Bamaw Thein Pe added 3 new photos.
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘရာဇီးနိုင်ငံ ရီယိုဒေဂျနေရိုးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲကြီးမှာ စင်္ကာပူနိုင်ငံက အသက် ၂၁ နှစ်အရွယ် ဂျိုးဇက်စကူးလင်း (Joseph Schooling)က မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ အိုလံပစ်စံချိန်သစ် ၅၀.၃၉ စက္ကန့်နဲ့ ရွှေတံဆိပ်ရယူနိုင်ခဲ့တယ်ဆိုတာ အတော်များများ သိပြီးနေလောက်ပါပြီ။ ဒီရွှေတံဆိပ်ဟာ စင်္ကာပူနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်ရဖူးတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုလည်း ဖြစ်ပါတယ်။
ဒီသတင်းကို ကြားရတဲ့ လူတွေကတော့ ချီးကျူးကြသလို သူကို ကံကောင်းလိုက်တာလို့ ထင်ကြမှာပါ။ မြန်မာပြည်က အားကစားစိတ်ဝင်စားသူတွေကတော့ သူ့ကို သိကြမှာပါ။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွေမှာ ရေကူးနဲ့ ရွှေတံဆိပ်ဆု များစွာ ရခဲ့သူမို့ပါ။
သူ့ကို အိုလံပစ်ချန်ပီယံတစ်ယောက်ဖြစ်စေခဲ့တာက တစ်မိနစ်တောင် မပြည့်တဲ့ "၅၀.၃၉ စက္ကန့်" လေးပါ။ အဲဒီ စက္ကန့် ၅၀ စက္ကန့်ရအောင် သူ ဘယ်လောက် ကြိုးစားခဲ့ရသလဲ။ လေ့ကျင့်ခဲ့သလဲ။ လူငယ်ဘာဝ ပျော်ချင်ပါးချင်တာတွေကို စွန့်ပယ်ခဲ့တာ ဘယ်လောက်ကြာခဲ့သလဲ။ သူ့မိဘတွေ ငွေရေးကြေးရေးကအစ သားနဲ့ ခွဲနေခဲ့ရတဲ့ အနစ်နာခံစွန့်လွှတ်ခဲ့တာ ဘယ်လောက်ကြာခဲ့တယ် ထင်သလဲ။
"၅၀.၃၉ စက္ကန့်လေးအတွက် ၇ နှစ်ကြာခဲ့ပါတယ်"။
၂၀၀၉ ခုနှစ်မှာ အသက် ၁၄ နှစ်သားလေး ဂျိုးဇက်က သူ့မိဘတွေကို ပူဆာတယ်။ သူဟာ ရေကူးလေ့ကျင့်ချင်လို့ အမေရိကန်၊ ဖလော်ရီးဒါးက ကျောင်းပို့ပေးပါလို့။ သူ့မိဘတွေဟာ ချမ်းသာသူတွေ မဟုတ်ကြပေမဲ့ သားဖြစ်သူရဲ့ တနေ့မှာ ကမ္ဘာ့ရေကူးချန်ပီယံဖြစ်ချင်တဲ့ ပြင်းပျလွန်းတဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အမေရိကန်က Bolles School ကျောင်းကို ပို့ပေးလိုက်တယ်။
အသက် ၁၄ နှစ်သား ဂျိုးဇက်ဟာ ပတ်ဝန်းကျင်သစ်၊ စရိုက်မတူတဲ့ အပေါင်းအသင်းတွေကြောင့် စိတ်ဓါတ်ကျပြီး စင်္ကာပူကို ပြန်လာချင်နေတယ်။ ဒါကြောင့် သူ့အဖေ Collin Schooling နဲ့ အမေ May Schooling တို့ဟာ ဂျိုးဇက်ဆီသွားပြီး လအတန်ကြာ အလှည့်ကျ နေပေးခဲ့ကြရတယ်။
စင်္ကာပူအစိုးရက ဂျိုးဇက်ရဲ့ ရေကူးလေ့ကျင့်စရိတ်အဖြစ် တနှစ်ကို စင်္ကာပူဒေါ်လာ ၉၀,၀၀၀ ကျော်ပေးပေမဲ့ သူ့မိဘ ၂ ပါးဟာ ဂျိုးဇက်အတွက် ကျောင်းစရိတ်၊ ကျူရှင်ခ၊ နေထိုင်စရိတ်၊ ရေကူးနည်းပြငှားခစတဲ့ ကုန်ကျစရိတ်တွေကတွက် ၇ နှစ်တာကာလမှာ အမေရိကန်ဒေါ်လာ တစ်သန်းနီးပါး ကုန်ကျခဲ့လို့ သူတို့မှာ စုဆောင်းထားတာတွေ ကုန်သလောက် ဖြစ်သွားပါတယ်။
ဒါပေမဲ့ မိဘတွေဟာ သူတို့ရဲ့ တဦးတည်းသော သားလေးရဲ့ ငယ်ကတဲက အိပ်မက်ကို ဖြည့်ဆည်းပေးနိုင်လို့ ပိုက်ဆံတွေကုန်ခဲ့တာကို မစဉ်းစားပါဘူတဲ့။ ကျေနပ်ဝမ်းသာမဆုံးဖြစ်နေကြတယ်။
စင်္ကာပူအစိုးရအနေနဲ့လည်း စင်္ကာပူနိုင်ငံ့သမိုင်းမှာ ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ရယူပေးခဲ့သူ ဂျိုးဇက်စကူးလင်းကို ငွေသား စင်္ကာပူဒေါ်လာ တစ်သန်းအပြင် အခြားဆုကြေးတွေကို ခမ်းခမ်းနားနား ထိုက်ထိုက်တန်တန် ဂုဏ်ပြုပါလိမ့်အုံးမယ်။
အချုပ်ပြောချင်တာက တစ်မိနစ်မကြာတဲ့ စံချိန်တစ်ခုရဖို့ ဂျိုးဇက်ဟာ ၇ နှစ်ကြာအောင် မိဘ၊ ဆွေမျိုး၊ အပေါင်းအသင်းတွေနဲ့ ဝေးရာမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရသလို သူ့မိဘတွေကလည်း ငွေကြေး၊ အချိန်တွေပေး အနစ်နာခံခဲ့ရတယ်ဆိုတာကို သိစေချင်တာပါ။ အောင်မြင်မှုဆိုတာ အချောင်ရတာ၊ လွယ်လွယ်ကူကူရတာမဟုတ်သလို ပေးဆပ်မှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ အောင်မြင်မှုကြီးလေ ပေးဆပ်မှုကြီးလေပါပဲ။
ထူးဆန်းတာလေးတစ်ခုက ၂၀၀၈ ခုနှစ် ဘီဂျင်းအိုလံပစ်ပြိုင်ပွဲမတိုင်ခင်လေးမှာ ၁၃ နှစ်အရွယ် ဂျိုးဇက်ဟာ သူအရမ်းအားကျပြီး သူ့ရဲ့သူရဲကောင်းလို့ သတ်မှတ်ထားတဲ့ အိုလံပစ်ရေကူးချန်ပီယံ အမေရိကန်လူမျိုး Michael Phelps ဆီက autograph လက်မှတ်ကို ရရှိခဲ့လို့ အရမ်းပျော်ခဲ့ရတယ်။ အခုပြိုင်ပွဲမှာတော့ သူဟာ Michael Phelps ကို အနိုင်ယူပြီး ရွှေတံဆိပ်ဆုကို ယူနိုင်ခဲ့ပြီ။ အောက်ကပုံမှာ ၁၃ နှစ်သားလေး ဂျိုးဇက်နဲ့ Michael Phelps တို့ကို အတူတွေ့ရစဉ်ကပါ။
ဗန်းမော်သိန်းဖေ
၁၄-၀၈-၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။