Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 6, 2016

ရေခဲဖုံးသော မြန်မာပြည်တစ်နေရာ

 
ရေခဲဖုံးသော မြန်မာပြည်တစ်နေရာ

--------------
ရေးသားသူ- အန်ဒါဆက်မတ်ဇင်စကီး

မြန်မာနိုင်ငံ မြောက်ဖျားဒေသအကြောင်းကို မြန်မာပြည်သူတို့ ဘယ်လောက်အထိသိရှိပါသလဲ။ အနည်းအကျဉ်းမျှသာသိလျှင်သိ သို့တည်းမဟုတ် လုံးဝမသိရှိကြပါ။ ဒါကလည်း ထူးဆန်းလှသည်တော့မဟုတ်။ မြန်မာအများစုအတွက် ပူတာအိုသို့သွားရသည့်ခရီးသည် သူတို့၏စီးပွားရေးအခြေအနေအရ မတတ်နိုင်ကြ၍ပင်ဖြစ်သည်။မြန်မာဟိမ၀န္တာတောင်ဟုဆိုလိုက်လျှင် ဦးတေဇ၏ ရဟတ်ယာဉ်ပျက်ကျသည့်နေရာမျှလောက်သာ မြန်မာပြည်သူတို့ မှတ်မိထားကြသည်။ သို့တည်းမဟုတ် နှင်းများရှိသည့်နေရာ နှင်းများစွာရှိသည့်နေရာဟုသာ သိထားကြသည်။ ထို့ထက်မပိုပါ။

သို့သော် ယင်းအချက်က မြန်မာနိုင်ငံသားများက ၎င်းတို့၏ မိခင်နိုင်ငံနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးလှသည့်အပေါ် အကြောင်းအခြေခံတော့လည်းမဟုတ်ပါ။ အကယ်၍ မြန်မာနိုင်ငံတွင် ပကတိအခြေအနေများသည် ပွင့်လင်းမှုရှိလာမည်ဆိုပါလျှင် ပညာရေးကို လိုလားတောင့်တကြသော မြန်မာများ၊
တိုင်းရင်းသားပေါင်းစုံ၏ ပညာမိုးကုပ်စက်ဝိုင်းကို အမြင်ကွဲပြားမှုအား လက်ခံနိုင်သော မီဒီယာများက ချဲ့ထွင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

၂၀၁၂ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် မြန်မာဟိမ၀န္တာနှင့် သူ၏နောက်ဆုံး ရွာစွန်လေးသို့ ကျွန်တော်ခရီးရှည်ထွက်ခဲ့ပါသည်။

ပူတာအိုလေဆိပ်သည် ကျွန်တော့်ဘ၀တစ်လျှောက် မြင်ဖူးသမျှလေဆိပ်ထဲတွင် အသေးငယ်ဆုံးဖြစ်သည်။ အေး၍စိမ့်နေသောလေထု။ လေယာဉ်ကထွက်လိုက်သည်နှင့်
တောင်တန်းကြီး၏လေထုကို ရှူရှိုက်လိုက်ရသလို ခံစားလိုက်ရသည်။ ဆောင်းရာသီတွင် ကြည်ပြာရှင်းလင်းနေသော ကောင်းကင်ကြောင့် နှင်းများဖုံးလွှမ်းနေသည့် တောင်ထိပ်ကို အဝေးမှမြင်နိုင်သည်။ ယခုလို မိုးရာသီဝင်လာချိန်တွင်တော့ အမြင်များက မှုန်မှိုင်း၍နေတော့သည်။

ပူတာအိုသည် ပျောက်ဆုံးနေသောမြို့နှင့်တူနေသည်။ အချိန်ကြာမြင့်စွာ မေ့လျော့ခံထားရဟန်ထင်ရသည်။ သို့သော် ယင်းမှာ အပေါ်ယံအမြင်သာဖြစ်သည်။ ကျွန်တော့်လို နိုင်ငံခြားသားကို မဆိုထားနှင့်။ ၁၉၈၀ ပြည့်နှစ်များဆီက ပူတာအိုတွင် တစ်နှစ်ကြာနေထိုင်ခဲ့ဖူးသည့် ကျွန်တော့်လမ်းညွှန်ကပါ “ဘာမှကို အပြောင်းအလဲမရှိဘူး။ ကားတွေနည်းနည်းလေးပိုများလာတယ်။ ဒီလောက်ပဲ”ဟုဆိုသည်။ သိသာမြင်သာသည့်အကြောင်းရင်းကတော့ ဝေးကွာလွန်းခြင်းနှင့် အထီးကျန်လွန်းခြင်းပင်ဖြစ်တော့သည်။

ဗြိတိသျှကိုလိုနီတို့က ယင်းအကြောင်းကို ကောင်းစွာသိရှိခဲ့ကြသည်။ မြင့်မားလှသောတောင်တန်းကြီးများနှင့် ၀န်းရံနေသည့် အမြင့်ပိုင်းဒေသ ပူတာအိုကို ယခင်က ခမ်တီလုံးဟု ခေါ်ဆိုခဲ့သည်။ သမိုင်းတစ်လျှောက်တွင် ရှမ်းနှင့်ကချင်များ နေထိုင်ခဲ့ကြပြီး ဗြိတိသျှများက ပထမကမ္ဘာစစ်မစတင်မီ ၁၉၁၄ ခုနှစ်ကျမှ သိမ်းပိုက်နိုင်ခဲ့သော မြန်မာနိုင်ငံ၏နောက်ဆုံးနယ်မြေဖြစ်သည်။ သမိုင်းပါ ကောလာဟလများအဆိုအရ အကယ်၍များ တရုတ်က ခမ်တီလုံးကို လုံး၀၀င်ရောက်သိမ်းပိုက်မည်ဆိုသောသတင်းကို ဗြိတိသျှများမရရှိခဲ့ပါလျှင် ဤဒေသကို ဗြိတိသျှတို့က လာရောက်သိမ်းခဲ့မည်မထင်ပါ။ တိဘက်ကို တောင်ဘက်ပိုင်းမှ ၀င်ရောက်နိုင်မည့် တံခါးပေါက်အဖြစ် မဟာဗျူဟာအရ အရေးပါသည်ဟု တရုတ်တို့က ယူဆခဲ့ကြောင်း ဗြိတိသျှတို့အတွက် စပိုင်လုပ်ပေးခဲ့သည့် အိန္ဒိယသားများက သတင်းပို့ပေးခဲ့သည်ဟုဆိုသည်။ ဗြိတိသျှတို့က ပို၍လျင်မြန်ပြီး ပို၍လည်း လူရည်လည်ပါသည်။ သူတို့၏ကျွမ်းကျင်သော သံတမန်နည်းပညာကိုသုံး၍ ကချင်တို့ကိုစည်းရုံးသိမ်းသွင်းပြီး ယင်းဒေသကို အုပ်ချုပ်ခွင့်ရယူခဲ့သည်။ ယင်းအတွက် သူတို့ကို အကျိုးအမြတ်များစွာ ပြန်လည်ပေးကမ်းခဲ့ပါသည်။ များမကြာမီပင် ဖို့ဟက်ဇ်အမည်ရှိ စစ်ဌာနချုပ်ကို တည်ဆောက်တော့သည်။ ၎င်းဒေသက ဗြိတိသျှ လက်ထောက်ကော်မရှင်နာမင်းကြီးလည်းဖြစ်ပြီး တပ်ဖွဲ့ပေါင်းများစွာ၏ ခေါင်းဆောင်လည်းဖြစ်သူ W.A. Hertz ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။

မြောက်ဖျားမှ တောရိုင်းဒေသ၊ မြင့်မားသောတောင်တန်းများနှင့် လမ်းများက အနောက်နိုင်ငံသားများနှင့် မြန်မာများအတွက် လူမသိသူမသိနေရာအဖြစ် ကျန်ရှိနေခဲ့သည်။ မှန်ပါသည်။ မြန်မာဘုရင်များကိုယ်တိုင်ပင် ယင်းဒေသကို လွှမ်းမိုးအုပ်ချုပ်နိုင်ခြင်းမရှိခဲ့ဖူးပါ။ သို့သော်ငြားလည်း ခမ်တီလုံးသည် နှစ်ပေါင်းရာချီပြီး တရုတ်တို့၏ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တရုတ်တို့က ဒေသခံများကို အခွန်ကောက်ခံပြီး သူတို့ကို ကျွန်များအဖြစ် ဖမ်းဆီးခိုင်းစေခဲ့သည်။

ကျော်ကြားသော ဗြိတိသျှရုက္ခဗေဒပညာရှင်နှင့် စူးစမ်းလေ့လာသူ ဖရန့်ကေ၀တ်သည် မြောက်ဖျားဆီက လူသူအရောက်အပေါက်မရှိသေးသည့် မလိခနှင့် နန်တာမိုင်ကို စူးစမ်းလေ့လာခဲ့သည့် ပထမဆုံးသော အနောက်နိုင်ငံသားဖြစ်သည်။ သူ၏ ၁၉၃၇-၁၉၃၉ ခုနှစ် စူးစမ်းလေ့လာရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏အမြင့်ဆုံး ခါကာဘိုရာဇီတောင် (ပင်လယ်ရေမျက်နှာပြင်မှ ၅၈၈၁ မီတာအမြင့်)၏ တောင်ဘက် တောင်ခြေပိုင်းကို ရောက်ရှိခဲ့သည်။ မြန်မာဟိမ၀န္တာ၏ လျှို့ဝှက်ချက်များကို ပြင်ပကမ္ဘာက သိရှိသွားခဲ့သည်။ ယင်းမတိုင်မီ ၁၉၃၀ ပြည့်နှစ်တွင် တော်ဝင်ဘူမိဗေဒအဖွဲ့က သူ၏ ထူးချွန်ပြောင်မြောက်သော စူးစမ်းလေ့လာမှုများအတွက် ဆုတံဆိပ်ချီးမြှင့်ခဲ့သည်။

၎င်းနောက် မြန်မာဟိမ၀န္တာသည် ကာလရှည်ကြာ အထီးကျန်ဖြစ်ခဲ့ပြန်သည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာစစ်တပ်မှ ဗိုလ်မှူးကြီးစိုးမြင့် ဦးဆောင်သည့် ပထမဆုံးမြန်မာလေ့လာရေးအဖွဲ့သည် နိုင်ငံမြောက်ဖျားက ရွာစွန်နှင့် နှင်းဖုံးတောင်တန်းများဆီသို့ ရောက်လာသည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာဆေးပညာရှင်များအဖွဲ့က နန်တမိုင်တောင်ကြားရှိ လူမျိုးစုများကိုလေ့လာခဲ့ပြီး သူတို့၏တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံခြားသားများက ဤနေရာသို့ ၁၉၉၀ နှစ်လယ်ပိုင်းများက ထပ်မံရောက်ရှိလာကြပြန်သည်။ ဂျပန်တောင်တက်သမား တာကာရှီအိုဇာကီသည် မြောက်ဖျားရွာစွန်ဖြစ်သည့် တဟွန်ဒမ်ရွာတွင်နေထိုင်သူ တိဘက်လူမျိုး နီယာမဂျာလဆန်နှင့်အတူ ပထမဆုံးအကြိမ်အဖြစ် ခါကာဘိုရာဇီတောင်ထိပ်သို့ ၁၉၆၆ ခုနှစ်က တက်ရောက်ခဲ့သည်။ နီယာမသည် ဤတောင်ကို ယခင်က မတက်ခဲ့ဖူးသော်လည်း တောင်တက်လမ်းကိုပြသခဲ့သည့် ပထမဆုံးသောလူသားဖြစ်သည်။ မွေးရာပါတောင်တက်ကျွမ်းသူ၊ အသိရှိသူဖြစ်ခြင်းတို့က အခက်အခဲများကို နောက်ဆုံးအချိန်အထိ ကျော်လွှားနိုင်စေခဲ့သည်။ နီယာမဂျာလဆန်မပါဘဲနှင့် အိုဇာကီတစ်ယောက် မည်သည့်နည်းနှင့်မျှ တောင်ထိပ်ပေါ်မရောက်နိုင်ခဲ့ဟု တောင်ကြားဒေသမှ လူများကပြောကြသည်။ သူတို့ပြောဆိုချက်ကို ကျွန်တော် ယုံကြည်သည်။ တစ်နှစ်အကြာ ၁၉၉၇ ခုနှစ်တွင် World Conversation Society မှ အမေရိကန်စူးစမ်းသူနှင့် သဘာဝထိန်းသိမ်းသူတစ်ဦးက မြန်မာသစ်တောဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့်ရောက်လာသည်။ တစ်လကြာ ပင်ပန်းကြီးစွာသောခရီးအပြီး တိဘက်လူမျိုးများနေထိုင်သည့် တဟွန်ဒမ်ကိုရောက်လာခြင်းဖြစ်သည်။ သူ၏ခရီးလမ်းတွင် သတ္တ၀ါမျိုးစိတ်သစ်ကို တွေ့ရှိခဲ့သလို တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုနှင့် တိုးများလာနေသော အမဲလိုက်မှုများကြောင့် ဇီဝစနစ်ကို အန္တရာယ်ဖြစ်နေကြောင်းတွေ့ရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် ပြည်ပမှ လူအနည်းငယ်ကသာ ပထမဆုံးလမ်းပြအေဂျင်စီများ၏ အကူအညီဖြင့် ဤဒေသကိုလာရောက်ခဲ့ကြသည်။ ယင်းတောင်တန်းကြီးများဆီသို့ ခရီးစဉ်သည် လွန်စွာပင်ပန်းပါသည်။ ထိုဒေသတွင်နေထိုင်သော ရ၀မ် (သို့မဟုတ်) လီဆူးလူမျိုးတို့၏ ကျန်းမာမှုနှင့် ကြံ့ခိုင်မှုတို့ကို ကျွန်တော်သြချရပါသည်။ လမ်းများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များမရှိဘဲ သူတို့သည် ပူတာအို (သို့မဟုတ်) တရုတ်နယ်စပ်များတွင် ဈေးဝယ်ရန်အတွက် သီတင်းပတ်နှင့်ချီပြီး ခြေလျင်သွားလာနိုင်ကြသည်။ အမှန်တော့ သူတို့သည် တောင်တက်သောဓလေ့တွင် အသားကျနေသူများဖြစ်ပြီး သူတို့၏လူနေမှုစနစ်တွင် တောင်တက်ခြင်းက အကျုံးဝင်နေပေသည်။ မည်မျှကြာကြာ ဆက်၍ဖြစ်နေပါမည်နည်း။ ယင်းကိုသိနိုင်ရန်လည်း ကျွန်တော်သွားရောက်ခဲ့သည်။

ပူတာအိုဈေးတွင် ပစ္စည်းများဝယ်ယူပြီးစီးချိန်တွင် လေးလံသောကုန်ပစ္စည်းများကို ပြင်ဆင်ထုပ်ပိုးကြသည်။ ကျွန်တော်၊ ကျွန်တော့်စကားပြန်၊ အစိုးရလမ်းညွှန်နှင့် ပေါ်တာကိုးယောက်တို့သည် တောလမ်းဆီကို ဦးတည်ပြီး နောင်မွန်းမြို့ဆီသို့ ခရီးစကြသည်။ လမ်းတွင် လေဆိပ်တစ်ခုကို ကျွန်တော်တို့ဖြတ်လာခဲ့သည်။ ပူတာအိုကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ဆက်သွယ်ပျံသန်းနိုင်ရန်အတွက် ယင်းလေဆိပ်ကိုပြုပြင်နေသည်။ လာမည့်နှစ်အနည်းငယ်တွင် ဤနေရာသည် ဟိုတယ်များ၊ ကမ္ဘာလှည့်ခရီးသွားများအတွက် အဆောက်အအုံအများအပြားနှင့် တောင်ပေါ်အပန်းဖြေစခန်းတစ်ခု ဖြစ်လာနိုင်သည်။

ဘုရားကျောင်း၊ ဘုရားရှိခိုးကျောင်းများက ရွာတိုင်းမှာရှိသည်။ ဤဒေသတွင် အများစုက ခရစ်ယာန်များဖြစ်သည်။ အမေရိကန်မစ်ရှင်မို့စ်မိသားစု၏ နှစ်ကာလရှည်ကြာ သာသနာပြုလုပ်ငန်းများ၏ အကျိုးဆက်ဖြစ်သည်။ ၁၉၅၀ နှစ်များမှစပြီး ၆၀ နှစ်များအထိ သူတို့၏သာသနာပြုချိန်ကို ကောင်းမြတ်သောအချိန်ကာလဟု ဒေသခံများက မှတ်ထားကြသည်။ ၎င်းနောက်ပိုင်းတွင် နိုင်ငံရေးပြဿနာများကြောင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ သာသနာပြုများက သူတို့ကို သောက်စားခြင်းမပြုရန် တားမြစ်ခဲ့သည်။ ကျောင်းများ၊ ဆေးခန်းများ ဆောက်လုပ်ပေးခဲ့သည်။ စိုက်ပျိုးနည်းများ သင်ကြားပေးခဲ့သည်။ သစ်ပင်မျိုးသစ်များစိုက်ပျိုးခဲ့သည်။ ကျွန်တော့်ကို ဒေသခံများ လက်ဆောင်ပေးခဲ့သည့် နာမည်ကြီးကျွဲကောသီးသည် အမှန်စင်စစ် သာသနာပြုများက ပူတာအိုဒေသကို မိတ်ဆက်ပေးခဲ့သည်ဟုဆိုသည်။ ရ၀မ်နှင့် လီဆူးတရားဟောဆရာများသည် လူထုအတွင်း အတော်လေး ခံစားနေရဆဲဖြစ်သည်။ မို့စ်မိသားစုကမူ ယခုအခါ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် နေထိုင်လျက်ရှိသည်။

တောလမ်းခရီးကြမ်း တစ်ပတ်ကြာမြင့်ချိန်တွင် ကျွန်တော်တို့သည် နန်တာမိုင်တောင်ကြားကို ကာရံထားသောတောင်ကို စတင်တက်ကြသည်။ လမ်းဖောက်လုပ်နေသည့် ရဲဘက်စခန်းနှင့် ကျွန်တော်တို့ ရုတ်တရက်ဝင်တိုးမိကြသည်။ နန်တာမိုင်တောင်ကြား၊ ပန်မန်ဒမ်ရွာဆီသို့ဦးတည်သည့်လမ်းကို ချဲ့ထွင်နေခြင်းဖြစ်သည်။ အစိုးရနှင့်ပူးပေါင်းပြီး မြန်မာပုဂ္ဂလိကများက ငွေကြေးထောက်ပံ့နေသည်။ အလွန်ခက်ခဲနေပုံရသော်လည်း အကယ်၍ ထိုလမ်းများ ဖောက်လုပ်ပြီးစီးသွားမည်ဆိုလျှင် အထီးကျန်နန်တာမိုင်တောင်ကြားသည် ပြင်ပကမ္ဘာအတွက် လမ်းပွင့်လာမည်ဖြစ်ပြီး အပြောင်းအလဲများက ဤနေရာမှလူများကို ရိုက်ခတ်လာမည်ဖြစ်သည်။ ယင်းအချက်သည် ထူးခြားလှသည့် ပြောင်းလဲမှုကြီးတစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တဟွန်ဒမ်ရွာကို နန်တာမိုင်တောင်ကြားက ကမ္ဘာကြီး၏ လာရောက်ရန်အခက်ခဲဆုံးရွာစွန်တစ်ခုဖြစ်စေခဲ့သည် မဟုတ်ပါလား။ အမေဇုံမြစ်ဝှမ်းတွင်ပင် ဝေးလံခေါင်သီသောရွာဆီသို့ လှေဖြင့်သွားလာနိုင်သေးသည်။ ဤနေရာတွင်မူ နန်တာမိုင်မြစ်က ကမ္ဘာ့ရေစီးအသန်ဆုံး၊ အကြမ်းတမ်းဆုံး လူသတ်မြစ်ဟုယူဆရသည်။ ဤစကားက ကျွန်တော့်ထံမှမဟုတ်ပါ။ ဤမြစ်အတွင်း ၂၀၀၃ ခုနှစ်က လှေစီးဆင်းခဲ့သော ကမ္ဘာ့ထိပ်တန်းကာယာကာခေါ် မြစ်ကြောင်းလှေခရီးကြမ်းစီးသူ၏စကားဖြစ်ပါသည်။ သူတို့အသက်ဘေးမှ သီသီလေးကပ်ပြီး လွတ်မြောက်ခဲ့ကြသည်။ သူတို့ထဲမှတစ်ဦးမှာ ကျွန်တော်၏ ရ၀မ်ဘာသာပြန်ဖြစ်ပြီး သူတို့အတွက် စကားပြန်လုပ်ပေးခဲ့သူဖြစ်သည်။

အပြောင်းအလဲများက လာရောက်ကြလိမ့်မည်။ ဤအထီးကျန်ဒေသကို ဒီမိုကရေစီဝင်ရောက်လာသည်ဟု လူများကလည်း ပြောဆိုကြလိမ့်မည်။ ဤနေရာတွင် အတိတ်က ဒီမိုကရေစီစနစ်ကို သိရှိခဲ့ကြသည်ဆိုသည်ကို သိရှိသူအနည်းငယ်သာရှိသည်။ ကချင်ဘာသာဖြင့် ဂမ်လာအိုဟုခေါ်သည်။ ဗြိတိသျှလူမှုရေးပညာရှင်အီးလိခ်ျက သူ၏ ၂၀ ရာစုလယ်တွင် ရေးသားခဲ့သည့် The Political systems of highland Burma စာအုပ်တွင် အသေးစိတ်ပုံဖော်ပြခဲ့သည်။ ဂမ်လာအိုစနစ်သည် ရီပက်ဘလေကန်စနစ်ပုံစံရှိသည့် တန်းတူညီမျှလူနေမှုစနစ် တစ်ခုဖြစ်သည်။ ယင်းသည် အုပ်ချုပ်သူလူတန်းစားဖြစ်သည့် ဂမ်ဆာအိုနိုင်ငံရေးစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ယခုအခါတွင် အဆိုပါအခေါ်အဝေါ်များကို ဒေသခံများ မေ့လျော့နေကြပြီ။ သို့သော် လူသားတို့၏ဘ၀များနှင့် လူမှုရေးအပြောင်းအလဲများသည် သံသရာစက်ဝိုင်းတစ်ခုလိုပင်ဖြစ်နေသည်ဆိုသည့် အမှန်တရားကို ကျွန်တော်တို့တွေ့ရသည်။ ဂမ်လာအိုသည် နန်တာမိုင်တောင်ကြားကို ဒီမိုကရေစီဟူသောအမည်ဖြင့် ပြန်လည်ရောက်ရှိလာသည်။

ဂါဝိုင်ရွာတစ်ဝိုက်တွင် မိုးသည်းထန်စွာရွာချလိုက်ချိန်တွင် ကျွန်တော်တို့ကို မျှော့အုပ်ကြီးက ၀ိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ မုတ်သုံမိုးရာသီက တောင်ပြိုမှုအများအပြားဖြစ်စေပြီး လူပေါင်းများစွာကိုလည်း အတိဒုက္ခရောက်စေသည်။ ကျွန်တော်တို့သည် ဒါဇွန်ဒမ်ရွာသို့သွားရာလမ်းပေါ် ရောက်နေကြပြီး ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့်ကိုယ်ပေါ်မှ စိုစွတ်ပေကျံနေသော တောလမ်းမှမြေမှုန့်များက ကျွန်တော့်ခန္ဓာကိုယ်နှင့်အတူ ကြမ်းတမ်းသောကျောက်တုံးကြီးများပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဤကြမ်းရှသော ကျောက်ဆောင်တန်းများထဲတွင် ကျောက်တုံးတစ်တုံးနှင့်တိုက်မိလျှင်ပင် လဲကျသွားနိုင်သည့်အကြောင်းရှိသောကြောင့် ထိုအခိုက်မှာ တော်တော်လေးအန္တရာယ်ရှိသော အခိုက်အတန့်လည်းဖြစ်သည်။ ကံကောင်းစွာပင် ကျွန်တော် သွေးထွက်ရုံပဲထွက်ပြီး မတ်တတ်ရပ်ကာ တစ်လှမ်းချင်းလျှောက်လာနိုင်ခဲ့သည်။ အရိုးများမကျိုး၍ ကျွန်တော် ကံကောင်းပါသည်။ သို့သော် ကျွန်တော့် ရ၀မ်လူမျိုးဘာသာပြန်ကမူ ထိုအဖြစ်မျိုး ဤနေရာတွင် မကြာခဏဖြစ်လေ့ရှိသည်ဆိုသည်။ ငယ်စဉ်တုန်းကတော့ သူသည် တဟန်ဒမ် နောက်ဆုံးရွာသို့ အမဲလိုက်ရန်နှင့် မြေပြန့်ဒေသများတွင် ဈေးကောင်းရသော ဆေးမြစ်များကို ရှာဖွေစုဆောင်းရန် သွားရောက်ခဲ့ဖူးသည်။ ၀ယ်သူများကလည်း လက်တင်ဘာသာရုက္ခဗေဒအားဖြင့် အခေါ် CORDYCEPS SINENSIS ခေါ် ရှားပါးသည့် တောင်ပေါ်မှိုအမျိုးအစားကို ဈေးကြီးပေးဝယ်ရန် အသင့်ရှိနေကြသည်။ ထိုမှိုမှာ အံ့ဖွယ်အစွမ်းဖြင့် ကင်ဆာပင်ပျောက်သည်ဟု ယုံကြည်ကြသည်။ မှိုပွင့်သည် ထူးခြားသည့်နည်းလမ်းဖြင့် မျိုးပွားသည်။ မှိုပင်မှာ အင်းဆက်သားလောင်းထဲတွင် ပေါက်ဖွားပြီးနောက် သားလောင်းကိုသတ်ဖြတ်ရင်း ၄င်း၏ခန္ဓာအကြွင်းအကျန်များကို အခြောက်ခံစေရင်းဖြင့် မြေပြင်ထဲမှပွင့်လာခြင်းဖြစ်သည်။

ဒဇောင်းဒမ်တွင်တော့ ကျွန်တော်တို့ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ World Conservation Society က မြန်မာအဖွဲ့ဝင်များကို တွေ့ခဲ့သည်။ ၄င်းတို့မှာ ဒေသခံလူမျိုးစုများ ထိုဧရိယာအတွင်း အမဲလိုက်မည်ကို တားမြစ်နိုင်ရန် ကင်းလှည့်စောင့်ကြည့်နေခြင်းဖြစ်ပါသည်။ ၁၉၉၇ တွင် မစ္စတာအလန်ရာဘင်နိုဗစ်၏ သုတေသနများကြောင့် ၁၉၉၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒေသခံများမှာ WCS ၏ အစီအစဉ်ကို ထောက်ခံကြောင်း ပြောသည့်ပုံ၊ တန်ဖိုးထားလေးစားသည့်ပုံမရှိကြပါ။ သူတို့ဘိုးဘေးများက ရာစုနှစ်များစွာလုပ်ခဲ့ပြီးခါမှ သူတို့လက်ထက်တွင် ဘာကြောင့်အမဲလိုက်ခြင်းကိစ္စ ရပ်တန့်ရမည်ကို နားမလည်ကြပါ။ ကျွန်တော့်မှာလည်း တစ်ဖက်ကနေ၍ ဤအမြဲစိမ်းသစ်တောသည် စိတ်ဝင်စားစရာ တိရစ္ဆာန်မျိုးစိတ်အရေအတွက်များဖြင့် ပေါများကြွယ်ဝနေသော်လည်း မကြာမီလောက်ကပင် ဒေသတွင်းနေထိုင်သည့်လူဦးရေမှာ သိသာစွာကျဆင်းသွားသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ထို့နောက် မကြာမီ ကျွန်တော်အဖြေရသည်။ “သူတို့က နှစ်ပေါင်းများစွာ အမဲလိုက်လာကြတာ။ ဒါပေမဲ့ သူတို့အကျိုးအတွက်ပဲ လုပ်ခဲ့ကြတာ။ တရုတ်ပြည်ထဲမှာ ဈေးကွက်စီးပွားရေးပြောင်းလဲမှုတွေလုပ်တော့ တရုတ်တွေကပဲ တိရစ္ဆာန်အရေခွံတွေနဲ့ အင်္ဂါတွေကို ဈေးကောင်းပေးပြီး စ၀ယ်ကြတော့တာပဲ။ အဲဒီမှာ ဂေဟဗေဒကပ်ဆိုးရှုခင်း ပေါ်ထွက်လာတော့တာပါပဲ”ဟု ကျွန်တော့်လမ်းပြကပြောသည်။ ဤနေရာတွင် ဆင်ရိုင်းတစ်ကောင်မှ မြင်ရတော့မည်မဟုတ်တော့။ ရှိသမျှအကုန်လုံးကလည်း ပြီးခဲ့သည့်နှစ် ၂၀ အတွင်း သတ်ဖြတ်ခံရပြီး ပျောက်ကွယ်သွားခဲ့ပြီ။ ကျားများမှာလည်း အလွန်ရှားပါးလွန်းလှကာ ပုန်းအောင်းပြီးသာ တည်ရှိနေတော့သည်။ နှင်းတောင်ကျားသစ်များလည်း နည်းသထက်နည်းလာသည်။ ဒီကမ္ဘာမြေမှာ ဒါတွေကို ဘယ်သူရပ်မှာလဲ။

ကျွန်တော့်ခရီးတွင် ဖြတ်ကျော်ခဲ့သော နန်တမိုင်တောင်ကြားသည်လည်း ဗလာဟင်းလင်းဖြစ်နေပါပြီ။ ကျွန်တော့်အတွက် အထမ်းသမများအဖြစ် လိုက်ပါပေးကြသော မိန်းကလေးနှစ်ဦးမှာ ဒဇွန်ဒမ်တွင်ကြီးပြင်းခဲ့ကြသူများဖြစ်သည်။ သို့သော် ပြီးခဲ့သည့်ခုနစ်နှစ်ခန့်ကတော့ ကျောင်းတက်ရန် ပူတာအိုသို့ သူတို့ပြောင်းရွှေ့သွားခဲ့ကြသည်။ သိပ်မကြာခင် မိဘများလည်း သူတို့နောက်လိုက်ခဲ့ကြသည်။ ဤသည်မှာ တောင်ကြားမှရွာများ တဖြည်းဖြည်းပျောက်ကွယ်သွားရခြင်းအကြောင်းရင်းဖြစ်သည်။ လူများသည် ခက်ခဲသောတောင်ပေါ်အခြေအနေ၊ အမဲလိုက်ရခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ရန် ယာမီး ရှို့ရခြင်း စသောအလုပ်များကို ငြီးငွေ့လာပြီး နေသာသော ပူတာအိုလွင်ပြင်တွင် နိဗ္ဗာန်ဘုံတစ်ခုကို သွားရှာကြသည်။ မြို့ပြတည်ထောင်ခြင်းနှင့် လူဦးရေထူထပ်သိပ်သည်းလာခြင်းများက ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေပြီး မကောင်းသည့် အကျိုးဆက်များကိုလည်း စတင်စူးစမ်းလာကြပါပြီ။ ပြောင်းပြန်အံ့သြစရာ ဖြစ်ရသည်မှာ ထိုတောင်ကြားတွင် မကြာမီချမ်းသာသောသူဌေးများနှင့် ကြွယ်ဝသည့်အငြိမ်းစားပုဂ္ဂိုလ်များက အခြေချတော့မည်။ ဆူညံပြီး လူဦးရေထူထပ်သည့်မြို့ကြီးများနှင့် ဝေးကွာတိတ်ဆိတ်ငြိမ်းချမ်းသောနေရာတွင် နေထိုင်နိုင်ရန်
ငွေအများအပြားသုံးကာ လာနေကြမည့်သူများဖြစ်သည်။

ခရီးစဉ် ၁၂ ရက်မြောက်နေ့တွင်တော့ ကျွန်တော်တို့ အရွန်ဒမ်ရွာတွင် ရပ်နားခဲ့ကြသည်။ ရွာလူကြီးက နွေးထွေးစွာကြိုဆိုသည်။ ခြံဝင်းများမှာ ရှင်းလင်းနေပြီး ခွေးများက ဟောင်နေကြသည်။ မတ်စောက်သည့် တောင်ကြောအောက်ဘက်တစ်နေရာတွင် သီချင်းဆိုသံ ကျွန်တော်ကြားခဲ့ရရာ ယင်းမှာ ဘုရားကျောင်းတစ်ခုဖြစ်သည်။ ကျောင်းအတွင်း အမျိုးသမီးများမှာ ဘယ်ဘက်ခြမ်းတွင်ထိုင်ပြီး အမျိုးသားများက ညာဘက်ခြမ်းတွင် ထိုင်နေသည်။ ပွဲပြီးတော့ ကျွန်တော်လည်း ကျောင်းထဲမှထွက်လာသည့် လူအုပ်နှင့် မျက်နှာချင်းဆိုင်ဝင်ပေါက်တံခါးမကြီးသို့ ရောက်သွားသည်။ ကျွန်တော့်အနားကို အကုန်လုံးဝိုင်းလာကြပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ရုတ်တရက်ပင် တစ်စုံတစ်ယောက်၏ လက်ဖ၀ါးအထိကို ကျွန်တော်ခံစားလိုက်ရသည်။ သို့သော် ထိုသူ့မျက်နှာကို ကျွန်တော်မမြင်။ ယင်းမှာ ဒါဝီဖြစ်ပါသည်။ ကမ္ဘာတွင် နောက်ဆုံးကျန်ရှိနေသော အာရှပစ်ဂမီလူမျိုးတစ်ဦးပင်

စူးစမ်းရှာဖွေနိုင်ဖို့အကောင်းဆုံးနည်းကတော့ သူ့ကိုစကားပြောလာအောင်လုပ်ခြင်း ဖြစ်သည်။ သို့သော် သဘာဝအတိုင်းပင် သူက ရှက်နေပြီး ပြောချင်သည့်ပုံမရှိ။ ကျွန်တော် နည်းလမ်းရှာရတော့သည်။ သူ့ကို ကျွန်တော့်ခရီးစဉ်တွင် အထမ်းသမားအဖြစ် လိုက်ခဲ့မည်လားမေးရာ သူသဘောတူသည်။ သူက WCS ၏ ကန့်သတ်တားမြစ်ချက်များကြောင့် အမဲလိုက်ခြင်းကိုရပ်ထားရပြီး ငွေလိုနေသည်။

တစ်နေ့တည်းမှာပင် ကျွန်တော်တို့ စိုရွှဲစွာ၊ မောပန်းစွာဖြင့် နောက်ဆုံးရွာထဲသို့ ၀င်ရောက်သွားခဲ့ကြရသည်။ ရွာနောက်တွင်တော့ နှင်းများ၊ တောင်များနှင့် တိမ်များကိုသာ မြင်နိုင်တော့သည်။ နောက်တစ်နေ့တွင်တော့ ကံကောင်းစွာပင် နေရောင်က တောင်ကြားထဲကျရောက်လာ၍ ကျေးလက်ဒေသ၏ ပြတ်သားသော အရောင်များနှင့်ပုံရိပ်များကို မြင်တွေ့ရသည်။ ရွာလူကြီးအိမ်တွင် ကျွန်တော်အိပ်ခဲ့ပြီး ၄င်းမှာ တကာရှီအိုဇာကီနှင့်အတူ ခါကာဘိုရာဇီတောင်ကို တက်နိုင်ခဲ့သော တိဗက်လူမျိုး၏ညီဖြစ်သည်။ ၎င်းမှာရွာတွင် အချမ်းသာဆုံးဖြစ်ပုံရသည်။ ခရီးတစ်လျှောက် နောက်ဆုံးရွာသို့ရောက်ခါမှ အခန်းအလယ်တွင် တိဗက်မှသယ်လာသော တီဗီကြီးတစ်လုံးနှင့် ဂြိုဟ်တုရုပ်သံဖမ်းစက်စလောင်းတစ်ခုကို တွေ့လိုက်ရရာ အံ့သြစရာဖြစ်သည်။ ကျွန်တော်တို့အဖွဲ့လည်း ရွာတွင်အနားယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒါဝီ၊ ကျွန်တော်နှင့် တဟန်ဒမ်မှ တိဗက်ကောင်လေးတို့မှာ တောင်တက်ရမည့်ခရီးအတွက် ပြင်ဆင်ရသည်။ ကျွန်တော်တို့အလွန်ဆိုးရွားစွာ မတ်စောက်နေသာ တောင်တက်လမ်းပေါ်သို့တက်ခဲ့ရပြီး ရင်ခေါင်းအထိနက်သော နှင်းခဲအပုံများကြားတွင်ရှိသော ကျောက်ဆောင်အောက်၌ အိပ်စက်ခဲ့ရသည်။ အရာရာတိုင်းမှာအေးခဲနေပြီး အမည်မရှိသော တောင်ထိပ်ဖျားမှ ကြည့်လိုက်လျှင် ကျွန်တော်တို့ အောင်မြင်စွာတက်နိုင်ခဲ့သော်လည်း ဘာမှမမြင်ရ။ ထူထဲသောမြူနှင်းများနှင့်။ မြင်ကွင်းရှင်းသွားသည့်အခါများတွင်တော့ တောင်ပိုင်းမှ ဆင်ခြေလျှောများပေါ်တွင် ကြီးမားလွန်းသော နှင်းထုကြီးများ။ ကျွန်တော်ကား ကမ္ဘာတွင် နောက်ဆုံးကျန်နေသော မထိတွေ့ရသေးသည့် တောရိုင်းမြေတစ်ခုကိုထိတွေ့ခဲ့ရပြီ။ ခါကာဘိုရာဇီတောင်ကိုတက်နိုင်ဖို့ ကျွန်တော် မြောက်ဘက်သို့ သုံးရက်ခန့် ချီတက်ရပေဦးမည်။

ဒါဝီကတော့ တစ်ခါတလေတွင် နောက်ဆုံးအသက်ရှင်ကျန်ရစ်သော ထရုံလူမျိုးတစ်ဦးအဖြစ် ထင်ရပါသည်။ အသက် (၆၂) နှစ်အရွယ်ရောက်နေသည့်အချိန်တွင် သူသည် ထရုံနှမများနှင့်အတူ နေထိုင်နေပါသည်။ သူ့ဇနီးမှာမူ ပျားရည်ရှာရင်း တောင်စောင်းတစ်ခုမှလိမ့်ကျကာ ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ သူပြောသည့်စကားက ရ၀မ်နှင့် ထလူဒေသီယစကားများနှင့် ကွဲပြားသည်။ ၁၉၆၂ တွင် မြန်မာဆေးအဖွဲ့တစ်ခုက အရွန်ဒမ်ရှိ သူ့လူမျိုးစုရှိရာသို့ လာရောက်စစ်ဆေးကြည့်ရှုခဲ့ရာတွင် ကလေးတစ်ဦးသာဖြစ်နေပါမည်။ ထိုစဉ်က ထိုနေရာတွင် ထရုံလူမျိုးဦးရေ ၈၀ ခန့် အသက်ရှင်နေထိုင်နေကြကြောင်း အဖွဲ့ကတွက်ချက်ခဲ့သည်။ အခုတော့ ယင်းမှ လူလေးဦးသာ အသက်ရှင်ကျန်ရစ်ပါတော့သည်။ အထီးကျန်အဆက်ပြတ်နေမှုက သူတို့ကို မျိုးဆက်ပြတ်တောက်သွားစေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မျိုးဗီဇအရ ချို့ယွင်းအားနည်းမှုကြောင့် ၁၉၅၀ ပြည့်နှစ်များအတွင်း ငလျင်ကြီးတစ်ရပ် လှုပ်ခဲ့မှုများကြောင့်ဖြစ်သည်။ အကြီးမားဆုံးကြုံဖူးသည့်ငလျင်ဟု ယုံကြည်ရသည့် ထိုငလျင်ကြောင့် တောင်ကွဲသွားမှုများက သူတို့ကို ဆွေမျိုးများနှင့် အဆက်ပြတ်သွားစေခဲ့သည်။ သို့သော် အမှန်တရားက အမြဲပဲရှုပ်ထွေးပါသည်။ ဟိမ၀န္တာတောင်ကြောကြီး၏ ဟိုဘက်အခြမ်းတွင်တော့ တိဗက်ဒရန်လူမျိုးစုဖြစ်သည့် သူ့ဆွေမျိုးများက သူတို့ပုံစံအတိုင်း၊ ဘာသာစကားနှင့် ဓလေ့များအတိုင်း နေထိုင်နေကြပါသည်။ သူတို့ တစ်ခါက တောင်ထိပ်ဖျားပေါ်တွင်ဆုံကြရာ သူက ထိုသူများကို “ဘယ်သွားမလို့”ဟုမေးရာ သူတို့က “မင်းတို့ တောင်ကြားထဲဝင်ပြီး ယာမြေလုပ်ဖို့ နေရာရှာမလို့”ဟု ပြောကြသည်။ သူကလည်း “အဲဒီမသွားနဲ့။ တိရစ္ဆာန်တွေလည်းမရှိတော့ဘူး။ မြေလည်းမရှိတော့ဘူး”ဟု ပြောလိုက်သည်ဆိုသည်။
သို့သော် ဒါဝီ့ကိုကြည့်ရသည်မှာ စိတ်ဓာတ်ကျပုံမပေါ်ပါ။ “လူတွေက ပေါက်ကရတွေပြောနေကြတာ။ ကျွန်တော်က နောက်ဆုံးကျန်တဲ့ ထရုံလူမျိုးတဲ့။ အရွန်ဒမ်မှာရှိတဲ့ ရွာသားအားလုံးက သူတို့ကိုယ်သူတို့ ထရုံလူမျိုးလို့ပဲပြောနေကြတာ။ ကျွန်တော်တို့က အကုန်သွေးနှောထားတာ။ ထရုံနဲ့ ထလူတွေနဲ့ ရ၀မ်တွေနဲ့လေ”ဟု ပြုံးပြီးပြောပါသည်။

7Day News Journal
You might also like:

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။