Mi Mi Tun added 16 new photos — with Mi Mi Tun and Shwe Nyar Thu.
ပအိုဝ်းတို့ရွာ
********
(17 January 2016 Eleven Written by : ကိုနေ(မန်း)
ပအိုဝ်းတွဟာ တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ အင်အားကြီး အုပ်စုထဲက တစ်စုဖြစ်တယ်။ တောင်ကြီးနဲ့ အင်းလေးကန်ဒေသတစ်ဝိုက် ကျက်စားခဲ့ကြတယ်။ မြန်မာတပ်မတော်နဲ့ အကြိမ်ကြိမ် နှစ်ပေါင်းများစွာ စစ်ခင်းပြီးနောက် အုပ်စုတစ်စုက ၁၉၉၁ မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူလိုက်တယ်။ လက်နက် နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုလားပဲ။ ပီအင်န်အို ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်က ဦးဆောင်ပြီး ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နဲ့ တစ်စိတ်တစ်ပိုင်း လွတ်လပ်ပြီး ကိုယ့်အရေးအရာတွေကို ကိုယ်တိုင်ဖန်တီးခွင့် ရနေပြီထင်တယ်။ သေဒဏ်စီရင်နိုင်တဲ့အထိ အာဏာရှိတယ်။
“ဒီဒေသမှာ မြန်မာစစ်တပ်လည်း မရှိ ဘူး။ ရဲတပ်ဖွဲ့လည်း မရှိဘူး”လို့ ဘင်ကပြောတယ်။
“ပအိုဝ်းတွဟာ ကိုယ့် ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နေကြတယ်”တဲ့။
ပီအင်န်အိုက ထိပ်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ကြောင်း ဆိုတယ်။ ဈေးရှိတဲ့ နမ့်တိုင်မှာ အခြေစိုက်တယ်။
“ပီအင်န်အိုကရော လူကောင်းတွေလား”
ကျွန်တော်ကမေးတော့ ဘင်က ပြန်ဖြေတယ်။
“ဟုတ်ပါတယ်။ သူတို့ဟာ လူကောင်းတွေပါ”
“သူတို့က ဘယ်လိုမျိုး ရာဇ၀တ်သားတွေကို သေဒဏ်ပေးတာလဲ”
“အများစုကတော့ မူးယစ်ဆေးဝါး ကုန်သည်တွေပါ”လို့ ဘင်က ဆိုတယ်။
“တကယ်လို့ မူးယစ်ဆေးဝါးကုန်သည်တွေကို ဖမ်းမိပြီဆိုရင် သူတို့က တောထဲ ဖမ်းခေါ်သွားပြီး ချက်ချင်း ပစ်သတ်လိုက်တာပဲ”တဲ့။ သူ့ကြည့်ရတာ ဒီလိုမျိုး ခပ်ကြမ်းကြမ်း တရားစီရင်တာကို ကြိုက်တဲ့ပုံမျိုး။
“ဒီ ဒေသမှာတော့ မူးယစ်ဆေးဝါးကုန်သည်တွေ နောက်ထပ် တစ်ယောက်မှမရှိတော့ဘူး။ အရာအာလုံးဟာ ငြိမ်းချမ်းသွားပြီ”ဆိုပြီး ဘင်က အခိုင်အမာပြောနေပြန်ရဲ့။
နေမွန်းတည့်လောက်ရောက်တော့ ကျွန်တော်တို့ တစ်နေရာမှာ ရပ်တန့်လိုက်တယ်။
“ပအိုဝ်းနယ်မြေက ဒီနေရာကနေ စတင်တယ်”လို့ (လမ်းပြ) ဘင်က လက်ဝှေ့ယမ်းပြပြီး ပြောတယ်။ ကွင်းထဲမှာ ဂျုံရိတ်သိမ်းနေတဲ့ ပအိုဝ်းအမျိုးသမီးတွေကို တွေ့ရတယ်။ တချို့က ရိတ်လက်စ တံစဉ်တွေကိုပစ်ချပြီး ကျွန်တော်တို့နားကို ကပ်လာတယ်။
အနီးကပ်ကြည့်မှ ပအိုဝ်းမတွေရဲ့ အနက်ရောင်ဝတ်စုံက အတော်ထူးခြားလှပတာကို တွေ့ရတယ်။ နေလောင်ထားတဲ့ မျက်နှာတွေက တောက်ပပြီး ထက်မြက်မယ့်ပုံတွေနဲ့။ နက်မှောင်တဲ့ မျက်လုံးတွေက တကယ့်အရှေ့တိုင်းသားတစ်ယောက်ရဲ့ သင်္ကေတေကို ပုံဖော်နေတာ။
တချို့က သူတို့ခေါင်းထုပ်တွေကို ချွတ်ပြီး ခေါင်းကိုက်လှကြောင်း ဘင်ကိုတင်ပြကြတယ်။ တစ်နေကုန် နေပူအောက်မှာ အလုပ်လုပ်ကြရတာကိုး။ ကျွန်တော့်မှာပါလာတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ သူတို့ဝေဒနာကို ဖြေရှင်းပေးလိုက်တယ်။ မေမြို့ နဲ့ သီပေါမှာတုန်းကတည်းက ဒါမျိုး ကြုံခဲ့ပြီးပြီလေ။
နောက်တစ်နာရီ အကြာမှာတော့ ကျွန်တော်တို့ဟာ ပအိုဝ်းရွာတစ်ရွာမှာ ညအိပ်ရပ်နားဖို့ ရောက်ရှိကြတယ်။ ပအိုဝ်းတွေက လက်ရာမြောက် သစ်သားဘုန်းတော်ကြီးကျောင်းတွေ တည်ဆောက်ရာမှာ နာမည်ကြီးတယ်။ ကျွန်တော်တော့ မတွေ့ဖြစ်ဘူး။ ဒီရွာကတော့ စံပြပအိုဝ်းရွာလေးပါ။
တောင်ကုန်းပေါ်မှာ ယိုင်တိယိုင်တိုင် လှေခါးထစ်တွေနဲ့ ရရာသစ်သားကာ၊ သက်ငယ်မိုး၊ ပြတင်းပေါက်မပါဘဲ စပါးကျီလိုလိုနဲ့ ဆောက်ထားတဲ့ အိမ်လေးတွေပါ။ အိမ်ကြီးရှေ့က ဖျာပေါ်မှာ တင်ပျဉ်ချိတ်ထိုင်နေတာက ရွာအကြီးအကဲ တစ်ဦးပါ။ ကြေးနီရောင် အသားအရေနဲ့ မျက်ခုံးမွေးထူထူ ဖြူဖြူ နဲ့ ထူးခြား ထင်ရှားသူပါ။
သူက ကြီးမားတဲ့ အဖြူရောင်ခေါင်းထုပ် ဗောင်းထုပ်ကို ပေါင်းထားတယ်။ လျှို့ဝှက်တဲ့အပြုံးနဲ့။ သူ့ကြည့်ရတာ အောင်မြင်စွာ ကြိုးတန်းလမ်းလျှောက်ပြီး ပြသွားတဲ့ အိန္ဒိယ ဆပ်ကပ်သမားကြီးပုံမျိုးနဲ့။
အဲဒီ ရွာအကြီးအကဲက ကျွန်တော်တို့ကို လက်ဖက်ရည်သောက် ဖိတ်တယ်။ သူ့အိမ်မှာ တစ်ဖက်က ကြမ်းခင်းဆီ ဦးတိုက်တဲ့ မီးလင်းဖိုနဲ့ ရွှံ့စေးခင်း အခန်းကျယ်ကြီးပါတယ်
ကျေးရွာပြဿနာတွေကို အဲဒီခန်းမထဲမှာ ဆွေးနွေးဖြေရှင်းတယ်။ အဲဒါ ကျွန်တော်တို့ အိပ်ရမယ့်နေရာပဲ။ ကျွန်တော် သိသလောက် သူဟာ ဒီတောင်တန်းတစ်လျှောက် ကျေးရွာတွေက မိသားစုပေါင်း ၂၀၀၀၀ ကျော်ရဲ့ သူကြီးမှူးချုပ်အကြီးအကဲပဲ။
သူကြီးက ပြုံးလိုက်ပြီး ချောင်းတစ်ချက် ဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီး ကျွန်တော်တို့နှစ်ယောက်အကြား ကြမ်းပေါ်က ကြွေရည်သုတ် ထွေးခံဖြူထဲကို ထွေးလိုက်တယ်။
ဂေဇက်တီးယားထဲက ထုတ်နုတ်ထားတဲ့ ကျွန်တော့်မှတ်စုအရ ပအို့ဝ်တွေဟာ ထိုင်း၊ ကမ္ဘောဒီးယားမှသည် မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းအထိ ထင်ရှားကျော်ကြားတယ်။ ရှမ်းနယ်မှာတော့ သူတို့တွေဟာ ထွန်ယက်စိုက်ပျိုး မွေးမြူရေးသမားတွေပါ။ သူတို့နယ်ကျော်ပြီး ပြည်ပရောက်တဲ့အခါမှာတော့ ဆင်-မြင်း ကုန်သည်တွေအဖြစ်နဲ့ရယ်။
ပအိုဝ်းဟာ ရှမ်းပြည်နယ်မှာ ရှမ်းတွေပြီးရင် အကြီးမားအများပြားဆုံး တိုင်းရင်းသားလူမျိုးနွယ်စုဆိုပဲ။ ဆေးပေါ့လိပ် လိပ်ရာမှာသုံးတဲ့ သနပ်ဖက်ထွက်တဲ့ သနပ်ပင်တွေနဲ့အတူ မွေးဖွား ကြီးပြင်းလာကြတယ်။ ဂေဇက်တီးယားဖော်ပြချက်အရ ပအို့ဝ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး သူတို့သေရင် မီးသင်္ဂြိုဟ်တာထက် မြှုပ်နှံတဲ့ဓလေ့ ပိုတယ်။
“တောင်သူ (ပအိုဝ်းကို ဗမာတွေအခေါ်) လူမျိုးတစ်ယောက် သေပြီဆိုရင် လက်မအချင်းချင်း၊ ခြေမအချင်းချင်း ပူးချည်တဲ့ဓလေ့ ရှိတယ်” လို့ စကော့က မှတ်တမ်းတင်ခဲ့တယ်။ တစ်ခါတစ်ရံ သူနဲ့ ဒေသခံရိုးရာထုံးစံတွေအကြား ကွာဟမှု နားလည်နိုင်စွမ်း နည်းပါးမှုတွေ စကော့မှာ ဖြစ်တတ်ပုံရပါတယ်။
ဟိုသွားသတိရတယ်။ ဒီလိုပါ။ တောင်အာဖရိကမှာ နှစ်များစွာနေပြီး သူတို့ထဲက တိုင်းရင်းသားတစ်မျိုးရဲ့ ဓလေ့နဲ့ ဘာသာစကားကို သင်ယူပြီး ဒေသခံတွေကို ဘုရားသခင်အကြောင်း သင်ကြားပေးဖို့ ကြိုးစားခဲ့တဲ့ မစ်ရှင်သာသနာပြုတစ်ယောက်ကို သတိရမိတယ်။ သူ ကြိုးစားပမ်းစား လေ့လာသင်ကြားပြီး ဒေသခံ ဘာသာစကားနဲ့ ပြန်သင်ပေးလိုက်တဲ့ “ဘုရားသခင်”ဆိုတာရဲ့ အဓိပ္ပာယ်က ဒေသခံရဲ့ ခေါင်းထဲရောက်သွားတာကတော့ “ဆာတန်-မာန်နတ်” ဖြစ်သွားရောတဲ့။
ကြားခံစကားပြန်ကြောင့် မပေါက်မရောက် လိုရင်းမရောက်တာလည်း ဖြစ်နိုင်တယ်။ ဂေဇက်တီးယားကို ပြုစုစဉ်က စကော့လည်း ဒါမျိုးကြုံခဲ့မယ်လို့ ကျွန်တော်ထင်တယ်။ ဘင်နဲ့ ကျွန်တော့်ကြားမှာလည်း ဒါမျိုးတွေ ရှိလေမလားလို့ စိတ်ထဲအောက်မေ့မိသေး။ ညနက်လာတာနဲ့အမျှ အအေးပိုလာပြီ။ ကြမ်းပေါ်မှာ ကျွန်တော်တို့ဟာ သူကြီးနဲ့အတူ ထိုင်ပြီး အသားဟင်း၊ အသီးအရွက်ကြော်တွေနဲ့ ညစာ စားကြပြီ။
ပြီးတော့ မီးလင်းဖိုရှေ့အခင်းမှာ ပလောင်ပျိုမ တစ်သိုက်နဲ့အတူ ၀ိုင်းဖွဲ့ထိုင်ကြတယ်။ သူတို့ မျက်လုံးနက်နက်တွေရဲ့ လင်းလက်တောက်ပမှုကို မီးလင်းဖို အလင်းမှာမြင်ရတယ်။ ဒီလူမျိုးရဲ့ရိုးရာဓလေ့ထုံးစံနဲ့ ကိုးကွယ်ယုံကြည်မှုတွေ အစွဲအလမ်းတွေကို ဘင်က စတင်ရှင်းပြတယ်။
ဥပမာအားဖြင့် လူနေအိမ်အောက်မှာ မှိုတွေများ လာပေါက်ရင်ဖြင့် အလွန်တရာ ကံဆိုးမိုးမှောင်ကျပေတာပဲတဲ့။ ဒါပေမဲ့ ပဆုပ်ပနီကောင်တွေ အိမ်အမိုးဒိုင်းတွေ တန်းတွေမှာလာပြီး အသိုက်ဖွဲ့ပြီဆိုမှဖြင့် ကံကောင်းခြင်းလက်ဆောင်ပဲတဲ့။ အရူးရောဂါထသူကျတော့ သူတို့ အဘွားရဲ့ဆံခွေကို သူတို့လည်ပင်းမှာ ရစ်ခွေဆွဲစေခြင်းဖြင့် ကုသပေးသတဲ့။
ကျွန်တော်တို့ဟာ ကြမ်းပြင်ပေါ်မှာ စစ်စောင် သုံးထပ်ခြုံပြီး အိပ်ကြတယ်။ ခေါင်းပေါ်ကို လက်ထောင်လိုက်ရင်တောင် မမြင်နိုင်တဲ့အထိ မီးခိုးတွေအူနေတဲ့ အခန်းပါ။ သူကြီးကတော့ သူ့သီးသန့် အိပ်ရာနေရာအကန့် မှာ အိပ်တာ။ ဘင်နဲ့ ပလောင်မ တစ်သိုက်ကတော့ မီးလင်းဖိုနံဘေးမှာ အဖွဲ့ကျလို့။ တကယ်ကို ညတာရှည်တဲ့ညပါ။
ကြမ်းပြင်က မာမာ၊ ခြေထောက်တွေက အေးစက်၊ တောဓလေ့ ဆူညံသံတွေနဲ့။ ဒါပေမဲ့ နောက်ဆုံးတော့ အရုဏ်ဟာ ကျရောက်လာပြီး ၀ါးခြမ်းအကာကြား ထိုးဖောက်လာတဲ့ နံနက်နေခြည်က ကြမ်းပြင်ပေါ်ကို ရောက်လာရတာပဲ။ ရွာကလေးရဲ့နေ့သစ်ကို ကျေးငှက်သာရကာတွေရဲ့ အသံတွေနဲ့ ကြိုနေပြီ။ တလင်းနယ် သီးနှံခြွေလှေ့တဲ့ ဒီဇယ်အင်ဂျင် စက်နှိုးသံက ကြားရပြီ။
ကျွန်တော်က အိပ်ရာသိမ်းပြီးတဲ့နောက် မီးဖိုနားက ဘင်နဲ့သွားရောက် ပူးပေါင်းလိုက်တယ်။ သူက မနက်စာအတွက် ကြက်ဥကြော်နေပြီ။
“မနေ့ညက ခင်ဗျားတို့အားလုံး ဘာတွေပြောနေကြတာလဲ”
“မိန်းမတွေလား။ သူတို့အားလုံး နမ့်တိုင်ဈေးမှာ ဒီနေ့ချင်းတွေ သွားရောင်းတာ ဘယ်လောက်ဈေးရခဲ့တယ်ဆိုတာကို ပြောနေကြတာပါ”
“ကျွန်တော်ထင်တာက နိုင်ငံရေးတွေ ပြောနေကြတာလားလို့”
“သူတို့တွေက နိုင်ငံရေးတွေ မပြောကြဘူး”
ဘင်က ကြက်ဥကြော်ကို ဆီအိုးထဲကနေ ဇွန်းနဲ့ ဆယ်လိုက်ပြီ။
“သူတို့က သူတို့နယ်မှာ သီနှံအကြောင်း၊ ရာသီဥတုနဲ့ မိုးလာတော့မယ် အကြောင်းတွေပါ။ ကျန်တာကတော့ ဒီမှာ အေးအေးချမ်းချမ်းပဲ”
ဒါကတော့ လက်ရှိ မျက်မှောက် အခြေအနေပါ။ တည်ငြိမ်မှုဆိုတာ ထူးကဲနေတယ်။ ပအိုဝ်းတွေဟာ တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ အင်အားကြီးအုပ်စုထဲက တစ်စုဖြစ်တယ်။
တောင်ကြီးနဲ့ အင်းလေးကန်ဒေသတစ်ဝိုက် ကျက်စားခဲ့ကြတယ်။ မြန်မာတပ်မတော်နဲ့ အကြိမ်ကြိမ် နှစ်ပေါင်းများစွာ စစ်ခင်းပြီးနောက် အုပ်စုတစ်စုက ၁၉၉၁ မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူလိုက်တယ်။ လက်နက် နဲ့ ငြိမ်းချမ်းရေး လဲလှယ်တယ်ဆိုလားပဲ။ ပီအင်န်အို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ဦးဆောင်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နဲ့ တစ်စိတ်တစ်ပိုင်း လွတ်လပ်ပြီး ကိုယ့်အရေးအရာတွေကို ကိုယ်တိုင်ဖန်တီးခွင့် ရနေပြီထင်တယ်။ သေဒဏ်စီရင်နိုင်တဲ့အထိ အာဏာရှိတယ်။

“ပအိုဝ်းတွေဟာ ကိုယ့် ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နေကြတယ်”တဲ့။

နံနက်စာ စားပြီးတဲ့နောက် သူကြီးကို နှုတ်ဆက်ပြီး ပြန်ဖို့ပြင်ကြတယ်။ ဆေးပေါ့လိပ်တို့၊ တရုတ်စီးကရက်တို့၊ ကွမ်းတို့၊ အိမ်သုံးပစ္စည်း တိုလီမိုလီရောင်းတဲ့ ကုန်စုံဆိုင်ရှေ့မှာ သူကြီးကို တွေ့ရတယ်။ ပအိုဝ်းကျေးလက် တရားစီရင်ရေးအကြောင်းကို ဘင်ကတစ်ဆင့် သူကြီးကို ကျွန်တော်က မေးပြန်တယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိ ရွာထဲမှာ သစ်သားနဲ့လုပ်ထားတဲ့ ယာယီအချုပ်ခန်း ထိတ်တုံးရှိတယ်။ အဲဒီတုန်းကဆိုရင် အမှုအခင်း သေးသေးကလေး ကျူးလွန်မိရုံနဲ့တောင် အပြစ်ပေး ဒဏ်ခတ်လေ့ရှိတယ်။ အဲဒီဓလေ့က နမ့်တိုင်ကို ရောက်လာတယ်။ အမှုကိစ္စအများစုကို သူကြီးက ပီအင်န်အိုသို့ လွှဲပြောင်းပေးတယ်။ ဒီသူကြီးက တစ်ခါတစ်ရံ မူးယစ်ရမ်းကားလူငယ်တွေကို ကြိမ်ဒဏ်ပေးပြီး အိမ်နံဘေးက အချုပ်ထိတ်တုံးမှာ အချိုးပြေရုံ ရက်ပိုင်းချုပ်ထားတာမျိုးက လွဲလို့ အမှုကိစ္စတွေကို ကိုယ်တိုင် စီရင်ဆုံးဖြတ်ခဲပါတယ်။ ရွာထဲမှာ အရက်ကို တရားဝင်သုံးစွဲခွင့် ပြုမထားဘူး။
ဒါဆိုရင် ကျွဲခိုးနွားခိုးမှုတွေမျိုးကို စီရင်တာလားလို့ မေးရာမှာတော့ သူကြီးက ခေါင်းညိတ်ပြသလို ဘင်ကလည်း ၀င်ပြောတယ်။ ဥပမာအားဖြင့် ကျွဲတစ်ကောင် ခိုးမိသူဆိုရင် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ နမ့်တိုင်က အချုပ်မှာ တစ်လ သို့မဟုတ် ဒီထက်ပိုပြီး အချုပ်ခံရတယ်။
လယ်သမားမိသားစု တစ်စုအတွက် ကျွဲတစ်ကောင်ရဲ့အရေးပါမှုနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီလိုပြစ်ဒဏ်ကတော့ မျှတတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါဆိုရင် ဒုတိယအကြိမ် သတိပေးခြင်းကရော ဘယ်လိုတဲ့လဲ။ ဒီလိုမေးတော့ ရွာသူကြီးက တည်တည်ငြိမ်ငြိမ်နဲ့ပဲ မိန့်မိန့်ကြီးပြုံးပြီး ပြန်ဖြေတာက အကယ်၍ လူတစ်ယောက်ဟာ တစ်ကြိမ်ကျွဲခိုးခဲ့ပြီး သတိပေးခံရပြီး နောက်တစ်ကြိမ် ကျွဲခိုးမိပြီဆိုပါစို့။ အဲဒီအခါကျတော့ သူ့အတွက်ပြစ်ဒဏ်က တောထဲခေါ်သွားခံရပြီး သေနတ်နဲ့ ပစ်သတ်လိုက်ခြင်းပဲတဲ့။ ဘုရား ရေ... ဒုတိယအကြိမ် သတိပေးခြင်းဆိုတာ သေမင်းငရဲ ပါကလား။
“ကောင်းပါလေ့။ ဒါဆိုရင် ကျွန်တော်ထင်တယ် ဒီပအိုဝ်းနယ်တစ်ကြောမှာ ကျွဲခိုးတဲ့လူ တစ်ယောက်တလေမှ မရှိတော့ဘူးပေါ့”လို့ ကျွန်တော်က ဘင့်ကိုမေးတော့ သူက...။ “ဒါပေါ့။ အရာရာတိုင်းဟာ အေးချမ်းတည်ငြိမ်နေတယ်”တဲ့။ ၁၉၉၀ များဆီကပါ။ ကြာတော့ကြာပါပြီ။
ကျမ်းကိုး - ဆာဂျော့စကော့ရဲ့ “ဗမာ”
-အင်ဒရူးမာရှယ်ရဲ့ “ဘောင်းဘီဝတ်သူများ”
Writer: ကိုနေ (မန်း) Eleven Media Group
မှတ်ချက်၊ January17/ 2016 Eleven Media Group မှာဖော်ပြတဲ့ဆောင်းကိုးကို ပြန်လည်ဖော်ပြပြီး ပအိုဝ့်ကို ပအိုဝ်းဟု စာလုံးပြင်ထားသည်မှလွဲပြီး အားလုံးသည် မူရင်းဆောင်းပါးအတိုင်းဖြစ်ပါသည်။
ဓာတ်ပုံ၊ BBCနှင့် အခြားစာမျက်နှာများမှ
#တက္ကသိုလ် ခွန်Rကာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။