လူတွေမှာ
ဘဝဖြစ်တည်မှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါ။ တစ်ချို့က ဘယ်အရာမဆို
အဆင်ပြေမှုများပြီး တစ်ချို့က အဆင်ပြေမှုနည်းပါးကာ ပင်ပန်းကြရသူတွေ ရှိပါတယ်။
အနေအထားအမျိုးမျိုးကြောင့် အဆင်မပြေမှုကို ရင်ဆိုင်ကြရပေမယ့်
မိဘမောင်နှမတွေရဲ့ ဖေးမကူညီမှု၊ မိတ်ဆွေအသိုင်းအဝိုင်းတွေရဲ့
အားပေးနှစ်သိမ့်မှု၊ ပတ်ဝန်းကျင်ရဲ့ ဖေးမနှစ်သိမ့်ကူညီမှုတွေဟာ
ထိုအကြောင်းတရားကို ရင်ဆိုင်ကျော်လွှားဖိုး များစွာ အထောက်အကူဖြစ်စေပါတယ်။
ဒီလိုဖေးမနှစ်သိမ့်ကူညီမှုတွေဟာ ကိုယ်ချင်းစာနားလည်ပေးမှုက
အခြေခံလာတာဖြစ်ပါတယ်။ ကိုယ်ချင်းစာ နားလည်မိကြတဲ့အခါ စိတ်ဓာတ်မကျဖို့၊
ပြန်လည်ရှင်သန်ထမြောက်ဖို့၊ ဖေးမတွဲကူရင်း လူတစ်ယောက်ဟာ ပြန်လည်ရှင်သန်ဖိုး
ခွန်အားရရှိသွားကြပါတယ်။
အရွယ်ရောက်လို့ အိမ်ထောင်ပြုကြတဲ့အခါ
အဆင်ပြေချောမွေ့ပြီး သာယာပျော်ရွှင်ရတဲ့အိမ်ထောင်ရေးရှိသလို အဆင်မပြေလို့
စိတ်သဘောထားမတိုက်ဆိုင်တော့လို့အစရှိတဲ့အကြောင်းအမျိုးမျိုးတို့ကြောင့်ကွာရှင်းပြတ်စဲရသူတွေလည်းရှိကြပါတယ်။အများအားဖြင့်
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ မိမိတို့ရဲ့အိမ်ထောင်ရေးကို
ပြိုကွဲစေဖို့ ဆန္ဒမရှိကြပါ။ ဒါပေမယ့်လည်း ဇနီးဘက်ကဖြစ်စေ၊
ခင်ပွန်းဘက်ကဖြစ်စေ ချို့ယွင်းမှုတို့ဖြစ်လာကြတဲ့အခါ ရှေ့ဆက်လို့မရတော့ဘဲ
လမ်းခွဲကြရပါတယ်။ နှစ်ဦးနှစ်ဘက်ဟာ ကြေကွဲခံစားကြရပါတယ်။
ဒီလိုအချိန်မျိုးမှာ ဆိုးတာဖြစ်ဖြစ် ကောင်းတာဖြစ်ဖြစ် ပြိုကွဲသူတွေအပေါ်
ကိုယ်ချင်းစာတရားနဲ့ အားပေးနှစ်သိမ့်မှုဟာ အမှန်တကယ်လိုအပ်ပါတယ်။
လူတွေမှာမိမိကြောင့် သူများအသိုက်အမြုံလေးတွေ
မပြိုကွဲရအောင် ဂရုစိုက်ရှောင်ကြဉ်တတ်ဖို့လိုပါတယ်။သူများ
အသိုက်အမြုံတွေကို ပြိုကွဲစေတဲ့သူတွေဟာ မိမိရဲ့အသိုက်အမြုံလည်း
တည်မြဲစေဖို့ရာခိုင်နှုန်းနည်းပါးကြောင်း သတိချပ်စရာဖြစ်ပါတယ်။
ဇနီးကောင်းခင်ပွန်းကောင်းကို ပိုင်ဆိုင်ကြရတဲ့ အမျိုးသားအမျိုးသမီးတို့ဟာ
စိတ်ချမ်းမြေ့မှုကို ခံစားကြရပြီး ဇနီးကောင်းခင်ပွန်းကောင်း
မပိုင်ဆိုင်ကြရတဲ့သူတွေဟာ စိတ်ဆင်းရဲသောကတို့ကို ခံစားကြရပါတယ်။ မိမိလည်းဘဲ
ဇနီးကောင်းခင်ပွန်းကောင်နဲ့ မကြုံခဲ့ရရင်
ဒီလိုပူလောင်သောကစိတ်ခံစားရနိုင်တယ်ဆိုတဲ့ စာနာနားလည်စိတ်ရှိဖို့ လိုပါတယ်။
လူတစ်ယောက်မှာ ဗီဇမျိုးစေ့ဆိုတာ ပြောင်းလဲဖိုးခက်ခဲတတ်ကြရာ
ဗီဇဆိုးတဲ့လူတစ်ယောက်ကို ပြောင်းလဲဖိုး စိတ်ကူးယဉ်မှုဟာ လက်တွေ့တရားမှာ
အားထုတ်သူကို တိုက်စားစေတတ်ပါတယ်။ အောင်မြင်သွားသူလည်း
ရှိနိုင်ကောင်းပါတယ်။
မိဘလို့ဆိုရာမှာ မွေးပေးတဲ့မိခင်ဖခင်တွေကိုမှ
မိဘလို့ဆိုလိုတာ မဟုတ်ပါ။ ဝမ်းနဲ့လွယ်မမွေးပေမယ့် မိဘတာဝန် ကျေပြွန်သူတွေ
စောင့်ရှောက်သူတွေရှိကြပြီး သူတို့ကိုမိဘလို့ခေါ်ဆိုထိုက်ပါတယ်။
ဝမ်းနဲ့လွယ်မွေးပေမယ့် စွန့်ပစ်ခဲ့ကြတဲ့ မိဘအမည်မထိုက်သူတွေ လည်း
ရှိကြပြန်တယ်။ လူသားအချင်းချင်းမှာ ထားရှိရမယ့် ကိုယ်ချင်းစာတရားဟာ
အရမ်းကို အရေးကြီးပါတယ်။ ဒီလို တာဝန်မဲ့သူတွေကို ကံတရားဟာ
သက်ရောက်မှုကြီးကြီးနဲ့ ဆုံးမပေးပါတယ်။ တစ်ခါတစ်ရံ သားသမီးနဲ့မိဘကြား
ဆက်ဆံရေးဟာ များစွာ ထိခိုက်စေတာတွေရှိပါတယ်။ လက်ဦးဆရာမိဘတို့
လွဲမှားကြတဲ့အခါ သားသမီးတွေကို များစွာထိခိုက်စေမှုတွေဘဲဖြစ်ပါတယ်။
ဒါကြောင့် မိဘဖြစ်ပြီဆိုတာနဲ့ သားသမီးတို့အပေါ် မှန်ကန်တဲ့လမ်းညွှန်မှုတစ်ခု
ပြုလုပ်နိုင်ဖို့ကောင်းကောင်း ချင့်ချိန်တတ်ဖိုးလိုပါတယ်။
မိဘတို့ကောင်းစွာကျွေးမွေး စောင့်ရှောက်ခဲ့လို့
ရှင်သန်ရပ်တည်နိုင်ခဲ့တာကို နားလည်ပြီး မိဘတွေကို
ပြန်လည်စောင့်ရှောက်တတ်ဖို့ လိုသလို မိမိတို့လိုဘဲ
ကောင်းစွာရှင်သန်နိုင်အောင် မိမိတို့ရဲ့ သားသမီးတို့အပေါ်
မိဘတာဝန်ကျေပြွန်နိုင်ဖို့ အရေးကြီးပြန်တယ်။ မိမိကိုယ်တိုင်
အားထုတ်ပေးဆပ်မှုမရှိဘဲ ဘယ်အရာကိုမှ ခံစားစံစားနိုင်ခွင့်မရရှိနိုင်တာဟာ
သဘာဝပါ။
ဒီလိုကိုယ်ချင်းစာစိတ်ကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့
တာဝန်ယူသိတတ်စိတ်ဟာ ကျင့်သုံးနိုင်သူအတွက် တစ်ဘဝသက်တာလုံး
လိပ်ပြာသန့်စေတာကြောင့်ဖြစ်ပါတယ်။ မိမိရဲ့သားသမီးတွေအပေါ်
တာဝန်ကျေပြွန်သူတွေအနေနဲ့ နောင်ဘဝအဆက်ဆက်မှာ မိဘကောင်းတွေနဲ့
ဆုံစည်းခွင့်ရှိစေနိုင်သလို မိဘတာဝန်မဲ့သူတွေအနေနဲ့လည်း တာဝန်မဲ့တဲ့
မိဘတွေနဲ့ဘဲ ဆုံစည်းရမှာ အသေအချာဖြစ်ပါတယ်။ ဒါဟာလောကနိယာမတရားဖြစ်ပြီး
လောကကြီးဟာ လူသားအားလုံးအပေါ်မျတတယ်ဆိုတာ ဖော်ပြခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့်
မိမိပြုလုပ်တဲ့အကောင်းအဆိုးဟာ မိမိကိုယ်တိုင်သာ ခံစားခွင့်ရှိကြောင်း
သတိထားဆင်ခြင်နိုင်ကြစေဖို့ဖော်ပြထားတာဖြစ်ပါတယ်။
http://yangonlife.com.mm/mm/article/14991
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။