The Observer is observed (အပိုင်း - ၁)
ခရစ်ရှနာမူရတီ
--------------------
ဉာဏ်ပညာလို့ ဆိုတဲ့ အလုပ်ဟာ အတွင်းသန္တာန်မှာ တွေဝေမှု၊ တားဆီးမှု၊ အမှောင်ထု တို့ ရှိနေသ၍ ကျုပ်တို့ ကိုယ်စီမှာ ရှိနေတဲ့ ဒုက္ခတွေကို ချုပ်ငြိမ်းအောင် မစွမ်းနိုင်ဘူး။ အဇ္ဈတ္တ သန္တာန်မှာ လိုအပ်မှု မပြည့်စုံမှုတို့ များလာလေလေ ဉာဏ်ပညာ ကြီးမားလာအောင် အား ထုတ် ရလေလေပဲ။
ဒါ့ကြောင့် ဒီဉာဏ်ပညာဆိုတာဟာ အတ္တ အကောင် အထည် ကြီးထွား ရင့်ကျက် လာစဉ် တစ်လျှောက် မြင့် တက် လာသော အခြေအနေတစ်ခုလည်း ဖြစ်တယ်။
ဒါ့ကြောင့် အပြင်ပန်း အနေနဲ့ အသိဉာဏ်ဆိုတာဟာ -
တက်ကြွ၍ သော်လည်းကောင်း၊
အမြဲတစေ တည်ဆောက်နေ၍ သော် လည်းကောင်း၊
အဟောင်းတွေကို ဖြိုဖျက်၍သော် လည်းကောင်း၊
အမှန်နဲ့ အမှားကြား လွန်ဆွဲနေ၍သော်လည်းကောင်း၊
ပြုပြင် စီရင်နေ၍ သော်လည်းကောင်း၊
ဆန်းသစ်၍ သော်လည်းကောင်း ရှိနေသော်လည်း
အသိဉာဏ်ရဲ့ အတွင်းလက္ခဏာမှာတော့ -
မျှော်လင့်ချက်ကင်းမဲ့ခြင်း နဲ့ ဗလာတို့နဲ့ ပြည့်နှက်လို့နေပါတယ်။
မာကျောခြင်း၊ သစ်လွင်ခြင်း၊ အသစ်တစ်ဖန် ဖြစ်တည်ခြင်း၊ ထောက်ကန်ခြင်း ဆိုတဲ့ ဉာဏ်ပညာရဲ့ ပြင်ပလက္ခဏာတွေဟာ အတွင်းကိုလှိုက်လာတဲ့ တွေဝေမှုတို့ ကြီးထွားလာသည့် အလျောက် မြင့်တက်လာတယ်။
ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် မီးတောင်ဝမှာ တစ်ရစ်ပြီး တစ်ရစ် တက်လာတဲ့ မီးတောင် ချော်ရည်ဟာ အေးခဲလာတဲ့ အခါ ဆန်းကြယ်ခမ်းနားသော ပုံသဏ္ဍာန်တို့ ပေါ်ပေါက်လာရ သလိုပဲ။ ပြင်ပလက္ခဏာ ဘယ်လောက်ပဲ ထူးထွေဆန်းပြားပါစေ အတွင်းမှာ ငုပ်နေတဲ့ မီးတောင်ကြောင့် နောက်ဆုံးမှာ တစ်စစီ ကွဲကြေ ပျက်သုန်း ရတာပဲ။
ဒီလို အတ္တရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ ဉာဏ်ပညာဟာ တဖျတ်ဖျတ်နဲ့ သတိရှိသလို နိုင်နင်းမှု လဲရှိပြီး ကြီးမား ကျစ်လျစ်တဲ့ သဘာဝရှိသော်လည်း သူ့ အဇ္ဈတ္တအမှောင်ထု ထဲကနေ သူကိုယ်တိုင် ဖောက်ထွက်ဖို့ငှာ မစွမ်းနိုင်ဘူး။ ပြောရမယ်ဆိုရင် ဉာဏ်ပညာဆိုတဲ့ အရာဟာ သူ၏ ခမ်းနားမှု ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်တဲ့ ပဋိပက္ခတွေ ပူပန်ကြောင့်ကြမှု တွေကြောင့် တစ်ချိန်မှာတော့ ကြေကွဲ ပျက်သုန်း သွားပါလိမ့် ဦးမယ်။
ဒါ့ကြောင့် ဉာဏ်ပညာဟာ သစ္စာတရားကို တွေ့ရှိနိုင်ဖို့ လမ်းတစ်လျှောက်လဲ ဖြစ်သလို အဆုံးမှာ ပိတ်နေတဲ့ တံခါးတစ်ချပ်လဲ ဖြစ်တယ်။
ဆက်ရန်
Translated by kyaw nge

မျှော်လင့်ချက်ကင်းမဲ့ခြင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။