( ((((( အရင်တုန်း ကဘလော့ဂ်မှာ တင်ပြီးသား ပို့စ်လေးပါ။ အောက်တိုဘာလထုတ် ချင်းတွင်းရွှေပြည် ဂျာနယ်မှာ ဖော်ပြခံရလို့ ပြန်တင်ပေးလိုက်တာပါ ) )))))))
“ညှောင့် ..... ညောင့်... ညောင့် .... ညှောင်း..... ညှောင်း..”
စူးစူးဝါးဝါးနှင့် အဆက်မပြတ် ထွက်ပေါ်လာသော အသံကြောင့် ကျွန်တော် အလိုလို မျက်မှောင်ကျုံ့မိသွားသည်။
အသံက အိမ်ရှေ့ဘက်မှ လာနေခြင်းဖြစ်သည်။ ရပ်သွားသည်ရယ်လို့ မရှိဘဲ အဆက်မပြတ်ထွက်ပေါ်နေသည်။ သမားရိုးကျ ကြောင်အော်သံမျိုးမဟုတ်ဘဲ ထူးခြားစွာ စူးစူးရဲရဲကြီးအော်နေသည်။
“ အိမ်က ကြောင်လားမသိဘူး။ သမီးရေ.... ထွက်ကြည့်ချေဦး။ တအားအော်နေတယ်”
“ ဟုတ်ကဲ့ဖေဖေ”
သမီးက လှစ်ခနဲ ထွက်သွားသည်။ ခဏနေတော့ ကြောင်အော်သံ ခေတ္တ၇ပ်သွားသည်။ မကြာမီ သမီးက ကြောင်ကို ပွေ့လျက် အိမ်ထဲ ၀င်လာသည်။
“ အိမ်က ကြောင်မလား။ ဘာလို့ ဒီလောက်အော်နေရတာလဲဟ”
“ မသိပါဘူး ဖေဖေရယ်...... ”
“ ဘေးအိမ်က ကြောင်တွေများဝင်ကိုက်သလား”
သမီးက ကြောင်မလေးကို ဟိုကြည့်၊ ဒီကြည့် ကြည့်ပြီး
“ ဒဏ်ရာဒဏ်ချက်တော့ မတွေ့ရဘူးနှော့”
“ ခွေးတွေများ ခြံထဲ ၀င်လာသလား”
ဇနီးဖြစ်သူက အိမ်ခန်းထဲမှ ထွက်လာပြီးဧည့်ခန်းဆက်တီပေါ်ဝင်ထိုင်ရင်း မေးသည်။ ကျွန်တော်က ပြတင်းပေါက်ခန်းဆီးကိုမကာ ခြံတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
“ခြံတံခါးကလည်း စေ့ထားတာပါဟ”
“ ညှောင့်..... ညှောင့်”
ကြောင်မလေးက သမီးပေါင်ပေါ်ထိုင်ပြီး အပွတ်အသပ်ခံ၇င်း ၊ ခပ်တိုးတိုး ခပ်ဖွဖွ အော်ပြန်သည်။
“ ဟိတ်....မအော်နဲ့”
သမီးက ထိပ်ကို ပုတ်လိုက်တော့ ကုပ်ခနဲ ငြိမ်ကျသွားသည်။ မျက်လုံးတွေကတော့ တောင်ကြည့် မြောက်ကြည့် နှင့် လှုပ်ရှားနေသည်။ တစ်စုံတစ်ရာကို ရှာဖွေနေသည့်ဟန်မျိုးဖြစ်သည်။
“ ဟာ... ဟိတ်....မိသုန်... ဘယ်တုန်း”
ကြောင်မလေးက သမီးပေါင်ပေါ်မှ ခုန်ဆင်းကာ ခြံဝင်းထဲ ပြေးထွက်သွားသည်။ သမီးကလိုက်ဖမ်းသောအခါ အိမ်ကို ပတ်ပြေးသည်။
“ကဲပါ...သမီးရယ်..၊ သူနေချင်သလိုသာ နေပါစေ”
သမီးက ပါးစပ်မှ ပွစိပွစိ နှင့် ကြောင်မလေးကို ကျိန်ဆဲရင်းအိမ်ထဲ ၀င်လာသည်။ ခဏကြာတော့ အော်သံစူးစုးရဲရဲကြီး ထပ်ထွက်လာပြန်သည်။
“ ညောင်း ....ညောင်း....ညှောင့်...ညောင်း... ညှောင်း”
လျစ်လျူရှုထားချင်သော်လည်း အသံက နားမခံနိုင်သော အသံမျိုးဖြစ်လာသည်။ ဒီအတိုင်းလွှတ်ထားလို့ မဖြစ်ချေတော့ပြီ။ ဘာများဖြစ်လို့ပါလိမ့်။ ယခင်က ဒီလို တစ်ခါမှ စူးစူးဝါးဝါး ၀မ်းခေါင်းသံကြီးနှင့်မအော်ခဲ့ဖူး။ လမ်းလျှောက်လျှင်ပင် ကနွဲ့ကလျ ညင်ညင်သာသာကလေး လျှောက်၍ “ညောင်” ဟူသော အသံကို ပင် တိုးတိုးလျလျလေး အော်တတ်ရှာသော မိသုန်သည် ယခုတော့ အပြောင်းလဲကြီး ပြောင်းလဲနေချေပြီ။
ကျွန်တော့်စိတ်ထဲ မိသုန် ဒီလို စူးစူးရဲရဲ အော်နေရခြင်း၏ အကြောင်းအရင်းကို စိတ်လိုလက်ရ ရှာဖွေမိနေသည်။ ဘေးအိမ်က ကြောင်တွေများ လာကိုက်လို့လား။ ခွေးလေခွေးလွင့်တွေနှင့် ထိပ်တိုက်တိုးနေလို့လား။ ထိတ်လန့် စရာတစ်စုံတစ်ရာနှင့် ကြုံတွေ့နေရ၍လား။
တစ်ခုခုတော့ တစ်ခုခုပင်။ မိသုန်၏အမူအယာများက ထူးခြားနေသည်။ ဤသည်ကို နှစ်နှစ်နီးပါး နှောင်တွယ်ခဲ့သော သံယောဇဉ်ကြိုးအရ ကျွန်တော် သေချာပေါက်ပြောရဲပါသည်။ မိသုန်တစ်ခုခု ဖြစ်နေပြီ ဟုတော့ သိနေသည်။ သို့သော်လည်း ထိုတစ်ခုခု ကို ပီပြင်ပြတ်သားစွာ ပုံဖော်ခြင်း မပြုနိုင်ဖြစ်နေသည်။ ခက်သည်က ကျွန်တော်တို့သည် ကြောင်ဘာသာဗေဒကို မတတ်ကျွမ်းလေတော့ မိသုန်ကို ရှေ့နေစစ် စစ်လို့လည်း မရပြန်ပေ။ မိသုန်အော်သံကလည်း ရပ်သွားသည်ရယ်လို့ မရှိတော့ဘဲ တစ်ချက်လောက်ဟန့်လိုက်လျှင် ခဏမျှ ငြိမ်သွားပြီး ထိုခဏသည်ပင် တကယ့်ကို ခဏလေးဖြစ်နေသည်က မုန်းတီးစရာကောင်းလွန်းလှသည်။ ဤသို့ဖြင့် သူကလည်း အော်၊ ကျွန်တော်တို့ကလည်း ဟန့်၊ သူကအော်၊ ကျွန်တော်တို့က ဟန့်၊ အော်လိုက်၊ ဟန့်လိုက်၊ အော်လိုက်၊ ဟန့်လိုက်နှင့် ဆူညံပွက်နေတော့၏။
=========================================
တကယ်တော့ မသုန်သည် ကျွန်တော်တို့အိမ်၏ ငယ်မွေးခြံပေါက်စစ်တော့ မဟုတ်ပေ။ ကိုးတန်းကျောင်းသူသမီးက ကြောင်မွေးချင်သည်ဟု ပူဆာ၍ မိတ်ဆွေတစ်ဦးထံမှ ကြောင်သားပေါက်လေးအဖြစ် အိမ်ကို ခေါ်လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်ကာလကိုပင် စွန်းထင်းလာခဲ့ပြီဖြစ်၏။
သမီးကတော့ ကြောင်မလေးကို တော်တော်ချစ်ရှာသည်။ သောကြာနေ့တွင်ရောက်လာခြင်းဖြစ်၍ မသုန်ဟူသော အမည်လေးကိုပင် သမီးမှည့်ပေးခဲ့ခြင်းဖြစ်သည်။ အစကတော့ သမီးကသာ မိသုန်ကို တယုတယနှင့် အစာကျွေးလိုက်၊ နွားနို့တိုက်လိုက်၊ ဆော့လိုက်၊ မြှူလိုက် လုပ်နေတတ်ပြီး ကျွန်တော်နှင့် ဇနီးဖြစ်သူတို့က အပေါ်ယံမျှသာ။ သို့သော် တစ်စတစ်စ နှင့် အသွေးအမွေး စုံလင်လာသော မိသုန်၏ မျက်နှာဝိုင်းဝိုင်း ၊ မျက်လုံးဝိုင်းဝိုင်းကြီးကို လည်းကောင်း၊ လူမြင်လျှင် ကယုကယင် နွဲ့နှောင်းတတ်သော အပြုအမူတို့ကိုလည်းကောင်း၊ ဥပေက္ခာပြုရန် ကျွန်တော်တို့ မစွမ်းသာတော့ပါ။
သည်လိုနှင့် မသုန်က ကျွန်တော်တို့ မိသားစု၏ အသည်းကျော်မလေးဖြစ်လာခဲ့သည်။ မိသုန်ကလည်း လူချစ်အောင်နေတတ်သည်။ လူမြင်လျှင် အနားကပ်ပြီး ပွတ်သီးပွတ်သပ်လုပ်သည်။ ပြီးလျှင် ခပ်လှမ်းလှမ်းမှ ထိုင်ကာ ငေးကြည့်နေတတ်သည်။ မျက်လုံးဝိုင်းဝိုင်း မျက်နှာဝိုင်းဝိုင်းနှင့် ငေးကြည့်နေတတ်သော ကြောင်မလေးအားကျွန်တော်တို့ အချစ်ပိုခဲ့ကြသည်။ သူကလည်း ကျွန်တော်အလုပ်မှပြန်လာတိုင်း အိမ်ထဲကနေ ပြေးထွက်လာတတ်သည်။ လူတို့သဘောအရဆိုလျှင် ခရီးဦးကြိုပြုသည့်သဘော။
အပေါ့အလေးဆိုလျှင်လည်း အိမ်ထဲတွင် ဘယ်တော့မှ ကိစ္စမရှင်း၊ ခြံထောင့် သဲပုံစပ်စပ်လေးသို့သွားကာ သူ့ကိစ္စ သူရှင်းသည်။ ကြွက်ခုတ်၍ရပြီဆိုလျှင်လည်း ကြွက်ကိုချီပြီး ခြံထောင့်ပြေးသည်။ လူတွေနှင့် ဝေးပြီဆိုတော့မှ စားသည်။ ကြောင်အများစုထုံးစံအတိုင်းအားနေလျှင် အိပ်တာမျိုး မိသုန်မှာ အကျင့်မရှိ။ ကြောင်ပျင်းဟူသော သတ်မှတ်ချက်နှင့် ကင်းကွာသည်။ သူ့ကိုကြည့်လိုက်တိုင်း အမြဲ သွက်လက်ဖျတ်လတ်နေသည်။
ကျွန်တော်တို့ တစ်မိသားစုလုံးကတော့ သူ့ကိုသာ အရိပ်တကြည့်ကြည့် နှင့် ဖြစ်နေတော့သည်။ အထူးသဖြင့် ............သမီး။ အမချင်းမို့ ဓါတ်တည့်သလား မပြောတတ်။ သူတို့ဟာနှင့် သူတို့ ဟာမိုနီ ဖြစ်နေသည်။ ညအိပ်ယာဝင်တိုင်း သမီးက မိသုန်ကို သူ့အိပ်ယာထဲခေါ်သိပ်တတ်သည်။ ကျွန်တော်တို့်လင်မယားက ရောဂါရမည်စိုး၍တားလွန်းမက တားပါမှ ခေါ်မသိပ်တော့ခြင်းဖြစ်သည်။
သို့သော်လည်း ကျန်သည့်အခ်ျိန်များတွင်တော့ သူတို့နှစ်ဦးကို သူငယ်ချင်းများသဖွယ်တတွဲတွဲ တွေ့ရလေသည်။ နေ့လယ်နေ့ခင်းဆိုလျှင်ခြံဝင်းအတွင်း အရိပ်ကောင်းကောင်းရသော သရက်ပင်ကြီးအောက်တွင် နှစ်ဦးသား အဲ...( တစ်ဦးနှင့် တစ်ကောင်သား) အေးအေးလူလူထိုင်ရင်း စကားတွေပြောနေကြသည်။ သမီးကလည်း သူပြောချင်ရာပြော၊ မိသုန်ကလည်း တညောင်ညောင်။
မိသုန် တညောင်ညောင်လုပ်သမျှကို သမီးက သူ့စိတ်ထဲရှိသလိုသဘောပေါက်နားလည်သကဲ့သို့ သမီးပြောသမျှကိုလည်း မိသုန်က နားလည်သည့်အလား မျက်လုံးအပြူးသားနှင့် နားထောင်ရှာလေသည်။
================================================
မိသုန်အခြေအနေက ထူးခြားလာသည်မရှိဘဲ တဖြည်းဖြည်း၊ တဖြည်းဖြည်းနှင့် ပိုမို ဆိုးရွားလာသည်။ ကျွန်တော်တို့ကတော့ အိပ်ေ၇းပျက်တော့၏။ ညညဆို တညောင်ညောင်နှင့် ဟိုတိုး၊ ဒီတိုက် လုပ်သည်။ ပန်းကန်တွေကျကွဲလိုကွဲ၊ ဇလုံတွေမှောက်လိုမှောက်၊ ဘူးတွေ ခွက်တွေ ပြုတ်ကျလိုကျနှင့် တော်တော်သောင်းကျန်းလာသည်။ နေ့လယ်နေ့ခင်း ဆိုလျှင် ခြံဝန်းကို ပတ်ကာ တညောင်ညောင်အော်လေသည်။ ဆန်းတာက သူအော်လျှင် တစ်ဖက်ခြံမှ ကြောင်များကလည်း တညောင်ညောင်နှင့် အသံပေးတတ်သည်။ ထိုအခါ မိသုန်သည် စိတ်အားငယ်နေခိုက် အားပေးကူညီဖေးမသူတစ်ဦးကိုတွေ့လိုက်ရသည့်နှယ် စိတ်အားတက်ကြွစွာနှင့် ပိုမိုကျယ်လောင်စွာအော်တတ်လေသည်။
တစ်ရက်ကျတော့ မိသုန်နှင့် တစ်ဖက်ခြံမှ ကြောင်တစ်ကောင်အပြိုင်အဆိုင်အော်နေကြသည်။ အော်သံက တစ်ကောင်ထဲပင် နားမခံသာသည် ဖြစ်ရာ ၊ နှစ်ကောင်ဆိုတော့ ပွက်လောရိုက်နေတော့သည်။ ဘယ်လိုမှနားမခံသာတော့ သမီးကို ထွက်ခြောက်ခိုင်းရသည်။ ကျွန်တော်က ပြတင်းပေါက်ခန်းဆီးကို မပြီးကြည့်လိုက်တော့ ကြောင်နှစ်ကောင်က ခြံစည်းရိုး၏ ဟိုဘက်၊ ဒီဘက်မှ တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာဖြင့် ညောင်နေကြလေသည်။
သမီးဟန့်လိုက်တော့ ခဏအော်သံတိတ်သွားသည်။ မကြာပါ............ အော်သံများထပ်ထွက်လာသည်။ သမီး၏ တဟဲ့ ဟဲ့ အသံများကြားရသည်။ ထို့နောက် သမီးက မိသုန်ကို ပွေ့လျက် ပြုံးစိစိနှင့် အိမ်ထဲဝင်လာသည်။
“ ဟဲ့ သမီး ဘာဖြစ်နေတာတုန်း”
“ အဟိ...... ဘာမှ မဖြစ်ပါဘူး”
ထိုစဉ်မီးဖိုခန်းထဲမှ ထွက်လာသော ဇနီးသည်က
“ဟဲ့..........ကောင်မလေး ၊ ကြောင်ကိုပဲ တကိုင်ကိုင်လုပ်မနေနဲ့ ။ အောက်ချထား”
လို့ ပြောတော့ သမီးက အလန့်တကြားအော်သည်။
“ အမလေး....အောက်ချလို့ မဖြစ်ဘူးမေမေရဲ့”
“ဘာလို့တုန်း”
“ ဟာ အမေကလည်း ၊ ဟိုဖက်ခြံက ကြောင်ကြီးက ခြံထဲဝင်လာနေတာ”
“ ဟင်....ဖေဖေ စောစောက ကြည့်တုန်းက ၀င်မလာသေးပါဘူး”
“ ၀င်လာတယ်ဖေဖေရဲ့။ ပြီးတော့..................”
သမီးက စကားကိုဆက်မပြောဘဲ ကျွန်တော့်ကို တစ်ချက်ကြည့်သည်။ ပြီး စိတ်ရှုပ်ဟန်နှင့် ခေါင်းကိုကုတ်သည်။ ကျွန်တော့်ခေါင်းထဲ လက်ခနဲ ဖြစ်သွားသည်။ ကျွန်တော်သဘောပေါက်လိုက်ပြီ။ ဟုတ်ပေသားပဲ။ ကျွန်တော် ဒီအချက်ကို စဉ်းစားဖို့လွတ်သွားသည်။
“ဟိတ်........သမီး၊ မိသုန်ကို လွှတ်ပေးလိုက်”
“ဟင်...........ဖေဖေ”
“ကျွတ်..........လွှတ်လိုက်စမ်းပါဆိုကွာ”
သမီးက အောင့်သက်သက်နှင့် မိသုန်ကို လွှတ်ပေးလိုက်သည်။ မိသုန်က တညောင်ညောင်အော်ရင်း ခြံထောင့်သို့ သုတ်ခနဲ ပြေးသွားသည်။ ကျွန်တော့်ဇနီးက ကျွန်တော့်အား အူကြောင်ကြောင်ကြည့်နေသဖြင့် ကျွန်တော်က ခန်းဆီးကို မပြလိုက်တော့ ခြံထောင့်တွင် ကြောင်တစ်ကောင်က ဖိုသံပေးရင်း စောင့်နေလေ၏။
ကျွန်တော့်ဇနီးက ခုမှ သဘောပေါက်သွားသဖြင့် ရယ်လေသည်။ သမီးကတော့ ပြုံးစစနှင့် သူ့အခန်းထဲသူ ၀င်သွားသည်။
ကျွန်တော် အတွေးတွေ တော်တော်လွန်သွား၍ထင်သည်။ မိသုန်၏အသက်အရွယ်ကို သတိမပြုမိခဲ့ချေ။ မိသုန်ကို ကျွန်တော်တို့၏ တစ်ဖက်သတ်ချစ်ခင်တွယ်တာ စရာ အရုပ်လေးတစ်ရုပ်သဖွယ် သဘောထားကာ သူ့ ဘ၀တွင် ဖြစ်ပျက်လာနိုင်သော ပြောင်းလဲမှုများကို သတိလက်လွတ် မေ့လျော့ နေခဲ့ကြသည်။ ထိုကိစ္စကို မတွေးခဲ့မိ။ ဟုတ်တာပေါ့။ မိသုန်၏အသွေးအမွေးက ကြောင်အချင်းချင်းမပြောနှင့်၊ လူတွေကပင် အံ့သြဘနန်းချီးမွမ်းရသည်မဟုတ်ပါလား။ အမွေးအမှင် တို့က တောက်ပြောင်စွာနှင့် နူးညံ့အိစက်နေပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်းဖွံ့ဖွံ့ထွားထွားနှင့် ကြည့်လို့ကောင်းလှသည်။
ဤသို့ အလှသွေးကြွယ်ပြီး အရွယ်ရောက်နေသည့် မိသုန်အတွက် ဒီသဘာဝကိစ္စကို ကျွန်တော်တို့ မေ့လျော့နေခဲ့ကြသည်။
သို့ပေမယ့် မိသုန်က မေ့လျော့နေသော ကျွန်တော်တို့ကိုတပ်လှန့်နှိုးဆော်သည်။ သတိရလာသည့် အချိန်မှာတော့ ကျွန်တော်မတားဆီးတော့ပါ။ ဤသည်မှာ တားဆီးရမည့် အရာတစ်ခုမဟုတ်သည်ကို ကျွန်တော်သဘောပေါက်ပါသည်။ ဒီကိစ္စကိုသာ တားဆီးနေလျှင် ကျွန်တော်သည် စည်းအပြင်ဘက်မှလူဖြစ်သွားပါလိမ့်မည်။
တကယ်တော့ မိသုန်က သူ့ဆန္ဒတစ်ခုတည်းအတွက် ကျွန်တော်တို့ကို တပ်လှန့်နှိုးဆော်ခြင်း မဟုတ်ပါပေ။ သမီးနှင့်ပတ်သတ်၍ ကျွန်တော်တို့အား ကြိုတင်စဉ်းစားဆင်ခြင်နိုင်ရန်အတွက်ကိုပါ မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ဤသို့ သဘောပေါက်နားလည်မှတ်ယူမိပါသည်။ ထို့ကြောင့် ကြောင်ကိုတော့ မိမိသွေးသားမဟုတ်၍ သဘာဝကိစ္စမို့ မတားဆီးပါဟုပြောပြီး သမီးနှင့် ပတ်သတ်လာသည့် အခါတွင်မှ သားသမီးကို ချစ်သောစိတ်နှင့် အတ္တကို ကိုင်စွဲထားမည်မဟုတ်ပါ။ အကယ်၍အတ္တကို ကိုင်စွဲထားမည်ဆိုလျှင်လည်း မိသုန်ကို မြင်တိုင်း မသန့်ရှင်းသော ကျွန်တော့်လိပ်ပြာက ကျွန်တော့်ကို ခြောက်လှန့်နေပါလိမ့်မည်။
လူတစ်ယောက်ဖြစ်လာပြီဆိုမှတော့ လူတစ်ယောက် အနေနှင့် ထမ်းဆောင်ရမည့် တာဝန်၊ ၀တ္တရား၊ သဘာဝကိစ္စများကို ကျေပွန်စွာ ထမ်းရွက်ရမည်ကို ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်နားလည်ပါသည်။ ထို့အတွက် သမီး၏ အိမ်ထောင်ဖက်နှင့် ပတ်သတ်ပြီး ကျွန်တော်တို့မိဘများမှ အကြံဥာဏ်မျှသာ ထောက်ပံ့ပေးပြီး သမီး ကိုယ်ပိုင်ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်စေရမည်ဟု ရည်ရွယ်ကြံဆထားပါသည်။
=================================================
ထိုနေ့ညက အိမ်ရှေ့တွင် ကောင်လေးတစ်သိုက် ဂစ်တာတီးရင်း သီချင်းလာဆိုကြသည်။ အချိန်က ညဆယ်နာရီခန့်ရှိပြီဖြစ်သော်ငြား သီချင်းသံက ညင်းညင်းညံ့ညံ့ ပျံ့လွင့်နေဆဲဖြစ်သည်။
“ ဒီတစ်ညတော့ ကောင်မလေးရာxxx သံစဉ်လေးနဲ့ မေအိပ်ဖို့ရာ xxx ဂစ်တာလေးတစ်လက် xxx ကိုယ်ထမ်းလို့လာ xxx မင်းလေး အိပ်ပြီလား ”
ကျွန်တော်သမီးအခန်းဘက်ဆီ ကြည့်မိတော့ မီးချောင်းလင်းနေသေးသလို ကျွန်တော့်စိတ်ထဲ တွင်လည်း ထိုမီးချောင်းသည် ယခင်နေ့များထက်ပို၍ လင်းထိန်နေသယောင် ထင်မှတ်မှားနေမိပါတော့သည်။ ။
ဝေမိုးနိုင်(မုံရွာ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။