JOB seekers Journal
အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ
"မိမိကိုယ်ကို Brand ဖြစ်ပါစေ"
လင်းသိုက်ညွန့် (မြန်မာ့မြေ)
Job Seekers Journal vol.2,No.34
လူငယ်တွေတော်တော်များများဟာ သူတို့ရဲ့ဘ၀မှာ ထိပ်တန်း ကိုရောက်ဖို့၊ အောင်မြင်ဖို့အတွက် အလုပ်အကိုင် ကောင်းကောင်းကိုလိုချင် ကြပါတယ်။ ဘ၀ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ မိမိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်နဲ့ တိုက်ရိုက်အချိုးကျတာ ဖြစ်တဲ့အတွက် လူငယ်တွေဟာ အလုပ် အကိုင်ကောင်းတွေရရှိဖို့ အမြဲတစေ ကြိုးပမ်းအားထုတ်နေကြလေ့ရှိပါတယ်။ ဒါကြောင့်မို့ အလုပ်ကောင်းကောင်း ရရှိဖို့ ထိပ်တန်းလျှို့ဝှက်ချက်များ ကို စေတနာကောင်းဖြင့် မျှဝေပေးလိုက်ရပါတယ်။
လူတိုင်းမှာ Brand ရှိတယ်
ကုန်ပစ္စည်းတွေမှာ ကုန်အမှတ်တံဆိပ် (Brand) အသီးသီးရှိသလို လူတိုင်း၊ လူတိုင်းမှာလည်း Brand အသီးသီးရှိပါတယ်။ ကိုကာကိုလာ၊ အက်ပဲလ်၊ ပက်ပ်စီ စတဲ့ Brand တွေဟာကုန်ပစ္စည်း (Product) မျိုးစုံကို ကိုယ်စားပြုနေ သလို စာရေးသူတို့ လူသားအသီးသီးရဲ့ နာမည် (Name)တွေ ဟာလည်း စာရေးသူတို့ရဲ့ ကုန်အမှတ်တံဆိပ် (Brand) တွေ ပဲဖြစ်ပါတယ်။ “ကိုကာကိုလာ” လို့ပြောလိုက်ရင် သူ့ရဲ့ကုန်ပစ္စည်း အမျိုးအစား အရည်အသွေး (Quality) စတာတွေကို သိကြသလို၊ စာရေးသူ တို့ရဲ့နာမည် (ဥပမာ- မောင်မောင်၊ အောင်အောင်စသည်ဖြင့်) ပြောလိုက် ရင်လည်း စာရေးသူတို့ကို စာရေး သူတို့ရဲ့ လူ့အသိုင်းအ၀ိုင်း (Society) က သဘောပေါက်သိရှိကြတာ ဖြစ်ပါတယ်။
Brand တစ်ခုကို ပြောလိုက်ရင် လူတွေရဲ့ တန်ဖိုးထားမှု (Value) ဆိုတာရှိပါတယ်။ ဥပမာ Apple ဆိုတဲ့ Brand ရဲ့နာမည်ကို ပြောလိုက်ရင် လူတွေက အရည်အသွေး (Quality) ရှိတယ်၊ တီထွင်ဆန်းသစ်တယ် ..စသည်ဖြင့် ထားရှိသတ်မှတ်ထားကြတဲ့ တန်ဖိုးတွေရှိပါတယ်။ သည်လိုပါပဲ၊ စာရေးသူတို့ရဲ့ Brand ဖြစ်တဲ့ နာမည်ကိုပြောလိုက်ရင်လည်း စာရေးသူတို့ကို စာရေးသူတို့ရဲ့ လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်း က ထားရှိသတ်မှတ်ထား ကြတဲ့ တန်ဖိုးတွေရှိပါတယ်။
ဥပမာ- မောင်မောင်လို့ ပြောလိုက်တာနဲ့-
(ဟာ၊ ဒီကောင် မိုက်ရိုင်းတယ်)
အောင်အောင်လို့ ပြောလိုက်တာနဲ့-
(ဟာ၊ ဒီကောင် ပိုက်ဆံသိပ်ချေးတာပဲ)
စသည်ဖြင့်ပါ။ အလုပ်အကိုင်ကောင်းကောင်းကို ရချင်တဲ့ လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ Brand ကို ကောင်းအောင်ကြိုးစားကြဖို့လိုပါတယ်။
ကိုယ်ရဲ့ Brand တန်ဖိုးမြင့်အောင်ဘယ်လိုလုပ်မလဲ
လူတွေက ကုန်အမှတ်တံဆိပ် Brand တစ်ခုကို ကောင်းတယ်လို့ ဘယ်အချိန်မှာ သတ်မှတ်ကြပါသလဲ။ အဖြေက ရှင်းပါတယ်။ သူတို့မျှော် မှန်းတာထက် ပိုရတဲ့အချိန်မှာ သတ်မှတ်ပါတယ်။ မှန်ပါတယ်။ စာရေးသူတို့ အနေနဲ့ ကုန်ပစ္စည်းတစ်ခုကို ၀ယ်ယူတော့မယ်ဆိုရင် အဲ့ဒီကုန်ပစ္စည်း အပေါ်မှာထားရှိတဲ့ မျှော်လင့်ချက်ဆိုတာ ရှိပါတယ်။
အဲ့ဒီမျှော်လင့်ချက်ကို ကျော်လွန်ပြီးပေးနိုင်တဲ့ Brand တွေကို သူတို့ က ကောင်းတယ်၊ Brand တန်ဖိုးမြင့်မားတယ်လို့ သတ်မှတ်ကြတာဖြစ်ပါ တယ်။ လူသားတွေအပေါ်မှာလည်း ဒီလိုပါပဲ။ စာရေးသူတို့မှာလည်း စာရေး သူတို့ရဲ့ Brand တန်ဖိုးတွေကို သတ်မှတ်တဲ့ Customer တွေရှိပါတယ်။ အဲ့ဒီ Customer တွေကတော့-စာရေးသူတို့ရဲ့ ပထမဆုံးအနီးကပ် Customer ကတော့ ပုံမှာပြထားတဲ့အတိုင်း မိသားစု (Family) ဖြစ်ပါတယ်။ မိမိရဲ့မိဘ၊ မောင်နှမသားချင်း၊ ဆွေမျိုးစတဲ့သူတွေဟာ မိမိနဲ့ဆက်ဆံတဲ့အခါ မှာ မိမိအပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။ အဲ့ဒီမျှော်လင့်ချက် တွေ ထက်သာလွန်ကောင်းမွန်အောင် မိမိအနေနဲ့ စွမ်းဆောင်နိုင်ရင် မိမိအနေနဲ့ မိသားစုအတွင်းမှာ Brand ကောင်းလာမှာဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ မိသားစုပြီးရင်တော့ သူငယ်ချင်းတွေ၊ လုပ်ငန်း ခွင်ထဲမှာဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ၊ အလုပ်ရှင်တွေဖြစ်ပါတယ်။ အလုပ်ရှင်တစ်ယောက်က ၀န်ထမ်းတစ်ယောက်ကိုလုပ်ခလစာ ၁သိန်း ကျပ် ပေးထားတယ် ဆိုပါစို့။ အဆိုပါအလုပ်ရှင်အနေနဲ့ ၀န်ထမ်း အပေါ်မှာ တစ်သိန်းဖိုးမျှော်လင့်ထားတာ ဖြစ်ပါတယ်။ သူမျှော်လင့်သလောက် သူပြန်မ ရရင် ဘယ်လိုမှ ကျေနပ်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ လစာ ၁ သိန်းကျပ်ရ တဲ့ ၀န်ထမ်းတစ်ယောက် အနေနဲ့ ၁ သိန်းခွဲဖိုးလောက် (၀ါ) မိမိရတာထက် ပိုလုပ်ပေးနိုင်အောင် အမြဲတစေကြိုးစားနေမယ် ဆိုရင်လုပ်ငန်းခွင်အတွင်း မှာတစ်စတစ်စ Brand ကောင်းလာပြီး လုပ်ခလစာ၊ ရာထူးအဆင့် အတန်း များ မြင့်မားရရှိလာမှာဖြစ်ပါတယ်။
နောက်ဆုံးတတိယအဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကလည်း စာရေးသူတို့ရဲ့ Customer တွေပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ မိမိတို့ရဲ့ Brand တန်ဖိုးမြင့်မားလာတာနဲ့အမျှ ဘ၀ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကျွဲကူးရေပါ ရရှိလာကြမှာဖြစ်ပါတယ်။
တစ်ခါတလေ မိမိ Brand ကောင်းလာဖို့ ကြိုးစားနေရင်းမှလှေလှော် ရင်းတက်ကျိုး ဆိုသလို မိမိ Brand တန်ဖိုးကျဆင်းစေမယ့် ဖြစ်ရပ်မျိုးဖြစ်ပေါ် လာတာတွေ၊ လုပ်ကိုင်မိတာတွေ ဖြစ်နိုင်ပါတယ်။ အဲ့သလိုဖြစ်ပေါ်လာရင် လည်း အားမလျှော့ဘဲ မိမိရဲ့ Brand ပြန်လည်အား ကောင်းလာအောင် ကြိုးပမ်းအားထုတ်သင့်ပါတယ်။
အရေးကြီးတာက အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်း လိုချင်ရင်မိမိတို့ရဲ့ Brand ကောင်းဖို့လိုတယ် ဆိုတာကို လူငယ်တွေအနေနဲ့ သဘောပေါက်ကြဖို့ပါပဲ။ ။
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။