Nine Nine Sanay @ နိုင်းနိုင်းစနေ
သင့်ရဲ့ပခုံးထက်မှာ ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား
________________________________________
အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါတစ်တွဲတွဲနဲ့ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေဝင်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က မြင်သူတကာ အားကျတဲ့ စုံတွဲလေးတစ်တွဲဖြစ်တယ်။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး မေ့မျောသွားခဲ့လို့ အိပ်ရာထက်မှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရခဲ့တယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ်ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေးကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးပါပြီ။ ကောင်မလေးက မေ့မျှောနေဆဲပါပဲ။ ဒါပေမဲ့ ကောင်လေး လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲဆုတောင်းခဲ့တယ်။
ဒီလိုနဲ့တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့မလျှော့တဲ့ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့ မေတ္တာကြောင့် သူ့အပေါ်သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို “ ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘဝနဲ့ လှဲလှယ်နိုင်မလား” လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
“ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘဝနဲ့ သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား” လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက သဘောတူကြောင်း မဆိုင်းမတွပြန်ဖြေတယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင်အသွင်ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အမြန်ပျံလာခဲ့တယ်။ လူနာခန်းထဲဝင်ကြည့်တော့ ကောင်မလေးကနိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့လိုက်တယ်။ သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံကဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးဟာ ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပခုံးထက်နား သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့တောင်ပံနဲ့ ကောင်မလေးရဲ့ပါးပြင်ကို သူထိကြည့်တယ်။ သေးငယ်တဲ့ပါးစပ်နဲ့ ကောင်မလေးရဲ့ပခုံးသားကို သူနမ်းရှိုက်လိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို သူတွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တဝက်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေးကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊ သူတို့ရဲ့အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘဝက အရင်လို ပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေဝင်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ပခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ မတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲကဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိခဲ့တယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူ့မှာ ခွန်အားတွေဆုတ်လျော့သွားခဲ့တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ်စေခဲ့တယ်။
သုံးနှစ်မြောက်နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ပခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ကြည်နူးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ပါဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ပခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။
“အသင် နောင်တရပြီလား” ဘုရားသခင်က ပုစဉ်းကိုမေးတယ်။
“နောင်တ လုံးဝမရပါဘူး” မျက်ရည်တွေကိုသုတ်ရင်း သူပြန်ဖြေတယ်။
“မနက်ဖြန်ဆို လူ့ဘဝအသွင် ပြောင်းလို့ရပြီ” ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး “ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့" လို့ဆိုတယ်။
တချို့ကံတရားက လက်လွှတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။
တချို့ဖူးစာက ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။
လူတစ်ယောက်ကိုချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။
ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်းတန်ဖိုးထား ချစ်တတ်ပါစေ။
သင့်ရဲ့ပုခုံးထက်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
မူရင်း---- http://www.duwenzhang.com/wenzhang/aiqingwenzhang/20070814/714.html
နိုင်းနိုင်းစနေ(Saturday, November 03, 2007)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။