သူ၏မျက်နှာတစ်ခွင်လုံးသာမက ဘယ်၊ ညာ ရင်အုံ၊ လက်မောင်း စသည့်နေရာတွေကဆေးမင်ကြောင်များက ထူးခြားသည်။ မျက်နှာ၊ ပါးနှင့်မေရိုးနှစ်ဖက်တွင် လွတ်လပ်ခြင်း ဟူသော အင်္ဂလိပ်စာသားများ၊ မေးတွင် ရက်ဂေး (Reggae) ၏လိုဂိုနှင့် Peace စာသားများ၊ ညာ ဘက်လက်မောင်းတွင် Bob Marley ပုံတူ၊ ညာဘက်ရင်အုံတွင် ပြည်သူချစ်သည့် ဒေါင်းမိခင်ပုံတူ၊ ဘယ်ဘက်ရင်အုံတွင် ခရစ်ယာန် ဘာ သာဝင်များနှင့် သက်ဆိုင်သည့် ဆရာယုဒသန်။ ဘယ်ဘက် လက်မောင်းမှာတော့ ကေသရာဇာ ခြင်္သေ့။
”ကျွန်တော်ကတက် တူးကို စွဲမက်လို့ထိုးတာတော့မဟုတ်ဘူး။ ကြိုက်လည်းမကြိုက်ဘူး။ ကျွန်တော်စိတ်ထဲ နှစ်သက် တဲ့အရာ၊ မြတ်နိုး တဲ့ အရာကို ထိုးထားတာပါ။ အနုပညာရှင်တွေက မျက်နှာကိုတန်ဖိုးထားကြတယ်။ ကျွန်တော်က ကျွန်တော်တန်ဖိုး ထားတဲ့ မျ က်နှာပေါ်မှာ နောက်ထပ်တန်ဖိုးထားတဲ့ Reggae ၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခြင်းကို ထပ်ပြီးတင်လိုက်တဲ့ သဘောပါ”ဟု သူကမျက်နှာ ကို လက်ဖြင့် သပ်ကာဂုဏ်ယူစွာ ပြောပြခဲ့သည်။
အမုန်းတရားရဲ့ရလဒ် … အသီးအပွင့်အဖြစ်ဆိုး …မြေစာပင်ငယ် အော်ဟစ်ရှိုက်ကာငို …ကျိန်စာမြေလိုအဖြစ်ဆိုး ဘဝတွေကို..ဘယ် သူလာကာ ဖြေရှင်း ပေးမှာတုန်း…အပြစ်မဲ့ပန်းကလေးတွေ စိတ္တဇညမှာလွင့်မျောကြွေ…နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေ ဘယ်လောက်ထိ ကျန်နေလဲ…ဒေါနမြေပန်း ကလေးတွေ အဆိပ်သင့်ညမှာ လုလို့ြေ<ွက…အဲဒီမြေမြုပ်မှိုင်းတွေရပ်…ရပ်ကြပါတော့ …။ သူ့စကားသံနှင့်အတူ သီချင်းသံကလည်း လွင့်ပျံနေပါသည်။
”ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးဟာ အရမ်းကို အရေးကြီးလာပါပြီ။ အမုန်းတွေရပ်ပြီး သာယာတဲ့ကမ္ဘာမြေ ကိုဖန်တီးကြပါစို့”
အထက်တွင်ရေးဖွဲ့ထားသောထူးခြားသည့် အသွင်အပြင်များနှင့်အတူ ထိုသို့ပြောလိုက်သူကတော့ ဂီတလောကတွင် ငြိမ်းချမ်းရေး တေး သံရှင်ဟုလူသိများသည့် စောဖိုးခွားဖြစ်သည်။ သို့သော် ထူးခြားသည့်တက် တူး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ခြင်းကိုချစ်သည့် စောဖိုးခွားက အဘယ်ကြောင့် ခြင်္သေ့ပုံကို အမြတ်တနိုး ဆေးမင် တင်ထားသည်ကိုတော့ လူအများစု စိတ်ဝင်စားသိလိုကြပါမည်။
”ကျွန်တော်ထိုးတဲ့ခြင်္သေ့က ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ခြင်္သေ့မဟုတ်ဘူး။ ခွန်အားနှင့် ပြည့်စုံတဲ့ ကေသရာဇာခြသေ့င်္ကိုထိုးတာပါ။ ကျွန်တော် တစ်ခါဖတ်ဖူးတယ်။ ခြသေ့င်္တွေကအစာဖမ်းတဲ့ အခါကြီးကြီးသေးသေး ခွန်အားကတော့ အတူတူပဲ။ ယုန်ဖမ်းလို့ ခွန်အားေ သးသေးပဲသုံးတာ မဟုတ်ဘူး။ ဆင်ဖမ်းလည်းခွန်းအားကြီး ကြီးသုံးတာမဟုတ်ဘူး။ အတူတူပဲသုံးတယ်။ အဲဒီသဘာဝကို ကြိုက်လို့ ကျွန်တော်ထိုးပြီး အဲဒီအတိုင်းကျွန်တော် ရှင်သန်တာပါ။ မြေဝိုင်းမှာဆိုရလည်း ဒီပါဝါပဲ။ စင်ပေါ်တက်ရလည်း ဒီပါဝါပဲ။ လမ်းဘေးမှာ ဆိုရ လည်း စိတ်မပျက်ဘဲ ဒီအသံအတိုင်းဘဲကျွန်တော်သီချင်းဆိုခဲ့တာပါ”ဟု တည်ကြည် သည့်မျက်နှာဖြင့် ရှင်းပြသည်။
စောဖိုးခွားသည် ၁၉၆၈ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဂျွန်စတီးလ်နှင့်နော် ရှယ်လီထွေးတို့မှ မွေးဖွားခဲ့ပြီး မောင်နှမသုံးဦး အနက်အကြီး ဆုံးသား ဖြစ်သည်။ စောဖိုးခွားသည် ကူရှင်ဟိုက်စကူး (ယခု-အထက(၄)အလုံ)တွင် သူငယ်တန်းမှဆယ်တန်းထိ ပညာဆည်း ပူးခဲ့သည်။ ငယ်စဉ်ကလေးဘဝကို မစ်ရှင်ဝင်း (MBC -မြန်မာနိုင်ငံနှစ် ခြင်းအသင်းချုပ်) တွင်ကြီးပြင်းခဲ့ပြီး ဖခင်ဖြစ်သူ ဂျွန်စတီးလ် သည် ဘော လုံးလက်ရွေးစင်တစ်ဦးဖြစ်ခဲ့သလို အကောက်ခွန်ဌာနမှာ အရာရှိတစ်ဦး ဖြစ်ခဲ့သည်။ ဖခင်၏အမွေကို လက်ဆင့်ကမ်း သည့် သားအဖြစ် စောဖိုးခွားသည်လည်း ဘောလုံးလက်ရွေးစင်တစ်ဦး ဖြစ်လာခဲ့သည်။
”ကျွန်တော်ငယ်ငယ်က ဘုရားကျောင်း Sunday School မှာကလေးသံစုံသီချင်း အမြဲတမ်းဝင် ပြိုင်တယ်။ ဒါပေမဲ့ တစ်ခါမှ ဆန်ခါတင် အရွေးမခံရဘူး။ ကြာလာ တော့ စိတ်ဓာတ်ကျပြီး ကျွန်တော်သီချင်းနဲ့ ဝေးသွားခဲ့တယ်။ ဘောလုံးကိုပဲဝင်ကစားဖြစ်လာတယ်” ဟု ၎င်းကငယ်ဘဝကို ပြန်လည် ပုံဖော်ကာ ရယ်ရယ်မောမောပြော ပြခဲ့သည်။ ဆယ်တန်း စာမေးပွဲကို နှစ်နှစ်ဖြေဆိုခဲ့ရပြီး ဘော လုံးလော ကထဲ ခြေချခဲ့သည်။ ဆီးဂိမ်းလက်ရွေးစင် အထိပါဝင်ခဲ့သည်ဟု သိရ သည်။ ၁၉၉၅ ခုနှစ်တွင် အက်စသာပန်းနှင့် အိမ်ထောင် ကျပြီး သား ဂျော်ဒန်စတီးလ် (ဇစ်ဂီ)နှင့် သား ဇိုင်ယံစတီးလ်တို့ ထွန်းကားခဲ့သည်။
စောဖိုးခွားက ဘောလုံးကစားရင်း မထင်မှတ်သည့် သီချင်းခွေတစ်ခွေကြောင့် ဂီတနှင့်ပြန်လည်ရင်းနှီးလာပြီး ဝါသနာပါရာ ဂီတကို အစဆွဲထုတ်ရှာပုံတော် ဖွဲ့ခဲ့ပုံကို အမှတ်တရတစ်ခု အ ဖြစ်ပြန်လည်ပြောပြလာပုံက”သူ ငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးတာ။ အခွေကြည့်တော့ သြော် ကုလားကြီးပဲဆိုပြီး ဒီတိုင်း ပစ်ထားရာကနေ ကျွန်တော်ဘောလုံး ကန်ပြီး အိမ်ပြန်လာတဲ့တနေ့မှာ အဲဒီသီချင်း သံကိုကြားရတာပဲ။ အဲဒီမှာကျွန်တော့်စိတ်နှလုံးကိုဖမ်းစားသွားတာပဲ။ ကျွန်တော် ကိုလွှမ်းမိုးလာတယ် ။ သူက Bob Marley ပါ။ အဲဒီကနေ ကျွန်တော့် ဒီသီချင်းခွေကို နေ့တိုင်းနားထောင် ဖြစ်လာတယ်”ဟု ၎င်းက နံရံတွင် ချိတ်ဆွဲထားသည့် Bob Marley ပုံကိုလှမ်းကြည့်ရင်း ပြောသည်။
”အဲဒီခေတ်က သင်္ဘောသားဆို စားဝတ်နေရေး ဖူလုံတယ်ပြောရမယ်။ ကျွန်တော်လည်း ဝါသနာမပါပေမယ့် လူလို့ဖြစ်လာရင်ကိုယ့် ဘဝရှင်သန်ဖို့အတွက် အလုပ်လုပ် ရမယ်လို့ပဲတွေးပြီး သင်္ဘောပေါ်မှာငါးနှစ်လောက်ကြာခဲ့တယ်။ အခြားဘာမှ မရပေမယ့် အဲဒီသင်္ဘော လိုက်ရင်းနဲ့ ကျွန်တော် Bob Marley နဲ့ပတ်သက်တဲ့ သမိုင်းတွေ မှတ်တမ်းမှတ်ရာတွေ အများကြီးရခဲ့တယ်” ဟု ၎င်းအတွေ့အကြုံကို ရယ် ရင်း ပြောသည်။ နာမည်ကြီး အမေရိကန် စတီနာလိုင်း ရေနံသင်္ဘောပေါ်တွင် သင်္ဘောသားတစ်ေ ယာက်ဖြစ် ခဲ့ပြီး၊ ငါးနှစ်တာ အချိန် ကုန်ခဲ့သော်လည်း တိုက်တစ်လုံး၊ ကားတစ်စီး မဝယ်နိုင်ခဲ့ပေ။
”ကျွန်တော်သင်္ဘောမတက်တော့ဘဲ ဒီဂီတလောကထဲဝင်မယ်ပြောတဲ့အချိန်မှာ ကျွန်တော့်မိန်းမသားကြီးမွေးတဲ့အချိန်၊ သူအလုပ်လက် မဲ့ဖြစ်တဲ့အချိန်၊ သူ့လောက် စိတ်ဆင်းရဲမယ့်လူမရှိဘူးထင်တယ်။ အဲဒီတုန်းကကျွန်တော် လုပ်ချင်တာပဲသိတယ်။ သူ့နေရာကနေ ဝင် မကြည့်ပေးခဲ့ဘူး။ ကျွန်တော်သာ သင်္ဘောဆက်တက်ဖြစ် ရင်သူတို့အခုလို နေမှာ မဟုတ်ဘူး။ ဒါပေမဲ့တစ်ခါမှ အပြစ်တင် ပြော ဆို တာ မရှိခဲ့ဘူး။ သူကအဲဒီလို မိန်းမမျိုးပါ။
”စောဖိုးခွားဆိုပြီး ဖြစ်လာမှုတွေ၊ စောဖိုးခွားရဲ့အနာဂတ်၊ စောဖိုးခွားထားတဲ့ ရည်မှန်းချက်တစ်ခု ပြည့်ဖို့က သူ့ရဲ့ပေးဆပ်နိုင်စွမ်းနဲ့ သူ့ရဲ့နားလည်ပေးမှုက အဓိကနေရာတစ်နေရာမှာ ရှိတယ်”ဟု ကြင်သူသက်ထား (သို့မဟုတ်) သူနှင့် သားမယားအတွက် နောက်ကွယ်၌ ရှိနေသည့် သံမဏိမေတ္တာခံတပ် အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ ”သားကြီးကတော့ အဝေး သင်တက်ပြီး သူက ကျွန်တော့်လိုပဲ။ ဘောလုံးလည်းကစားတယ်။ ဂီတဘက်လည်းလုပ်တယ်။ အဖေ တူသား။ သားငယ်ကတော့ စာသမား၊ စာတော် တယ်။ သူ့အမေလိုပဲ။ သူတို့အတွက် အိမ်တစ်လုံးတောင်အပိုင် ဝယ်မပေးနိုင်တာ ကျွန်တော်သတိမထားမိဘူး။ ကန် ထရိုက်တိုက်အမြင့်တွေကို တစ်နှစ်တစ်ခါ အမြဲပြောင်းရတယ်။ တိုက်မြင့်မြင့်ပေါ်မှာ မီးပျက်တဲ့ ဘဝ၊ ပူလောင်အိုက်စပ်တဲ့ ဘဝထဲ ကနေ ကျွန်တော်နဲ့အတူ သူတို့ တွေကိုအများကြီး ဒုက္ခခံခိုင်းခဲ့တယ်။ သားငယ်က စာတော်ပေမယ့် သူ့မှာကိုယ်ပိုင်အခန်းနဲ့ စာကြည့် စားပွဲမရှိသေးဘူး။ အဲဒီတော့ ကျွန်တော့် အဖေအမေရှိတဲ့အင်း စိန်မှာ သူ့ကြောင့်ကျွန်တော်အိမ်လေးတစ်လုံး စဆောက်ဖြစ်ပြီ။ အဓိကက အခုအိမ်ရှေ့ကသူ့ ဆုတွေအတွက် နေရာမရှိတော့ဘူး” ဟု သားဖြစ်သူ၏အောင်မြင်မှုကို ဂုဏ်ယူစွာနှင့်ပြောပြခဲ့သည်။
စောဖိုးခွားက ရက်ဂေး (Reggae) ဂီတကို အခြေခံပြီး ၎င်းအသက် ၃ဝ ကျော်အရွယ်မှာ ဂီတလောကထဲသို့ ထဲ ထဲဝင်ဝင်ဝင်ရောက်ခဲ့ကာ တစ်ကိုယ်တော်စီးရီး ၅ ခွေကိုလည်း ထုတ်ဝေနိုင်ခဲ့သည်။ ”အသက်သုံးဆယ်မှာ စလုပ်ပေမယ့် ကျွန်တော်အသက်ပဲကြီးခဲ့တယ်။ ဂီတလောကနှင့် ပတ်သက်လာရင် တကယ်ကိုအတွေ့အကြုံနုတယ်။ တိုက်ပိတ် ဘဝနေ့ရက်များစွာကိုကြုံခဲ့ရတယ်။ ဒီလိုအခက်အခဲကြား ကနေ ကျွန်တော်သိလာတာ မြင့်မြင့်မားမားဖြစ်ရမယ့် အရာ တစ်ခုကိုရဖို့ ဘယ်တော့မှ လွယ်လွယ်ကူကူနဲ့ မရဘူးဆိုတာကိုပဲ”ဟု ၎င်းက အခက်အခဲများ တွေ့ကြုံပုံနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။သူသည်လည်း မြန်မာနိုင်ငံမှ အနုပညာရှင်အများစုကဲ့သို့ပင် ပိတ် ဆို့ေ သာ ခေတ်ကာလကို ဖြတ်သန်းခဲ့ရသူ။ ”ကျွန်တော်စပြီး ဂီတလုပ်တဲ့အချိန်မှာ ဆင်ဆာဆိုတာရှိသေးတယ်။ ဆင်ဆာအမြဲမိတယ် ကျွန်တော်ဝတ်ပုံ၊ စားပုံ၊ နေပုံ၊ ထိုင်ပုံတွေပေါ့။ ကျွန်တော့်သီချင်းစာ သားတွေအဆုံးပါပဲ” ဟု ၎င်းက အမှတ်တရများကိုပြောပြခဲ့သည်။
Reggae ဟုဆိုလျှင် လိုဂိုအမှတ်အသားရှိပြီး ၎င်းမှာ အစိမ်းရောင်- ထာဝရရှင်သန်ခြင်း၊ အဝါရောင်- ရွှေရောင်အနာဂတ်၊ အနီရောင်- လွတ်လပ်ခြင်း အဓိပ္ပာယ် များရှိသည်ဟု ၎င်းထံမှသိရသည်။ ”ကျွန်တော့် (Reggae)လိုဂိုက နိုင်ငံတော်အလံနဲ့တူပေမယ့် ကွဲပြားပါတယ်။ သူ့အဓိပ္ပာယ်တွေက အစပါ”ဟု ၎င်းကပြတ်သားစွာ ပြောသည်။ မလျှော်ဘဲ ပစ်ထားသည့် အလား သူ့ဆံပင်အသွင်အပြင်က ဆန်းပါသည်။ သို့သော် ထိုဆံပင်များက သူ့အတွက် တန်ဖိုးကြီးသည်။ ဘဝ၏တန်ဖိုးတစ်ခုနှင့်ပင် လဲလှယ်ခဲ့ရသောဆံပင်များ။ ”ဆီးဂိမ်းပါပေမယ့် သွားမပြိုင်ဖြစ်ခဲ့ဘူး။ အားလုံးသိထားတာက ကျွန်တော်ဒူးနာနေတယ်။ ဒါပေမဲ့တကယ့်အကြောင်းရင်းက ကျွန်တော့်ဆံပင် ဆင်ဆာမိသွား တာပေါ့။ ညှပ်ခိုင်းတယ်။ မညှပ်နိုင်ဘူး အဲဒါနဲ့မသွားဖြစ်တော့ဘူး။ ဒီ Bob Marley ကိုကျွန်တော်အားကျတာက သူ့ဘဝနေထိုင်ပုံ ကို လည်းကြိုက်တယ်။ လွတ်လပ်တယ် ခံစားရလို့။ ကျွန်တော်လည်းလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းကို ကြိုက်တယ်လေ” ဟု ၎င်းက ရယ် ရင်းပြောသည်။
တို့ဘက်က အမုန်းတွေရပ် … ဟိုဘက်က အမုန်းတွေရပ် …အားလုံးရဲ့အမုန်းတွေရပ် … အမှန်တွေကိုလုပ်ရဲတဲ့ သတ္တိ …နောင်လာမယ့် မျိုးဆက် သစ်တွေကို…အဲဒီသတ္တိ အမွေ တွေပေးခဲ့ရမယ်…အမုန်းများရပ်။ သီချင်းသံများက လွင့်ပျံနေဆဲ။ စောဖိုးခွားသည်လည်း သူ ယုံကြည်တန်ဖိုးထားရာ အနုပညာဖြင့်ဆက်လက် လျှောက်လှမ်းနေဦးမည်က အသေအချာ။ ငြိမ်းချမ်းရေးသည်ရော…..။
ထူးထူး
http://popularmyanmar.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။