Posted by admin on October 7, 2012 0 Comment
ဒီက ဆရာမအိုကြီးကတော့ ဆံဖြူခါးကိုင်း နားထိုင်းသည့် အရွယ် ရောက်နေပါပြီ၊ လေမှာလွင့်နေသည့် ဆံဖြူစများကို လက်နဲ့ ပင့်သပ်လိုက်မိပါသည်။ ဆံဖြူစများ ဟိုယိမ်းသည်တိမ်း လွင့်ပါးနေကြသလို အတွေးစတွေကလည်း ဟိုယိမ်း သည်တိမ်းနဲ့။
ဘဝတာတခုလုံး ပညာရေးလုပ်ငန်းတွေ လုပ်လာခဲ့ရသည်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာမဘဝ။ အ လယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်ဘဝများ။ အခုတော့ ပင်စင်ယူပြီး တရားစခန်းဝင်နေရပြီ။ ဒီလိုပါပဲ။ ဆရာ ဆရာမအိုကြီးတွေ ပင်စင်ယူရတဲ့အချိန်မှာ တရားစခန်းကို အတော်များများ ရောက်လာကြသည်။ အများအားဖြင့် အိုစာမင်းစာ အထုပ်အထည်ဆိုလို့ ဘာမှ မရှိကြ။ “ပီတိကိုစား အားဖြစ်ရပါ၏” ဆိုပေမယ့်လည်း ပီတိဆိုသော ရသ ကလေးကိုပင် ကောင်းမွန်စွာ မခံစားနိုင်သော အဖြစ်များ၊ တပည့်သားမြေးများ ကောင်းစားလို့ ပီတိဖြစ်ရမလား။ တပည့် တပန်းထဲက ဘယ်နှယောက်များ ဘဝအခြေအနေ တင့်တယ်သွားကြပါသလဲ။ တိုင်းပြည်၏ဒုက္ခ၊ ပြည်သူလူထု၏ ဒုက္ခ နှင့်အတူ တပည့်တပန်း များ၏ ဒုက္ခများကိုသာ အများအားဖြင့် ကြားသိနေရသော ခေတ်ကာလတွင် ဘယ်မှာလဲ ပီတိ ဖြစ်ရတဲ့အချိန်။
မိမိတို့လို ဆရာ ဆရာမများရဲ့ ဘဝအခြေအနေတွေအတွက် ပီတိဖြစ်နေကြရမလား။ ဆရာ၊ ဆရာမကြီး တွေ၏ ဘဝ နေဝင်ချိန်တွေမှာ မဖြစ်စလောက် ပင်စင်လခလေးတွေနဲ့ ဖုန်းတောင်းယာစကာလို ဘဝမျိုး မရောက်ရုံတမယ် ချို့ငဲ့နွမ်း ပါးစွာ နေထိုင်နေကြရရှာသည့် အဖြစ်အပျက်တွေ နားမဆန့်အောင် ကြားသိနေရသည်။
တခုတော့ ရှိရဲ့။ ဆရာများနေ့မှာဖြစ်ဖြစ် သီတင်းကျွတ် မြတ်ဆရာ ပူဇော်ကန်တော့ပွဲနေ့မှာဖြစ်ဖြစ် တပည့်တပန်းတွေ စုဝေးကန်တော့တဲ့အခါမျိုးတွင်တော့ အမှန်တကယ် ပီတိ ဖြစ်ရသည်။ ယနေ့ စာသင်ကျောင်းတိုင်းမှာ (မူလတန်းကျောင်း အထိ) မြတ်ဆရာပူဇော်ပွဲတွေ ကျင်းပနေကြတာ ဗမာတနိုင်ငံလုံးပါ။ အဲဒီပူဇော်ပွဲတွေကတော့ ဆရာ ဆရာမတို့ရဲ့ နေဝင် ချိန်မှာ တောင်ဝှေးတချောင်း၊ အားဆေးတခွက်ပါပဲ။ ဆရာ ဆရာမများကို ပူဇော်တဲ့ ငွေကြေးပမာဏကလည်း အထောက် အပံ့ရပါတယ်။ ဒါဟာ ကျောင်းသား မိဘတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ပြည်သူလူထုတွေရဲ့ ရင်ကလာတဲ့ မေတ္တာ စေတနာတွေ ဖြစ်တာ ကြောင့် ဒီတချက်မှာတော့ အမှန်ပင် ပီတိ ဖြစ်ရပါရဲ့။
“မြတ်ဆရာ” တဲ့။ ဒီကနေ့ ခေတ်ကာလမှာ မြတ်ဆရာဆိုတဲ့ ဂုဏ်ရည်ပင် လျှော့ကျညှိုးနွမ်းနေပြီလား။ ကိုယ်ကျိုးအတွက် ကျောင်းသားတပည့်တပန်းတွေဆီက ကျူရှင်ခတွေ။ လာဘ်နှင့် လက်ဆောင်ပဏ္ဏာတွေ လောဘရမက်ကြီးစွာ ယူနေကြ တာတွေကလည်း ဒုနဲ့ဒေး။ ကျောင်းအပ်ချိန်မှာ ကျောင်းဝင်ကြေး စရိတ်စကတွေ သတ်မှတ်တာထက် ပိုမိုယူနေကြတာ ကလည်း ပြည်သူမိဘတွေ မခံမရနိုင်တဲ့အထိ။ သတင်းစာနဲ့ စာနယ်ဇင်းတွေမှာ တိုင်ကြားဖော်ထုတ်လာတဲ့အထိ။ ကျောင်းသားက ရှေ့ဆုံးခုံမှာ ထိုင်လိုတဲ့အတွက် ချမ်းသာတဲ့မိဘက အတန်းပိုင်ဆရာမကို အဖိုးတန် လက်ပွေ့အိတ်.. ဖိနပ်လှလှ..နောက်ဆုံးပေါ် အနွေး ထည်..စသည်ဖြင့် ဝယ်ပေးတာမျိုး ကိုယ်တိုင်ကြုံတွေ့ကြားသိခဲ့ဖူးသည်။ ကျောင်းအုပ် ဆရာမကို တယ်လီဖုန်း ဝယ်ပေးတာမျိုးပင် ရှိခဲ့ဖူးသည်။ ဆရာမအပြစ်လား၊ လာဘ်ပေးသူ ချမ်းသာတဲ့မိဘအပြစ်လား၊ ပညာရေးစနစ်ရဲ့ အပြစ်လား။ မူလတန်းအဆင့်တောင် မဟုတ်။ သူငယ်တန်း အဆင့်ကတည်းက ဝိုင်းကျူရှင် ပေးနေရ သည့် အဖြစ်တွေ။ ဆရာ ဆရာမတွေကိုချည်း အပြစ်တင်နေရမလား။ မိမိကိုယ်တိုင် ပညာရေးအရာရှိ ဖြစ်ခဲ့စဉ်က ကျူရှင် ပေးသာပေးဟု ဆရာဆရာမတွေကို အားပေးတိုက် တွန်းခဲ့ရသည့်အဖြစ်မျိုးတွေ ရှိခဲ့ဖူးသည်။ စားသောက်စရာ မရှိ၊ ချို့ ငဲ့နွမ်းပါးနေကြသည့် ဆရာဆရာမများ ရဲ့ဘဝကို ကြည့်မြင်နေရတာ ရင်မှာ ကြေကွဲမိလွန်းလို့ပါ။ အတ္တရမက်ကြီးသော ဆရာ ဆရာမများကို အပြစ်တင်နိုင်ပါသည်။ ဒါပေမဲ့ ဗမာပြည်က ဆရာ ဆရာမတွေရဲ့ဘဝကို ပြောမည်ဆိုလျှင် ထောင့် စုံအောင် စဉ်းစားသုံးသပ်စရာတွေ ရှိနေပါသည်။
ခေါင်းထဲမှာ ဗမာပြည်က ကျောင်းဆရာ ဆရာမတွေရဲ့ လစာနှင့် အိမ်နီးချင်းနိုင်ငံမှ ဆရာ ဆရာမတွေရဲ့ လစာငွေကို နှိုင်းယှဉ်နေမိပြန်သည်။
- တရုတ်ပြည်မှာ လုပ်သက်ရ မူလတန်းပြဆရာတဦး၏လစာမှာ ယွမ် ၃ဝဝဝ။ (မြန်မာငွေ ၄ သိန်း၊ ၂ သောင်း)
- ထိုင်းမှာ လုပ်သက် ၅ နှစ်ရ မူလတန်းပြဆရာတဦး၏ လစာက ဘတ်ငွေ ၁၂ဝဝဝ( မြန်မာငွေ ၃ သိန်း)
- ဗမာပြည်မှာက မူလတန်းကျောင်းအုပ်သည်ပင်လျှင် (လစာ ၅၃ဝဝဝ-၅၈ဝဝဝ) သာ ရကြသည်။
တရုတ်ပြည်မှာ နာရီပိုင်း လမ်းသန့်ရှင်းရေးလုပ်တဲ့ မိန်းကလေးက မော်တော်ဆိုင်ကယ်နဲ့လာပြီး တနေ့ တနာရီလောက် သန့်ရှင်းရေးလုပ်သွားသည်။ လစာငွေက ဗမာပြည်က မူလတန်းကျောင်းအုပ်လစာထက် အများကြီး ပိုနေသည်။ ကဲ့ရဲ့ သရော်ချင်နေမိသည်။ ဘယ်သူ့ကိုလဲ။ ဗမာပြည်က ပညာရေးစနစ်ကိုလား။ အုပ်စိုးသူ အစိုးရမင်းများကိုလား။ ဘဝပေး အခြေအနေကိုလား။
မိမိ ငယ်စဉ်က အတန်းထဲအထိ လက်တွေ တုန်တုန်ရီရီနှင့် အရက်သောက်ခဲ့သည့် ဆရာတဦးကို သွား သတိရမိသည်။ ယခုတော့ မရှိတော့ပြီ။ ဆရာကို မကဲ့ရဲ့လိုသည့်အပြင် သနားနေမိသည်။ ဒီလိုအဖြစ်မျိုး ရောက်အောင် ဆရာ့ကို ဘယ် ပတ်ဝန်းကျင်က ဖန်တီးပေးခဲ့တာပါလဲ။
ဘယ်လိုပဲဖြစ်ဖြစ် မြတ်ဆရာကတော့ မြတ်ဆရာပါပဲ၊ တပည့်တွေအပေါ် စေတနာ မေတ္တာအပြည့်နှင့် အနစ်နာခံ သင်ပြ ပေးသည့် ဆရာ ဆရာမတွေ ဗမာပြည်မှာအများကြီး ရှိနေသေးသည်။ ဒါကြောင့်ပဲ မြတ်ဆရာ ပူဇော်ပွဲတွေ ကျင်းပနေကြ တာ မဟုတ်လား။
ဘာရယ်လို့မဟုတ်။ လစာနဲ့ မလောက်ငရှာကြတဲ့ ဆရာ ဆရာမတွေရဲ့ဘဝလေးတွေ၊ သနားစရာ ကောင်းတဲ့ ဆရာမ လေးတွေရဲ့ ဘဝတွေကို ဒီနေ့မှာ ဟိုတစ ဒီတစ သတိရနေမိပြန်သည်။
မျက်စိထဲမှာ မြင်ယောင်နေမိတာက ပြည်နယ်မှာ မူလတန်းပြဆရာမလုပ်ရင်း စာပေးစာယူနဲ့ စာဆက်သင်နေရှာတဲ့ ဗမာ ဆရာမလေး နှစ်ယောက်၊ စာသင်နေတဲ့ ကျောင်းကနေ စာမေးပွဲဖြေဖို့ ခွင့်ရလို့ မြို့တက်ပြီး စာမေးပွဲဖြေ။ ဖြေပြီးလို့ မိမိ တို့ရဲ့ စာသင်ကျောင်းကို ပြန်အလာမှာ မိုးကရွာလို့ ချောင်းမှာ ရေတွေကြီးနေပေါ့။ တိုင်းရင်းဒေသခံ လှေသမားတွေကို လှေနဲ့ လာခေါ်ဖို့ အော်ပြောပေမယ့် လာမခေါ်။ ရွာ ဥက္ကဋ္ဌတွေက ကျောင်းဆရာ ဆရာမတွေအပေါ် အလေးမထားတော့ ရွာကလည်း အလေးမထားကြတော့၊ ဒီတော့ ကျောင်းကို မဖြစ်မနေ ပြန်ချင်နေရှာတဲ့ ဆရာမလေးနှစ်ယောက်က ချောင်း ကို လှေမပါဘဲ ဖြတ်ကူးတဲ့အခါ ရေစီးမှာ မျောပါပြီး အသက်ဆုံးရှုံးသွားခဲ့ရရှာသည်။ မိဝေးဖဝေး တရပ်တကျေးမှာ အ လောင်း မြေချဖို့ တောင် ကျန်ဆရာ ဆရာမတွေ ဝိုင်းဝန်း ငွေထည့်ဝင်ပြီး လုပ်ခဲ့ရသည်။
ဗမာပြည်က ဆရာဆရာမလေးတွေရဲ့ဘဝက ပိုပြီး သနားစရာကောင်းသည်။ ကျောင်းဆရာအလုပ်အတွက် ဝေးလံသီ ခေါင်သည့် နယ်စွန်နယ်ဖျား၊ ချောက်ကြိုချောက်ကြားမှာ သွားရောက် စာသင်ကြားကြရသည်။ ဒီခေတ် ရွာဥက္ကဋ္ဌတွေက လည်း စာသင်ကျောင်းအတွက် ကစားကွင်းပါ လုပ်လို့ရသည့် မြေနေရာကောင်းကို မပေးလိုကြ။ အစွန်အဖျား မကောင်း သည့် နေရာကိုသာ ပေးသည်။ ကျောင်းဆရာ ဆရာမတွေထက် သူတို့ကို ဆေးထိုးပေးသည့်၊ ဆေးကျွေးသည့် ကျန်းမာ ရေးဝန်ထမ်း ဆရာ ဆရာမတွေကိုသာ အလေးထားကြသည်။ ကျောင်းဆရာ ဆရာမလေးတွေဆို ဟိုအရင်ကလို အိမ် ကောင်းကောင်းတွေမှာ ထားမပေးတော့။ ဆရာ ဆရာမတွေနေရတဲ့အိမ်က မိုးမလုံ၊ လေမလုံ၊ အိမ်ကုပ်ခပ်သေးသေး လေးတွေ၊ ဒေသခံဆရာဆရာမတွေက ဈေးနေ့တွေဆို ဈေးရောင်းထွက်သည်။ ဈေးမရောင်းလို့မရ၊ မစားလောက်ဘူးဟု ဆိုသည်။ သူတို့ကိုလည်း အပြစ်မဆိုးသာ၊ တက်တင်းထိုး၊ သိုးမွေးထိုးပြီး ဈေးနေ့မှာသွားရောင်းမှ ကျောင်းဆရာ ဆရာမ ဘဝနဲ့ ရပ်တည်နိုင်မည်ဆိုသည်။ ဗမာပြည်က ဆရာ ဆရာမလေးတွေ သင်ပေရော့။ ကျောင်းပိတ်ရက်တွေဆို ဗမာပြည် ကလာတဲ့ ဆရာ ဆရာမလေးတွေ ပြန်စရာ စရိတ်မရှိလို့ အိမ်မပြန်ဘဲ ကလေးတွေကို စာသင်ပေးနေရပြန်သည်။ ရွာခန့် ဆရာဆရာမလေးတွေရဲ့ဘဝက ပိုဆိုးသည်။ လုပ်ခါစမှာ ဆန်သာပေးသည်၊ ဆီမရ၊ ဟင်းချက်စရာ ကိုယ့်ဘာသာ ရှာ ဖွေတောင်းရမ်းရသည်။ ဆရာ ဆရာမတွေခမျာ ငွေမရှိလို့ မြိုကိုတောင် မသွားနိုင်ကြ။ သွားလျှင်လည်း ကားခမရှိလို့ ခြေ လျင်သွားရတာမျိုး ရှိသည်။
ဆရာ ဆရာမတွေ ဒီနေ့ခေတ်လို ဆင်းရဲကျပ်တည်းနေကြတာတွေဟာ ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ ဒေသခံ တွေ ပညာရေးအပေါ် အလေးထားမှု လျော့ကျလာတာတွေကကော ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ “ကျောင်းဆို တာ လူသားတဦးချင်းကို ပြုပြင်ပေးတဲ့နေရာ” ဆိုပြီး တချို့ကတော့ အလေးထားကြသည်၊ ဒါပေမဲ့ ဗမာပြည်က ကျောင်း တွေ၊ ဆရာ ဆရာမတွေရဲ့ဘဝတွေ။ ပညာရေးစနစ်အကြောင်းတွေက ပြောစရာတွေ ရင်နဲ့အပြည့်။ အလျဉ်းသင့်ရင်ဖြင့် ပြောပြလိုပါသေးသည်။ အခုကတော့ မြတ်ဆရာ နဲ့ပတ်သက်တဲ့အချက်တွေပဲ ရင်မှာ ခံစားနေမိတာပါ။
ကျမတို့ငယ်စဉ်ကတော့ ဆရာ့စကား မြေဝယ်မကျ နားထောင်ခဲ့ကြရတာပါ၊ ကလေးတော်တော်များများဟာ ငယ်စဉ်မှာ ဖယောင်းတုံးလေးတွေလို ပုံသွင်းယူလို့ ရပါတယ်၊ တချို့ကလေးတွေဆို မိဘ မနိုင်လို့ ဆရာဆီ အပ်လိုက်ရင် ကောင်း လာတာတွေလည်း ရှိခဲ့ပါတယ်၊ ဒီလိုပါပဲ။ ဆရာ ဆရာမတွေကို ပန်းပုဆရာ(သို့မဟုတ်) ဥယျာဉ်မှူးလို့ တင်စားခေါ်ဝေါ် ကြတာလည်း ရှိပါတယ်၊ ဓားသွေးကျောက်နဲ့တူတဲ့ ဆရာ ဆရာမတွေဟာ ဓားတွေလို့ ခေါ်ဆိုရမယ့် ကလေးတွေကို ထက်မြက်အောင် သွေးပေးရင်း လုံးပါးပါးလာတာတွေလည်း ရှိပါတယ်။ ပန်းပုဆရာက ရုပ်လုံးပေါ်စေရန် ထုဆစ်ရတာ က အသက်မရှိတဲ့ သစ်သားတွေ၊ ရွှံ့စေးတွေသာ ဖြစ်လို့ မိမိလိုရာ ထုဆစ်လို့ ရပါတယ်၊ ဆရာ ဆရာမတွေကတော့ မိဘ အပေါ် ဆိုးနွဲ့လာသူ သက်ရှိကလေးတွေကို ထုဆစ်ကိုင်တွယ်ရတာ ခက်ခဲလှပါတယ်။
တကယ့်ဥယျာဉ်မှူးတွေဆိုတာကလည်း စကားမပြောတတ်တဲ့ သစ်ပင်ပန်းမာန်တွေကိုသာ ရေလောင်း ပေါင်းသင်တဲ့အ လုပ်ကို လုပ်နေကြရတာပါ၊ ပညာရေးဟာ လူ့အဖွဲ့အစည်းရဲ့ နှလုံးသား၊ လူ့အဖွဲ့အစည်းရဲ့ အသက်သွေးကြော ဖြစ်ပါ တယ်။ ဒီပညာရေးအတွက် ဆရာဆရာမတွေ ထိတွေ့ကိုင်တွယ် ဆက်ဆံနေရတဲ့ အရာတွေဟာ သက်မဲ့တွေ မဟုတ်ပါ ဘူး၊ ခံစားတတ်၊ ပြောတတ် ဆိုတတ်၊ သက်ရောက်မှုတိုင်းကို ယင်းသက်ရောက်မှုနဲ့အညီ တုံ့ပြန်တတ်ပြီး အနာဂတ် လူ့ အဖွဲ့အစည်းရဲ့ ကောင်းကျိုးဆိုးကျိုးကို ဖော်ဆောင်ကြမယ့် လူ့အမျိုးအနွယ် လူသားကလေးငယ်တွေ ဖြစ်ကြပါတယ်။
ယနေ့ခေတ် ပညာရေးကို စာမေးပွဲနဲ့ တိုင်းတာကြပါတယ်။ ဆရာဆရာမတွေရဲ့ သင်ကြားရေးအောင်မြင်မှုကိုလည်း အောင်ချက်နဲ့ တိုင်းတာနေကြပါတယ်။ အရေးကြီးတာကတော့ ဆရာဆရာမတွေအနေနဲ့ ဘယ်လို ကျောင်းသားတွေ မွေးထုတ်ကြမလဲ။ ဘယ်လိုကျောင်းသားမျိုးတွေ မွေးထုတ်ပေးသင့်ပါသလဲ။ ကျောင်းပညာရဲ့ ရည်ရွယ်ချက်က ဘာတွေ လဲ…စတဲ့ အချက်တွေပါ၊ ကိုယ့်နိုင်ငံရဲ့ ပညာရေးကို တခွန်းတည်း ဝေဖန်ရရင်တော့ မိဘ၊ ဆရာ၊ ကျောင်းသားဆိုတဲ့ တြိဂံပုံ ပညာရေးဆိုပေမယ့် တကယ်တာဝန်ရှိတာကတော့ အစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်။ ပညာရည် တိုးတက်မြင့်မားရေးဆို ပြီး ပညာရေးမြှင့်တင်မှု အစီအစဉ်တွေ၊ နှစ် ၃ဝ နှစ်ရှည်စီမံကိန်းတွေ ဆောင်ရွက်ခဲ့ကြပေမယ့် မအောင်မြင်ဘူးဆိုတာ ရလဒ်တွေက သက်သေပြနေပါတယ်။
(ကျောင်းဆရာဆိုတာ ပညာတတ်တိုင်း လုပ်လို့ဖြစ်တာ မဟုတ်ဘူး။ ဆရာဖြစ်သင်တန်းအောင်မှ လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ ဆရာလုပ်ဖို့ အရည်အချင်းမရှိသူတွေ ဆရာဝင်လုပ်နေကြတဲ့ ကျောင်းမျိုးဆိုရင် ကလေးတွေကို မှန်ကန်တဲ့ ပညာရပ်တွေ၊ မှန်ကန်တဲ့ အတွေးအခေါ်တွေ ပေးနိုင်ပါ့မလား.. ဂါရဝတရားတို့ မင်္ဂလာတရားတို့ သိပ်အလေး ထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှ ရှေးက မကြားဖူးတဲ့ ရုန်းရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်း ပျစော်ကားမှုတွေ ဒီနေ့ နေရာစုံ နယ်ပယ်စုံမှာ မတွေ့ချင် မမြင်ချင့်အဆုံး မြင်တွေ့နေရတယ်၊ ဒါတွေကို လုံးဝ လျစ်လျူရှု ထားလိုက်မယ်ဆိုရင်…. ) ဆိုပြီး ဆရာလူထု ဦးစိန်ဝင်းက ရေးသွားခဲ့တယ်။
ဒီလိုခေတ်မျိုးမှာ မြတ်ဆရာပူဇော်ပွဲလေးတွေ ကျင်းပဖြစ်နေတာကတော့ ရှားရှားပါးပါး မင်္ဂလာတပါးပါပဲလို့ စိတ်ထဲ အောက်မေ့မိပါတယ်။ အပြင်မှာ မိုးဖွဲလေးတွေကျနေပြန်တော့ မိုးသက်မုန်တိုင်းထဲက ဗမာပြည်က ဆရာဆရာမတွေ ရှားရှားပါးပါး မင်္ဂလာတပါးဖြစ်တဲ့ အာစရိယပူဇော်ပွဲလေးတွေတက်ပြီး ပီတိပြုံးလေးတွေ ပြုံးနေကြမှာကို စိတ်ထဲက ရမ်းရော် မြင်ယောင်မိရင်း ကြည်နူးစိတ်ကလေးတွေ ဝင်လာရပြန်ပါတယ်။
မြေဖြူခဲတချောင်းထဲမှာ ချွေတွေ၊ သွေးတွေ၊ စေတနာတွေ၊ မေတ္တာတွေ ပါဝင်နေတယ်ဆိုတာ လူတိုင်း မမြင်နိုင်ကြပါဘူး၊ ကျောင်းဆရာ ဆရာမတွေလည်း တော်လှန်ရေးတွေ အရေးတော်ပုံတွေမှာ ပါဝင်ထမ်းဆောင်ရင်း အသက်စွန့်သွားခဲ့တာ တွေ မနည်းပါဘူး၊ မြေဖြူခဲလည်း ရဲတတ်ပါတယ်ဆိုတာ အသိပေးရင်း…
မြမြချို
အောက်တိုဘာ ၅ ရက်။ ဆရာများနေ့
http://www.naytthit.net/?p=31077 မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။