အိမ်တွင်းဖြစ် နာရီတစ်လုံး လုပ်ခဲ့ပြီး ယင်းနာရီသည် ဗုံးဟု ကျောင်းက အထင်အမြင် မှားခဲ့ပြီးနောက် ထိန်းသိမ်းခံခဲ့ရသော အမေရိကန်မွတ်စလင် ဆယ်ကျော်သက် အာမက်မိုဟာမက်က တက္ကဆက်ရှိ အိုင်ဗင်းမြို့မှ သူ၏ကျောင်းနှင့် မြို့ကို ဒေါ်လာ ၁၅ သန်း ရလိုကြောင်း တရားစွဲဆိုထားသည်ဟု သူ၏ရှေ့နေက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၁၄ နှစ်အရွယ် အာမက်မိုဟာမက်သည် စက်တင်ဘာလက ထိန်းသိမ်းခံခဲ့ရပြီးနောက် နေ့ချင်းညချင်း ထင်ရှားခဲ့သူ ဖြစ်သည်။ အမေရိကန် အာကာသအေဂျင်စီ နာဆာ၏ တံဆိပ်ပါသော တီရှပ်ကို ၀တ်ဆင်ထားပြီး လက်ထိပ် ခတ်ခံထားရသည့် မိုဟာမက်၏ဓာတ်ပုံကို Twitter တွင် ဖော်ပြခဲ့ပြီးနောက် လူထုကြားတွင် ပျံ့နှံ့သွားခဲ့သည်။
မိုဟာမက်၏ ကျွမ်းကျင်မှုကို သမ္မတအိုဘားမားက ချီးကျူးဂုဏ်ပြုခဲ့ပြီး အိမ်ဖြူတော်သို့ ၎င်းတီထွင်ထားသည့် နာရီနှင့်အတူ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
Facebook ၊ Google ကုလသမဂ္ဂတို့ကလည်း မိုဟာမက်ကို ဖိတ်ခေါ်ခဲ့ကြပြီး နောက်ပိုင်းတွင် မိုဟာမက်က မက္ကာ၊ နယူးယောက်၊ ဆူဒန်နှင့် ကာတာတို့သို့ သွားရောက်လည်ပတ်သည့် ဓာတ်ပုံများကို Twitter တွင် ဖော်ပြခဲ့သည်။
ဒါးလက် ဆင်ခြေဖုံးတွင် နေထိုင်ပြီး ဆူဒန်ရွှေ့ပြောင်း အခြေချတစ်ဦး၏ သားဖြစ်သူ မိုဟာမက်သည် မက်အာသာ အထက်တန်းကျောင်းရှိ ဆရာသစ်တစ်ဦးအား ပြသရန်အတွက် ၎င်းလုပ်ထားသည့်နာရီကို ကျောင်းသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မိုဟာမက်သည် ဗုံးယူဆောင်လာသည်ဟု စွပ်စွဲခံခဲ့ရပြီး လက်ထိပ်ခတ်ခံရကာ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
သူ၏ရှေ့နေက ကျောင်း၊ ရဲတပ်ဖွဲ့နှင့် မြို့တာဝန်ရှိသူများသည် မှားယွင်းစွပ်စွဲခဲ့ပြီး ထိန်းသိမ်း ထားခဲ့ခြင်းဖြင့် မိုဟာမက်၏ အခွင့်အရေးကို ချိုးဖောက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ မိုဟာမက်သည် ၎င်း၏ လူမျိုး၊ ဘာသာနှင့် ဇာတိနေရပ်တို့ကြောင့် ခွဲခြား ဆက်ဆံ ခံရခြင်း ဖြစ်ကြောင်း ၎င်း၏ ရှေ့နေ ကယ်လီဟော်လင်ဆွက်က ပြောကြားခဲ့သည်။
မိုဟာမက်၏ မိသားစုသည် ခြိမ်းခြောက်သည့် အီးမေးလ်များ ရရှိခဲ့ပြီး ၎င်းတို့၏ လိပ်စာကို တရားဝင် ထုတ်ဖော်ခဲ့ပြီးနောက် မိသားစုသည် အိမ်ကိုစွန့်ခွာခဲ့ရသည်။ နောက်ဆုံးတွင် မိုဟာမက်သည် ပညာသင်ဆုအတွက် ကမ်းလှမ်းခံရပြီးနောက် ကာတာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိုဟာမက်၏ ရှေ့နေများက ကျောင်းမှနစ်နာကြေး ဒေါ်လာငါးသန်း ရရှိလိုကြောင်းနှင့် အိုင်ဗင်းမြို့မှလည်း ဒေါ်လာ ၁၀ သန်းရရှိရန် တောင်းဆိုထားသည်။ ရက် ၆၀ အတွင်း အကြောင်းမပြန်ပါက တရားမကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရှေ့နေများက ပြောကြားထားသည်။
Writer:
Ref: AFP
http://news-eleven.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။