Posted by မနှင်းဆီ on အောက်တိုဘာ 7, 2012 at 11:18pmဘလော့ပိုစ်ကြည့်မယ်
ဒီတစ်ကြိမ်တော့ ကျွန်မ ရသစာပေတွေရဲ့  အနုပညာအလှကို ခံစားရေးဖွဲ့ ချင်ပါတယ်။ ၀န်ခံရမယ်ဆိုရင် ဒီစိတ်ကူးရလိုက်တာကလည်း တစ်ရက်တော့ ကျွန်မ စာပေဟောပြောပွဲခွေတွေ နားထောင်ရင်းနဲ့  ဆရာချစ်ဦးညိုရဲ့  စာပေဟောပြောတစ်ပုဒ်မှာ ဆရာက ဟောပြောရင်း ကဗျာလေးတွေ ရွတ်ဆိုပြတာကို နားထောင်လိုက်ရတဲ့အချိန်မှာ အဲဒီ ကဗျာလေးတွေကနေ အနုပညာရသကို ခံစားလိုက်ရပါတယ်။
တပြိုင်နက်တည်းမှာပဲ ကျွန်မ ခံစားမိတဲ့ အနုပညာခံစားမှုကို ဝေမျှချင်စိတ်ဖြစ်ပေါ်လာတဲ့အတွက် ကဗျာလေးနှစ်ပုဒ်နဲ့  ကို အခြေခံပြီး ကျွန်မရဲ့ မနိုင့်တနိုင်ဝန်လေးနဲ့  ဒီပို့ စ်ကို ရေးဖြစ်ရခြင်းဖြစ်ပါတယ်။
ဒါကြောင့် အရေးအသားတွေမှာ အမှားတွေပါခဲ့လျှင်ဖြင့် နားလည်ခွင့်လွှတ်ပေးစေချင်ကြောင်းလည်း ထပ်လောင်းပြောချင်ပါတယ်။
ပထမ ကဗျာလေးက ဆရာဇော်ဂျီရဲ့  ဗေဒါလမ်း ကဗျာလေးပါ။ ပထမအပိုဒ်လေးကို စပြီး ကျွန်မတို့ တူတူခံစားကြည့်ရအောင်နော်…..
ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊
လှိုင်းသက်ရာဆင်း။
အဲဒီအပိုဒ်လေးမှာလေ ကျွန်မက ဗေဒါပန်းလေကို ကျွန်မတို့ မိန်းမသားတွေလို့  တင်စားလိုက်ချင်တယ်။ လှိုင်းတွေကိုတော့ လောကဓံတရားပေါ့ရှင်။ မဗေဒါလေးက လောကဓံတရားဖြစ်တဲ့ လှိုင်းဒဏ်ကိုလည်း ကြံ့ ကြံ့ ခံလို့ လှိုင်းက တက်သွားရင် ဗေဒါလေးက လိုက်တက်၊ လှိုင်းက ကျသွားရင် မဗေဒါလေးက လိုက်ကျလို့ ပေါ့၊
ဆက်ပြီး ခံစားကြည့်ရအောင်နော်…
ဆင်းရလည်း မသက်သာ၊
အုန်းလက်ကြွေ ရေပေါလော၊
မျောစုန်လို့ လာ။
အဆင်းနဲ့ အလာ၊
ဗေဒါမ အထွေး၊
အုန်လက်ကြွေ သူ့ နံဘေး၊
ဆောင့်ခဲ့ရသေး။
ဟော... မဗေဒါလေး လှိုင်းက သက်ဆင်းရာကို လိုက်ဆင်းလိုက်ပြန်တော့လည်း အဆင်းလည်း မသက်သာပါဘူးတဲ့ရှင်။ မဗေဒါလေး က လှိုင်းကအဆင်း၊ အုန်းလက်ကြွေကြီးက မျောအလာမှာ၊ ဗေဒါနှမပျိုလေး အုန်းလက်ကြီးနဲ့  တစ်ခါ စောင့်မိပြန်တာပေါ့…..။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊
ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊
မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊
ပေါ်လိုက်ပြန်ရ
ဟော... အုန်းလက်ကြီးနဲ့  စောင့်ပြီးခဲ့လို့  မဗေဒါလေး ရဲ့  ဒုက္ခတွေ ပြီးဆုံးပြီလား..လို့  ကြည့်လိုက်ပါဦး…။ မပြီးဆုံးသေးပါလား။ အုန်းလက်ကြီးနဲ့ စောင့်ခဲ့လို့  မသက်မသာဖြစ်နေတဲ့ မဗေဒါလေး ၊ နောက်တစ်ကြိမ်ထပ်ပြီး လှိုင်းလုံးကြီးက ဖုံးလိုက်ပြန်တာပေါ့…….။ လှိုင်းလုံးကြီး ဖုံးပြီးပြန်တော့ လှိုင်းလုံးကြီးနဲ့ အတူ ကြွတက်သွားလိုက်တာ တစ်လံလောက်မြင့်မြင့်အထိပေါ့နော်။ ပြီးခါမှ မဗေဒါလေ ရေပေါ်တစ်ခါ ပြန်ပေါ်ခဲ့ပြန်ရော…
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊
ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊
ဗေဒါက တစ်ပင်ထဲ
အယက်အကန်ခံလို့ 
ဗေဒါပျံအံကိုခဲ၊
ပန်းပန်လျက်ဘဲ။
တစ်ခါပြန်ပေါ်လာပြန်တော့လည်း မသက်သာပြန်ပါဘူးကွယ်။ ချောင်းတွေ မြောင်းတွေထဲက ဘဲတွေ ထွက်လာလိုက်တာ နည်းနည်းမှ မဟုတ်ပဲရှင်…။ ဘဲအုပ် တစ်ရာ၊ နှစ်ရာကြားထဲမှာ မဗေဒါလေးက တစ်ပင်တည်း၊ အယက်အကန်ခံလို့  ကြုံလာသမျှ လောကဓံဒုက္ခ အံကြိတ်ခံနေတာဖြင့် မြင်တဲ့သူတွေအတွက် မဗေဒါလေးတောင် ဒီလို လောကဓံကို ကြံ့ ကြံ့ ခံ ပန်းပန်နိုင်နေသေးတာဆိုတဲ့ တက်ကြွခြင်း ၀ီရ ရသကို ပေးစွမ်းနိုင်တာပေါ့နော်။
ဒီကဗျာလေးမှာဆိုရင် လှိုင်းတွေ၊ အုန်းလက်ကြွေ၊ ဘဲအုပ်တွေက လူ့ ဘ၀မှာရှိနေတဲ့ လောကဓံတရားတွေပေါ့နော်။
အဲဒီတော့ ကျွန်မတို့  လောကလူသားတွေ အသက်ရှင်နေသရွေ့ လောကဓံရဲ့  ဒုက္ခတွေ၊ သုခတွေကို မလွဲမသွေ တွေ့ ကြုံခံစားကြရတယ်လေ။
ဒုက္ခနဲ့  တွေ့ ချိန်လည်း မညည်းမငြူ အားတင်းခံလို့  ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မဆုတ်မနစ်သော ဇွဲနဲ့  လျှောက်လှမ်းမဟဲ့ ...ဆိုတဲ့  အားအင်တွေကို ဗေဒါလမ်း ကဗျာလေး ခံစားလို့  အားမွေးလိုက်ကြရအောင်နော်..
&&&&&&&&&&&&&&
နောက်တစ်ပုဒ်က ဆရာမင်းသုဝဏ် ရဲ့  သူ့ မှာတမ်းကဗျာလေး… ကို ခံစားကြည့်စေချင်ပါတယ်။
အဲဒီကဗျာလေးကတော့ ကောင်းကင်မရှိတဲ့ ကြယ်လေးတစ်ပွင့်ရဲ့ အဖြစ်ကို ဆရာကြီး မင်းသုဝဏ်က ဖွဲ့ ဆိုထားတာဖြင့် ရင်နဲ့  မဆန့် အောင် ခံစားလိုက်ရတယ်။
မြန်မာပြည် လွတ်လပ်ရေးမရမီက ဖက်ဆစ်တွေကို တော်လှန်ပုန်ကန်ရင်းနဲ့  ကျဆုံးခဲ့ ရတဲ့ ရဲဘော်လေးတစ်ယောက်၊ မျက်စိထဲမှာ မြင်ကြည့်လိုက်မယ်ဆိုရင် စွပ်ကျယ်လေးနဲ့ လက်မှာလည်း လက်ပတ်လေးပတ်လို့  တိုက်ပွဲမှာ ရန်သူ့ ဗုံးလက်နက်ထိမှန်ခဲ့လို့  သေလုမျောပါးဒဏ်ရာနဲ့  လဲပြိုကျနေတဲ့  ရဲဘော်လေးကို နီးစပ်ရာ ရွာသူ၊ရွာသားတွေက နောက်ဆုံးအချိန်လေးမှာ ဘာများ မှာကြားခဲ့မလဲလို့  ယမ်းငွေ့ အူအူထနေတဲ့ ကြားထဲက မေးမြန်းနေကြတဲ့ မြင်ကွင်းကို ပေါ်အောင် ရေးဖွဲ့ ထားခဲ့တာဟာဖြင့်…
သူတို့ အဆုတ်၊ ထားခဲ့မြုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်းတည်း။
ရွာသား၊ရွာသူတွေက မေးလိုက်တာဖြင့် “အမောင်ရဲဘော် အမောင်ရဲ့ ချစ်သူ ကို နောက်ဆုံးအနေနဲ့ ဘာများမှာကြားခဲ့ချင်ပါသလဲ” ဆိုတော့..
ငယ်ကတည်းက ချစ်ခင်ခဲ့ရတဲ့  ချစ်သူလေးကို ခွင့်လွှတ်ခဲ့ပါတယ်။ သူမရှိတော့တဲ့ အချိန်မှာ ချစ်သူက အခြားယောက်ျားတစ်ယောက်ယောက်ကို ချစ်ခင်စုံမက်ရင်ဖြင့် သူက ခွင့်လွှတ်ခဲ့ပါတယ် လို့  ပြောလိုက်ပါတဲ့…ဒီလိုလေး ဖွဲ့ ဆိုပြန်ပါရော…
‘’အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း။’’
‘’ ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ။’’
နောက်တစ်ကြိမ် အမောင်ပြောက်ကျား၊ သင်ရဲ့  မိဘတွေကိုရော ဘာများမှာခဲ့ချင်သလဲဆိုတော့… “ မိခင်နှင့် ဖခင်တို့ အား နောက်ဆုံးအနေဖြင့် ဦးတင်ရှိခိုးခဲ့ကြောင်း ပြောလိုက်ပါ” လို့  ဒီလိုလေး ဆိုပြန်တယ်။
အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့လိုသနည်း။
‘’မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။’’
နောက်ဆုံးအနေနဲ့  ရွာသား၊ ရွာသူတွေက ရဲဘော်ရယ် တိုင်းပြည်ကိုရော ဘာများ မှာကြားခဲ့ချင်ပါသလဲကွယ် လို့  မေးလိုက်တဲ့  အခါမှာ ..
ရဲဘော်လေးက တိုင်းပြည် လွတ်လပ်ရေး အတွက် ကြိုးပမ်းနေဆဲကာလ၊ မပြီးဆုံးသေးတဲ့  လမ်းခုလတ်မှာ စောစောစီးစီး ကိုယ်လွတ်ရုန်းလို့  ရှောင်ခွာပြေးခဲ့ရတာဖြင့် အလွန်းကို အားနာမိပါကြောင်း” လို့  ပြောပြန်ပါတယ်။
‘’အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း။’’
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း၊ ပြောပါလေ။
ရဲဘော်လေးဟာ ပြောရင်းနဲ့ ပဲ ယမ်းငွေ့ တအူအူကြားမှာ ကျဆုံးသွားရရှာတယ်…
ယမ်းငွေ့ အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံးကွယ်လေပြီတကား။
အထက်ပါ ကဗျာလေးမှာဆိုရင်ဖြင့် ဇာတ်လမ်းဇတ်ကွက်လေးကို မြင်သာအောင် ရေးဖွဲ့ ထားတာ ကဗျာလေးကို ဖတ်ပြီးပေမဲ့  ကျွန်မတို့ ရဲ့  အတွေးတွေ ပြီးဆုံး မသွားစေဘူး။
ရန်သူ့ ဗုံးလက်ချက်နဲ့  သေအံ့ ဆဲဆဲ ရဲဘော်လေးက အားနာပါသတဲ့.. သူခုလို စောစော ကျဆုံးသွားတာဖြင့် တိုင်းပြည်နဲ့  လူမျိုးအတွက် တာဝန်မကျေသေးပါဘူးတဲ့… ဒါဆိုရင် ရှိနေကြတဲ့ လူတွေ ဘာလုပ်ကြမလဲ။ တိုင်းပြည်နဲ့  လူမျိုးကို ချစ်တဲ့ မျိုးချစ်စိတ်တွေကို ရဲဘော်လေးရဲ့  ကဗျာလေးက နှိုးဆွပေးလိုက်ပြီ။
ဒီလို ရသစာပေများမှ အနုပညာခံစားမှုများဖြစ်တဲ့
(၁) သင်္ဂါရ ရသ (ချစ်ခင်ခြင်း)
(၂) ဟသာရသ (ပြုံးရယ်ခြင်း ၊ ရွှင်လန်းခြင်း)
(၃) ရုဒ္ဓရသ (ရုန့်ရင်းကြမ်းတမ-းခြင်း)
(၄) ကရုဏာရသ (သနားကြင်နာခြင်း)
(၅) ၀ီရရသ (ရဲရင့်ခြင်း ၊ တက်ကြွခြင်း)
(၆) ၀ိဘစ္ထရသ (ရွံ့ရှာစက်ဆုတ်ခြ-်း)
(၇) ဘယာနကရသ (ကြောက်ရွံ့ထိတ်လန-့ ခြင်း)
(၈) အဗ္ဘုတရသ (အံ့သြခြင်း)
(၉) သန္တရသ (တည်ငြိမ်ရင့်ကျက်- ခင်း ၊ အေးချမ်းခြင်း) ဆိုတဲ့ 
ရသစာပေမှတဆင့်  ၊ စာပေတိုင်းကို ချစ်ခင်မြတ်နိုး၊ တန်ဘိုးထားပြီး လောက ကောင်းကျိုး သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း…
မနှင်းဆီ
ကိုးကား။ “ဆရာချစ်ဦးညို၏ ကျွန်တော်ခံစားမိသလို ပြောဆိုပါမည်။ “မြောင်းတကာ စာပေဟောပြောပွဲမှ
http://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A59839&xgs=1&xg_source=msg_share_posthttp://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A59839&xgs=1&xg_source=msg_share_posthttp://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A59839&xgs=1&xg_source=msg_share_posthttp://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A59839&xgs=1&xg_source=msg_share_post
http://www.lubo601.com/2012/10/blog-post_7248.html#more မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။