ဆိုတာ တစ်ခါတစ်ရံ ဘဝမကူးဘူး ဆိုတဲ့အတိုင်း (နေ) လို (လ) လို ထွန်းလင်းခဲ့သော မော်မကြည့်ဝံ့ခဲ့သော ထောက်လှမ်းရေးတပ်ဖွဲ့ကြီး ပြိုကွဲသွားသောအခါ အဆိုပါ ထောက်လှမ်းရေး အဖွဲ့ဝင် တော်တော်များများ ထောင်ကျကုန်ပါတယ်။ အဲဒီထောင်ဒဏ်တွေ ကိုလည်း ထုံးစံအတိုင်း တရား သူကြီးများက အပြစ်ပေးရပါတယ်။ ကျွန်တော်နဲ့ လွန်စွာ ခင်မင်ရင်းနှီးသော သူငယ်ချင်း တရားသူကြီး တစ်ယောက်ရဲ့ ရင်ဖွင့် ညည်းတွားသံကြားရပါတယ်။ "ငါတို့ကတော့ကွာ ခုဘဝ တရားသူကြီး ဖြစ်ပေမယ့် မဟာဥဿဒငရဲကို သွားရမယ့် လက်မှတ်ကတော့ ဖြတ်ပြီးသားပဲ။ အနှစ် ၈၀,၀၀၀ နဲ့တော့ ရမယ် မထင်ဘူး။ တစ်မှုကို အနှစ် ၈၀,၀၀၀ နဲ့ ၁၀ မှုဆိုရင် အနှစ် ၈၀၀,၀၀၀။ ငါစီရင်ခဲ့တဲ့အမှုက ၁၀ မှုမှမကပဲကွာ" တဲ့။ "မလုပ်နိုင်ရင်လည်း ထွက်ချင် ထွက်၊ ပြုတ်ချင်ပြုတ်၊ ဒါမှမဟုတ် မြိုင်ရပ်နှင် (အဝေးပို့) ခံရမှာ"၊ "တကယ်လို့ အစွယ်လိုသူက မိဖုရား၊ လေးပစ်သူတွေက ကျွန်တော်မျိုး တရားသူကြီးတွေပါ" လို့ ညည်းတယ်။
ကျွန်တော်ငယ်ငယ်က စဉ်းစားမိတာက တရားသူကြီးဆိုတာ တည်ကြည်သောဂုဏ်ရှိတယ်။ သူတစ်ပါး ရိုသေထိုက်သူဖြစ်တယ်။ သီလကို စောင့်ထိန်းသူဖြစ်တယ်။ ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံး၊ စီရင်ထုံးများကို ကျွမ်းကျင်လိမ္မာသူဖြစ်တယ်။ ချစ်ဖွယ်သောစကား ပြောတတ်တယ်။ သစ္စာ စောင့်ထိန်းတယ်။ ပြေပြစ်သောစကား ပြောတတ်တယ်။ မမှန်မကန် ပြောဆို နေသူတွေကို ထုတ်ဖော်နိုင်စွမ်းရှိတယ် ဆိုတာ ကင်းဝန်မင်းကြီး ဦးကောင်း ရေးတဲ့ (အဍ္ဎသံ ခေပဝဏ္ဏနာကျမ်း) မှာ ဖတ်ထားတော့ တရားသူကြီး ဆိုတာ အထင်ကြီးပြီး ကျွန်တော် တကယ်ဖြစ်ချင်ခဲ့တာပါ။ ငါသာ တရားသူကြီးဖြစ်ရင် အမှုတွေကို အမှန်အတိုင်း ဖြစ်စေရမယ်။ ဘယ်သူ့မျက်နှာမှ ထောက် စရာမလိုဘူး။ လိမ်နေတဲ့ သက်သေတွေ ပေါ်အောင် ပညာနဲ့ စစ်ပြမယ်။ ပိုက်ဆံလာပေးတဲ့သူကို ငေါက်ထုတ်ပစ်လိုက်မယ်။ တံစိုးသုံးပါး၊ အဂတိလေးပါး ရှောင်တဲ့ တရားသူကြီး ဖြစ်စေရမယ်လို့ စိတ်ကူးခဲ့ပေမယ့် “ဘယာဂတိ” ဆိုတဲ့အချက်ကို မရှောင် နိုင်ဘူးဆိုတာ သတိမထားမိခဲ့ဘူး။ တစ်ခုပဲရှိတယ် ကျွန်တော်ကြောက်လို့ အမှားတရားတွေ စီရင်ခဲ့ရတာပါလို့ ငရဲမင်းကြီးကို လျှောက်လဲချက်ပေး အသနားခံလို့ ရမလားလို့ပေါ့။ ရမယ်မထင်ပါဘူး။ ခုဆိုရင် တရားသူကြီးတွေ ကိုယ်တိုင်လည်း ကျမ်းကျိန်ဆိုရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ဘယ်လိုကျမ်းစာမျိုးကို ဆိုရမယ်တော့ မသိပါဘူ။ အမှုသည် နဲ့ သက်သေတွေကတော့ ဘုရင်လက်ထက်ကတည်းက ကျိန်ဆိုခဲ့ရတဲ့ သစ္စာစကားတွေနဲ့ ကျိန်ဆိုရပါတယ်။ သစ္စာမတည်၊ စကားမတည်ရင် သေပုံသေနည်း ၁၇ နည်းလောက် ရေးထားပါတယ်။ အပါယ်လေးပါး ရောက်ပါစေ၊ လူပြိတ္တာဖြစ်ပါစေ စသည်တို့အပြင် မိမိသားမြေးများပါ မကျန်ရအောင် ပျက်စီးပါစေသတည်း စသည်ဖြင့် ရေးသားထားပါတယ်။ စာဖတ် သူများ အပြည့်အစုံသိချင်လျှင် တရားရုံးတွေမှာ ရေးထားပါတယ်။ (သွားကြည့်ကြပါ)
တရားသူကြီးတွေ ကျမ်းသစ္စာ ကျိန်ဆိုရတာကတော့ ခုမှမဟုတ်ပါဘူး။ မြန်မာမင်းအုပ်ချုပ်ရေး ပညာကျမ်းမှာ ငစဥ့်ကူးရွာ၊ မတ္တရာရွာ၊ ကပ်ရွာ၊ တောင်ပြုန်းကြီးနယ်တို့မှာ နေမျိုးစည်သူရာဇာဘွဲ့ခံ ခုံတော်အရာရှိက အမှုတွေကို စစ်ဆေးဆုံးဖြတ်မယ်ဆိုရင် သစ္စာရှစ်ချက်ပါ ကျမ်းသစ္စာ ကျိန်ဆိုပြီးမှ ဆုံးဖြတ်ခဲ့ကြောင်း ဖတ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျမ်းနဲ့မညီ (ဥပဒေနဲ့မညီ) ဆုံးဖြတ်ခဲ့တာများ တွေ့ရင်တော့ ရာထူးကဖြုတ်ပြီး ထောင်ဒဏ် (နှစ်လ) အပြစ်ပေးခံရသည့်အပြင် စားထားတဲ့ လာဘ်ငွေကို လည်း နှစ်ဆပြန်လျော်ရပါတယ်။ ကြုံလို့ ပြောပြတာပါ။
ခုတော့ ကျွန်တော် တရားသူကြီးမဖြစ်ခဲ့ပါ။ တရားသူကြီးမဖြစ်ခဲ့လို့ စာအိတ်ပါ ပြစ်ဒဏ်တွေ မချမှတ်ခဲ့ရပါ။ ဘယာဂတိလည်း မကျူးလွန်ခဲ့ရပါ။ ပြစ်ဒဏ်ပေးလို့ သေဒဏ်ပေးခံရတဲ့ တရားခံတွေရဲ့မျက်နှာ၊ နှစ် ၄၀၊ နှစ် ၅၀၊ နှစ် ၁၀၀ ပြစ်ဒဏ်ပေးခံခဲ့ရတဲ့ တရားခံတွေရဲ့ မကျေနပ်တဲ့မျက်နှာ၊ မကျေနပ်တဲ့ မျက်လုံးတွေနဲ့ကြည့်တဲ့ အကြည့်တွေ မခံခဲ့ရပါ။ ကျွန်တော် ကြောက်လို့ အပြစ်ပေးခဲ့ရခြင်း ဖြစ်ပါတယ်လို့ ငရဲမင်းကြီးကိုလည်း အသနား ခံစာ တင်စရာ မလိုတော့ပါ။ တရားသူကြီး မဖြစ်စေချင်တဲ့အမေ့ကို အထူး ကျေးဇူးတင်မိပါတယ်။
(စနစ်တစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ရသော တရားသူကြီးများကို ရည်ညွှန်းလျက်)
တင်အောင် (မိုးကုတ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။