ကယန်း (ပဒေါင်) အမျိုးတွေ နေထိုင်ကြတဲ့ ကယားပြည်နယ်မှာ ကယား၊ ဂေခို၊ ဂေဘား၊ ပဒေါင်ခေါ် ကယန်း၊ ပရဲ့၊ မနုမနော၊ ယင်းဘော်၊ ယင်းတလဲ၊ ပကူးကရင်နဲ့ ရှမ်းတိုင်းရင်းသား လူမျိုးတွေ အဓိက နေထိုင်ကြပြီး ပအို့ဝ်၊ အင်းသားနဲ့ ဗမာတွေလည်း နေထိုင်ကြတယ်။
လူပျိုအပျိုဓလေ့
ရှေးကတော့ ကယန်းတို့ရွာ ကယန်းတို့မှာ လူပျိုဂေဟာဆိုတာ ရှိတယ်။ လူပျိုဂေဟာက ရွာလယ်မှာရှိပြီး ရွာတစ်ရွာမှာ တစ်ခုရှိကာ ရွာကြီးရင် နှစ်ခုရှိတတ်တယ်။ လူပျိုဂေဟာကို ကယန်းစကားနဲ့ 'ဟော့'လို့ ခေါ်တယ်။ ကယန်းလူပျိုတို့ဟာ နေ့ခင်းဆို တောင်ယာ လုပ်ငန်းခွင်ကို သွားကြလုပ်ကိုင်ကြပြီး ညကျရင် ထိုဟော့မှာ ပြန်အိပ်ကြတယ်။ ထမင်းကိုတော့ ကိုယ့်အိမ်ကိုယ်ပြန် စားတယ်။ ထိုဟော့ခေါ် ဂေဟာရိပ်သာမှာ လူပျို ၃၀ လောက် ရှိတတ်ပြီး ဂေဟာကြီးရင် ၄၀ လောက်အထိ ရှိတတ်တယ်။ ယောက်ျားလေး ၁၅၊ ၁၆ နှစ် အရွယ်ရောက်မှသာ ဟော့က လက်ခံတယ်။ ထိုဂေဟာမှ လူပျိုသိုး လူပျိုကြီး သို့မဟုတ် မုဆိုးဖိုတစ်ဦးက ဦးစီးပြီး လူပျိုတွေ လက်ထပ်သွားရင် ဂေဟာမှာ ဆက်နေခွင့် မရတော့ဘူး။ လူပျိုအပျို တွေ့ဆုံနိုင်တဲ့ အခွင့်အခါကလည်း အိမ်သစ်တက်ပွဲ၊ မင်္ဂလာ လက်ထပ်ပွဲစတဲ့ ပွဲလမ်းရှိချိန်နဲ့ တောင်ယာလုပ်ချိန်မှ သာပါ။
မင်္ဂလာလက်ထပ်ပွဲ ဒါမှမဟုတ် အခြားပွဲလမ်းတွေမှာ ကောင်လေးက ကောင်မလေးကို ကြိုက်နေတယ်ဆိုရင် ထိုပွဲမှာပဲ 'နင့်တို့ တောင်ယာ ငါလာလည်မယ်' လို့ ပြောရတယ်။ ဒီလိုပြောခြင်းဟာ ကောင်လေးက စတင် ချစ်စကားဆိုခြင်းပါပဲ။ မိန်းကလေးက 'လာလည်ပေါ့' လို့ တုံ့ပြန်ခြင်းက ထိုကောင်လေးကို မိမိဘက်က လိုလားကြောင်း ဖော်ပြရာ ရောက်ပြီ။ ဒီအခါမှာ အနားပတ်ဝန်းကျင်မှာ ဘယ်သူက ဘယ်သူ့ကို ပိုးနေကြောင်း သိစေတယ်။ ထူးခြားတာကတော့ ကိုရီးယား ဇာတ်လမ်းတွဲများ နည်းတူ ကယန်းတို့ရွာမှာ ကောင်လေးဘက်ကသာ ကောင်မလေးရဲ့ တောင်ယာကို လာလည်မယ်လို့ အချစ်စစ် ကြေညာခွင့်ရှိတာ မဟုတ်ဘဲ အချို့မိန်းကလေးဘက်ကလည်း စတင်ပြောဆို ဖွင့်ဟလေ့ရှိသတဲ့။ ကောင်လေးက စပြောထားရင် ကောင်လေးဘက်က စတင်သွားရောက် တွေ့ဆုံရပြီး ကောင်မလေးက စပြောထားရင် ကောင်မလေးဘက်က စတင်သွားရောက် တွေ့ဆုံရပါတယ်။ ကယန်းအပျိုလူပျိုတို့ဟာ ဒီလိုပဲရိုးသား ပွင့်လင်းစွာ ချစ်ရေးဆိုလေ့ ရှိတယ်။
ကယန်းကောင်မလေးက ကိုယ်နှစ်သက်ရာ ကယန်းကောင်လေးကို 'နင့်တို့တောင်ယာ ငါလာလည်မယ်' လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုရင် ကောင်လေးက သဘောကျရင် 'လာလည်ပါလား' လို့ ပြောတယ်။ ကိုယ်ချစ်နေသူကို ကိုယ်ကစတင် ချစ်ခွင့်ပန်နိုင်တဲ့ အခွင့်အရေးပဲ။ ချစ်မေတ္တာကို ရင်ဝယ်သိုသိပ်မထားဘဲ ဖော်ထုတ်ခွင့်ရှိတဲ့ အပျိုလူပျို ဆက်ဆံရေးက ရိုးသားပွင့်လင်းလှတယ်။
ကယန်းတို့ရွာမှာ လူပျိုနဲ့အပျိုတို့ဟာ ရိုးရာချစ်တေးကိုလည်း အချီအချဆိုလေ့ ရှိကြတယ်။ ဒီလိုနဲ့ သူတို့ချစ်နေကြောင်း သိကြပြီး လူပျိုရဲ့သူငယ်ချင်းတွေက လူပျိုရဲ့အမေကို ပြောပေးတယ်။ အဖေက အပျိုရဲ့မျိုးရိုးကို စုံစမ်းကြည့်တယ်။ တကယ်လို့ ကောင်လေးနဲ့ ကောင်မလေးဟာ ဦးလေးနဲ့ တူမ၊ အဒေါ်နဲ့ တူလည်းမတော်စပ်၊ မောင်နှမတစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲလည်းမဟုတ်၊ သုံးပွင့်ဆိုင်စနစ်နဲ့လည်း မသက်ဆိုင်ရင် ပေးစားလက်ထပ်ဖို့ သဘောတူလေ့ ရှိတယ်။ ရှေးကကယန်း အမျိုးသားတို့ဟာ အိမ်ထောင်ဘက်ရွေးရာမှာ လူတန်းစား ခွဲခြားလေ့ မရှိပေ။ အားလုံးတန်းတူဖြစ်ပေမယ့် ကယန်းအချင်းချင်းသာ လက်ထပ်တာက များတယ်။ ဖခင်က မိန်းကလေးရဲ့ မျိုးရိုးကို စုံစမ်းပြီး သဘောမတူရင် ကိုယ့်သားကို သတိပေးပြီးထိန်းတယ်။ သားက ဖခင်သြဇာကို မလွန်ဆန်နိုင်ဘဲ နောက်တစ်ယောက်ရှာပြီး လက်ထပ်တာက များတယ်။
ထိမ်းမြားဓလေ့
ရှေးကယန်းတွေမှာ အိမ်ထောင်ဖက်ကို မိဘတွေက ရှာပေးတာ များတယ်။ ယနေ့ ခေတ်မှာတော့ လူငယ်တွေ ကိုယ်တိုင်ရှာဖွေတာ များပါတယ်။ မိဘသဘောမတူသူနဲ့ ခိုးရာ လိုက်ပြေးခြင်းကတော့ မရှိသလောက်ဘဲ။ မိဘသဘောမတူသူ ဆိုရာမှာလည်း အထက်က ပြောခဲ့တဲ့ ဆွေမျိုးတော်စပ်ပုံ စနစ်တစ်ခုခုနဲ့ ငြိနေမှသာ ကန့်ကွက်တာပါ။ သုံးပွင့်ဆိုင် စနစ်ဆိုတာက ဒီလိုပါ။ ကယန်း 'မောင်က' ရဲ့သမီးနဲ့ 'မောင်ခ' ရဲ့သားတို့ လက်ထပ်ထားတယ်ဆိုပါစို့။ တစ်ဖန် မောင်ခသမီးနဲ့ မောင်ကရဲ့သားတို့ လက်ထပ်လိုက်ပြန်ရင် ကယန်းထုံးစံအရ နောက်ထပ်မောင်ကရဲ့ သားသမီး တစ်ယောက်ယောက်နဲ့ မောင်ခရဲ့ သားသမီး တစ်ယောက်ယောက်တို့ လက်မထပ်ရတော့ဘူးတဲ့။ ဒါကြောင့် အဖေက သားနဲ့ကြိုက်နေတဲ့ မိန်းကလေးရဲ့ မျိုးရိုးကို စစ်ဆေးရတာဖြစ်ပြီး အဆိုပါ ကန့်သတ်ချက်နဲ့ အကျုံးဝင်နေရင် လက်ထပ်ခွင့်မပြုဘဲ ကိုယ့်သားအတွက်အခြား ချွေးမလောင်းကို ရှာဖွေပြန်တော့တယ်။
အစ်ကိုသေဆုံးရင် အစ်ကို့ဇနီးကို ညီက လည်းကောင်း၊ ညီသေရင် ညီရဲ့ဇနီးကို အစ်ကိုက လည်းကောင်း လက်ထပ်နိုင်တယ်။ ဒါပေမဲ့ ယူရမယ်ဆိုတဲ့ တိုက်တွန်းမှု မရှိဘဲ ကျန်ရစ်မိသားစု ကလေးများ ပြသနာကို ဖြေရှင်းဖို့အတွက်သာ အဓိကပါ။ ကယန်းတစ်ဦးဟာ ဇနီးသေသွားရင် ဇနီးရဲ့ညီမကို ယူခွင့်မရှိ။ အစ်ကိုက အစ်မနဲ့ လက်ထပ်ထားရင် ညီက ကိုယ့်မရီးရဲ့ ညီမကိုယူခွင့်မရှိ။ သုံးပွင့်ဆိုင်စနစ်အရ နှစ်ခါဆွေမျိုး မတော်ရတဲ့ မူအရပါ။ ဒါ့အပြင် ဆွေမျိုးခုနစ်ဆက် ဒါမှမဟုတ် ဆွေမျိုး ကိုးဆက် လက်မထပ်ရလို့ ကျိန်ထားတဲ့ အမျိုးထဲက ဖြစ်နေရင်လည်း လက်ဆက်ခြင်းမှ ရှောင်ကြဉ်ရပါတယ်။ မိဘသဘောမတူလို့ ခိုးရာလိုက်ပြေးရင်လည်း မိဘနဲ့ရွာလူကြီးတွေက လိုက်ရှာပြီး သူတို့နှစ်ဦးကို ခွဲပစ်လေ့ရှိကာ ရှာမတွေ့မှသာ လက်လျှော့လေ့ ရှိတယ်။ အဲဒီလို ခိုးရာလိုက်ပြေးရင်လည်း ဆွေမျိုးများနဲ့ တစ်ရွာလုံးကို 'ခိုက်' တယ်လို့ အယူရှိကာ ထိုဇနီးမောင်နှံကို ထိုရွာမှာဆက်လက် နေထိုင်ခွင့် မပေးတော့ဘူး။
ကယန်းတို့ ရွာဓလေ့အရ သားသမီးတွေကို လက်ထပ်ခွင့်ပေးနိုင်သူမှာ အိမ်ထောင်ဦးစီး ဖခင်ဖြစ်ပြီး အဖေသေရင် အမေက လက်ထပ်ပေးနိုင်တယ်။ အမေပါ မရှိတော့ရင် ဖခင်ရဲ့ အစ်ကိုကြီး ဒါမှမဟုတ် ညီက လက်ထပ်ပေးနိုင်တယ်။ စေ့စပ်ကြောင်းလမ်းရာမှာ မိန်းကလေး မိဘထံ အောင်သွယ်လွှတ်ပြီး စေ့စပ်လေ့ ရှိတယ်။ အောင်သွယ်ယောက်ျား ဒါမှမဟုတ် မိန်းမဖြစ်နိုင်တယ်။ မိန်းကလေး မိဘသဘောတူရင် ကနဦးအနေနဲ့ ယောက်ျားလေးဘက်က ငွေ ဒါမှမဟုတ် မိန်းကလေး အတွက် အ၀တ်အစား ပေးရတယ်။ စေ့စပ်ပြီးတဲ့အခါ လက်ထပ်မင်္ဂလာရက်ကို အဓိဋ္ဌာန်နဲ့ နှီးချိုးပြီး ဒါမှမဟုတ် ကြက်ရိုးထိုး၍ ရွေးချယ်ကြရတယ်။ အောင်သွယ်ကို အောင်သီးအဖြစ် ဖျာတစ်ချပ်နဲ့ ၀က်သားတစ်တုံး ဒါမှမဟုတ် ငွေနှစ်ကျပ်၊ ခေါင်ရည်တစ်မော့ ပေးရတယ်။
အုပ်ချုပ်ရေးရာ
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပြီးတဲ့နောက် တောင်စား၊ တောင်ပိုင်၊ ရွာအုပ်တို့ အစား စော်ကဲ (စော်ဘွား)၊ တိုက်သူကြီး၊ ရွာသူကြီး၊ ဆယ်အိမ်ခေါင်းစသည်ဖြင့် အဆင့်ဆင့် အုပ်ချုပ်ခဲ့တယ်။ တချို့တောင်စားတွေဟာ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီကို ခုခံတော်လှန်တာကြောင့် အင်္ဂလိပ်က တိုက်ခိုက်ဖမ်းဆီး ချုပ်နှောင်ခဲ့တယ်။ တိုင်းရင်းသားတွေက မခံရပ်နိုင်ဖြစ်ပြီး ဆူပူအုံကြွကြလို့ ချုပ်ထားတဲ့ 'တောင်စား' တွေကို လွှတ်ပေးရကာ နယ်ချဲ့လက်အောက်ခံ စော်ကဲအမည် ရာထူးနဲ့ ပြန်ခန့်ပေးရတာတွေ ရှိတယ်။ စော်ကဲရာထူးကို ရှေးကအတိုင်း မျိုးရိုးစဉ်ဆက်အလိုက် ခန့်တယ်။ ဆွေစဉ်မျိုးဆက် မဟုတ်ဘဲ လူထုသဘောအတိုင်း စော်ကဲခန့်တာမျိုးလည်း ရှိတယ်။ စော်ကဲကို အင်္ဂလိပ်က လစာရူပီး ၃၀ ပေးတယ်။ အရင်က ကယန်းတို့ကို အုပ်ချုပ်တဲ့ 'စောဖျာ' (စော်ဘွား) ဟာ ရေမြေ့ရှင် သက်ဦးဆံပိုင် ဖြစ်ခဲ့တယ်။ သေဒဏ်စီရင်နိုင်တဲ့ အာဏာပင်ရှိပြီး မင်းမျိုးမင်းနွယ် သဖွယ်ဖြစ်ကာ မျိုးရိုးအရ ဖခင်စောဖျာသေရင် သားကြီးက စောဖျာအသစ် ဖြစ်လာတယ်။ စောဖျာလက်အောက်မှာ 'ဟိန်' လို့ခေါ်တဲ့ ရပ်ရွာအကြီးအကဲ ဖြစ်သူတွေ အုပ်ချုပ်ကြတယ်။ သူ့လက်အောက်မှာ သူကြီး၊ ဆယ်အိမ်ခေါင်း၊ သမာဓိ လူကြီးတို့က အဆင့်ဆင့် အုပ်ချုပ်တယ်။ ကျေးရွာတွေမှာ အာဏာအရှိဆုံးက သူကြီးဖြစ်ပြီး ရွာသေးရင် သုံး၊ လေးရွာပေါင်းမှာ သူကြီးတစ်ဦးက စုပေါင်းအုပ်ချုပ်တယ်။ သူကြီး၊ ဆယ်အိမ်ခေါင်းတို့ကို လူထုကပဲ ရွေးချယ်တင်မြှောက်တယ်။ ကယန်းတို့မှာ သမာဓိ လူကြီးတစ်ဦးက ဦးဆောင်ကာ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတယ်။ မိခင်ဖခင် တစ်ဦးတည်းက ပေါက်ဖွား ဆင်းသက်လာတဲ့ မျိုးနွယ်တစ်နွယ်မှာ သမာဓိ လူကြီးတစ်ဦးစီ ရှိတယ်။ အရေးကြီးတဲ့ ရပ်ရွာရေးဖြစ်တဲ့ လမ်းဖောက်၊ သန့်ရှင်းရေး၊ ရေမြောင်းတူးဖော်ရေး၊ တံခွန်တိုင်ပွဲ ကျင်းပရေးတို့မှာ သူကြီးများဟာ သမာဓိ လူကြီးများနဲ့ တိုင်ပင်ဆောင်ရွက်ရတယ်။ သမာဓိ လူကြီးတွေ ဆုံးဖြတ်မရတဲ့ ရန်ပွဲ၊ လင်ကွာ၊ မယားကွာ၊ လူသတ်မှု၊ ရိုက်မှု၊ ခိုးမှုတို့ကို သူကြီးရဲ့ အဆုံးအဖြတ်မှာသာ တည်စေပါတယ်။
ကိုးကွယ်ယုံကြည်မှု
ရှေးက ကယန်းတွေဟာ နတ်ကိုးကွယ်သူတွေပါ။ နောက်တော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာကြတယ်။ တချို့လည်း ဗရင်ဂျီဘာသာဝင်တွေ ဖြစ်သွားပြီး ရွာတိုင်းလိုလိုမှာ ဘုရားရှိခိုးကျောင်းတွေ ရှိတယ်။ ဗုဒ္ဓဘာသာနဲ့ ဗရင်ဂျီ ဘာသာဝင်တွေ ဖြစ်ခဲ့တဲ့တိုင် ကယန်းတို့ဟာ မူလရိုးရာနတ်ဖြစ်တဲ့ တံခွန်တိုင်နတ်ကို ကိုးကွယ်ကြမြဲဖြစ်ကာ နှစ်စဉ်ဧပြီလမှာ ရွာတိုင်းလိုလို တံခွန်တိုင် နတ်ပွဲကို ကျင်းပကြတယ်။ ဗုဒ္ဓဘာသာဝင် ကယန်းတွေက တံခွန်တိုင်နတ်ကို ဘုမ္မစိုးနတ်၊ သိကြားမင်းလို နတ်အချုပ်အဖြစ် ယူဆတယ်။
Writer:
ကိုနေ (မန်း)
http://news-eleven.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။