Myawady News
ရှေးအကျဆုံး တိုင်းရင်းသားလူမျိုး
==================
မွန်လူမျိုးသည် အမျိုးအနွယ်အားဖြင့် မွန်ဂိုလွိုက် အနွယ်ဝင်ဖြစ်သော မြန်မာနှင့် အနွယ်တူသည်။ သို့သော် ဘာသာစကားဖက်တွင် လုံးဝကွဲပြားသည်။ သို့ကွဲပြားစေကာမူ မွန်ဂိုလွိုက် အနွယ်တူဖြစ်၍ ရုပ်ရည် တူညီကြပြန်သဖြင့် ရင်းနှီးချစ်ခင်ခဲ့ကြလေသည်။ မွန်နှင့် မြန်မာတို့သည် ပုဂံခေတ်မှ စ၍ ဆက်ဆံပေါင်းသင်း လာခဲ့ကြသဖြင့် အများဆုံး ရောစပ်ခဲ့ကြသည်။
မွန်လူမျိုး။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ယနေ့တွေ့ရှိရသည့် တိုင်းရင်းသား လူမျိုးများအနက် မွန်လူမျိုး သည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆရသည်။ အမျိုးအနွယ်အားဖြင့် မွန်လူမျိုးသည် မွန်ဂိုလွိုက် အနွယ်ဝင် ဖြစ်သော မြန်မာနှင့်အနွယ် တူကြလေသည်။ သို့သော် ဘာသာစကားအနေဖြင့် မွန်လူမျိုးသည် မွန်-ခမာ အုပ်စု ဝင် ဖြစ်ပြီးလျှင် တိဗက်-မြန်မာ အုပ်စုဝင်ဖြစ်သော မြန်မာတို့နှင့် ဘာသာစကားဖက်တွင် လုံးဝကွဲပြားကြသည်။
==================
မွန်လူမျိုးသည် အမျိုးအနွယ်အားဖြင့် မွန်ဂိုလွိုက် အနွယ်ဝင်ဖြစ်သော မြန်မာနှင့် အနွယ်တူသည်။ သို့သော် ဘာသာစကားဖက်တွင် လုံးဝကွဲပြားသည်။ သို့ကွဲပြားစေကာမူ မွန်ဂိုလွိုက် အနွယ်တူဖြစ်၍ ရုပ်ရည် တူညီကြပြန်သဖြင့် ရင်းနှီးချစ်ခင်ခဲ့ကြလေသည်။ မွန်နှင့် မြန်မာတို့သည် ပုဂံခေတ်မှ စ၍ ဆက်ဆံပေါင်းသင်း လာခဲ့ကြသဖြင့် အများဆုံး ရောစပ်ခဲ့ကြသည်။
မွန်လူမျိုး။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ယနေ့တွေ့ရှိရသည့် တိုင်းရင်းသား လူမျိုးများအနက် မွန်လူမျိုး သည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆရသည်။ အမျိုးအနွယ်အားဖြင့် မွန်လူမျိုးသည် မွန်ဂိုလွိုက် အနွယ်ဝင် ဖြစ်သော မြန်မာနှင့်အနွယ် တူကြလေသည်။ သို့သော် ဘာသာစကားအနေဖြင့် မွန်လူမျိုးသည် မွန်-ခမာ အုပ်စု ဝင် ဖြစ်ပြီးလျှင် တိဗက်-မြန်မာ အုပ်စုဝင်ဖြစ်သော မြန်မာတို့နှင့် ဘာသာစကားဖက်တွင် လုံးဝကွဲပြားကြသည်။
ဘာသာစကားဖက်တွင် ကွဲပြားခြားနားကြသော်လည်း အမျိုးအနွယ်ဖက်တွင် တူညီနေသဖြင့် မွန်နှင့်မြန်မာ တို့သည် ရုပ်ရည်လက္ခဏာကို ကြည့်လျှင်မည်သူက မွန် မည်သူက မြန်မာ ဟူ၍ ခွဲခြားပြရန် အလွန်ပင် ခက်ခဲလှပေသည်။
မွန်အမည်
-----------
ရာမညဟူသော အမည်ကို အလွန်ရှေးကျသည့် သီဟိုဠ် ရာဇဝင် (မဟာဝံသ - အခန်း ၇၆) တွင် ရှေးဦးစွာ တွေ့ရပြီး ဟံသာဝတီ ခေတ်ထိုး မွန်ကျောက်စာများနှင့် ကြေးပြားစာများတွင် မွန်ကို ရာမည ဒေသတွင် မန်-မွန်ဟူ၍သာ ခေါ်ဝေါ်ကြတော့သည်။
တလိုင်း ဝေါဟာရ
--------------------
တလိုင်းဝေါဟာရနှင့် စပ်လျဉ်း၍ ပုဂံခေတ်မြန်မာကျောက်စာ အချို့နှင့် ပရိမ္မ ထီးလှိုင်ရှင်ဘုရား ကျောက်စာတွင် တန်လိုင်ဟူ၍ မွန်ကို သုံးနှုန်းထားကြောင်း တွေ့ရသည်။ ပရိမ္မ ကျောက်စာသည် ကျန်စစ်သားခေတ်က ထိုးသော မူရင်းကျောက်စာ မဟုတ်ချေ။
အင်းဝ ခေတ်ဦးလောက်ကျမှ နောက်လူများ စပ်ထိုးသည့် နောက်ထိုးကျောက်စာ ဖြစ်သည်။ ဤကျောက်စာအရ မွန်များကို အင်းဝခေတ်ဦးမှ စပြီးလျှင် တလိုင်း ဟူ၍ ခေါ်ဝေါ်ခဲ့ကြောင်း ထင်ရှားလေသည်။
တလိုင်း ဝေါဟာရ၏ အဓိပ္ပါယ်မှာ အမျိုးမစစ် အဖမဲ့ ဟူ၍ ဖြစ်သဖြင့် မိမိတို့အား တလိုင်းဟု ခေါ်ဝေါ်ပါက လုံးဝ မကြိုက်မနှစ် သက်ကြပေ။ ထို့ကြောင့် နိုင်ငံအစိုးရသည် ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့်လည်းကောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့်လည်းကောင်း၊ မွန်လူမျိုးကို "တလိုင်း" ဟူ၍ ခေါ်ဝေါ်ရေးသား သုံးနှုန်းခြင်း မပြုရန် ညွှန်ကြားချက်များ သုံးကြိမ်မျှ ထုတ်ပြန်ခဲ့ဖူးလေသည်။ ယခုအခါ ပြည်ထောင်စုသား အများကပင် 'မွန်' 'တလိုင်း' ဟူ၍ ခေါ်ဝေါ်ရေးသား သုံးနှုန်းခြင်း မပြုကြတော့ဘဲ မွန်ဟူ၍သာ အသုံးတွင်လျက်ရှိလေပြီ။
မွန်စာပေ ယဉ်ကျေးမှု
-----------------------
ရွှေတိဂုံဘုရား ကျောက်စာ အရ အရှင်ဂေါတမ မြတ်စွာဘုရား ပွင့်စဉ်ကပင် မွန်ကုန်သည် ညီနောင် တဖုဿနှင့် ဘလ္လိကတို့သည် ဆံတော်ဓာတ် ရှစ်ဆူကို ရရှိခဲ့ကြသည်။ (ဘလ္လိကနှင့် တဖုဿ လည်းရှု။) ထို့နောက် သီရိဓမ္မာသောကမင်းကြီး တတိယ သင်္ဂယနာ တင်ပြီးလျှင် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုများ စေလွှတ်ရာ ဘီစီ ၂၅၀ ခန့်တွင် သောဏထေရ်နှင့် ဥတ္တရထေရ် အမှူးပြုသော ရဟန်းများ သုဝဏ္ဏဘုမ္မိသို့ ကြွရောက်လာပြီး သော မွန်တို့အား ဗုဒ္ဓအယူဝါဒကို ယူဆောင်ပေးလေသည်။ ထို့နောက် သုဝဏ္ဏဘုမ္မိမှ ရှင်ဗုဒ္ဓဃောသသည် အေဒီ လေးရာစုနှစ်တွင် သီဟိုဠ်ကျွန်းမှ ပိဋကတ်တော်များကို မွန်အက္ခရာဖြင့် ကူးယူခဲ့ပြန်လေသည်။
မွန်တို့၏ ရှေးကျသော အက္ခရားများကို လေ့လာခြင်းအားခြင့် မွန်တို့သည် အိန္ဒိယတောင်ပိုင်း၊ ပလ္လဝ၊ ကဒံဗ အက္ခရာများမှ တဆင့် အက္ခရာစာပေကို ရရှိသည်ဟု ယူဆရသည်။
အေဒီ ငါးရာစုနှစ်၊ ခြောက်ရာစုနှစ် ထိုး ပရပထုံ မွန်ကျောက်စာများ၊ အေဒီ ခုနှစ်ရာစုနှစ်၊ ရှစ်ရာစုနှစ် ထိုးလော့ဗူရီ မွန်ကျောက်စာနှင့် အေဒီ ၁၁ ရာစုနှစ်မှ ၁၃ ရာစုနှစ် ထိုးလန်ဖွန်း မွန်ကျောက်စာများကို ယိုးဒယား နိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အသီးအသီး တွေ့ရှိနိုင်လေသည်။ လော့ဗူရီ မွန်ကျောက်စာကိုမူ ယိုးဒယားနိုင်ငံ ဗန်ကောက်မြို့ အမျိုးသားပြတိုက်တွင် ပြသထားလေသည်။
မြန်မာနိုင်ငံတွင် ဘားအံမြို့အနီး ကော့ဂွမ်းဂူတွင်လည်းကောင်း၊ သထုံမြို့ ရွှေစာရံ ဘုရားလည်းကောင်း ၁၀ ရာစုနှစ်နောက်ပိုင်း ထိုး မွန်ကျောက်စာများကို တွေ့ရပြီးလျှင် ၁၁ ရာစုနှစ် မွန်ကျောက်စာများကို ပုဂံ၌ အများဆုံး တွေ့ရသည်။ ကျောက်ဆည်၊ ပြည်၊ ဗဂိုး (ပဲခူး) အရှေ့ ရွှေနံ့သာနှင့် သထုံစသော ဌာနများတွင်လည်း အသင့်အတင့် တွေ့ရလေသည်။ ဟံသာဝတီခေတ်တွင် မွန်ကျောက်စာနှင့် ခေါင်းလောင်းစာများကို ပုသိမ်၊ ရန်ကုန်၊ ဗဂိုး (ပဲခူး)၊ ပုဂံ၊ သထုံ၊ ကေလာသတောင်၊ မုတ္တမ၊ ကျိုက်မရော၊ ထားဝယ်စသော ဌာနများတွင် တွေ့ရှိရလေသည်။
မွန်ပေမူ ရှေးဟောင်းစာပေများကို ယိုဒယား နိုင်ငံရှိ မွန်ရွာများနှင့် သထုံနှင့် ကျိုက္ခမီခရိုင်အတွင်းရှိ မွန်ရွာ များတွင် အများအပြား တွေ့နိုင်လေသည်။ ယခုအခါ ရန်ကုန်မြို့ နိုင်ငံတော် စာကြည့်တိုက်နှင့် မော်လမြိုင်မြို့ မွန်စာကြည့်တိုက်တို့တွင်လည်း မွန်ပေမူများစွာကို ကူးယူစုဆောင်းထားရှိလေသည်။
ယခုခေတ် မွန်
---------------
မွန်နှင့် မြန်မာတို့သည် ပုဂံခေတ်မှ စ၍ ဆက်ဆံ ပေါင်းသင်း လာခဲ့ကြသဖြင့် အများဆုံး ရောစပ်ခဲ့ကြလေသည်။ မွန်နှင့် မြန်မာတို့သည် ဘာသာစကား ကွဲပြားကြစေကာမူ မွန်ဂိုလွိုက် အနွယ်တူဖြစ်ကြ၍ ရုပ်ရည် တူညီကြပြန်သဖြင့် သာ၍ ရင်းနှီး ချစ်ခင်ခဲ့ကြလေသည်။
မွန်တို့သည် မြန်မာစကားကို လွယ်ကူစွာ တတ်မြောက်ကြပြီးလျှင် မွန်စကားကို ပစ်ပယ်ကာ မြန်မာစကားကို ပြောဆိုကြသဖြင့် သား သမီးများသည် မိမိတို့ မွန်လူမျိုးဖြစ်သည်ကို မသိမြင်ကြတော့ဘဲ မြန်မာလူမျိုးဟုသာ ထင်မြင်ခဲ့ကြလေသည်။ ထို့ကြောင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဦးရေမှာ သုံးသိမ်းခွဲ့မျှသာ ရှိလေသည်။ ၁၉၃၉ ခုနှစ်မှစ၍ မွန်အသင်းများ စတင်ပေါ်ပေါက်လာခဲ့သဖြင့် ၁၉၄၁ ခုနှစ် သန်းကောင်စာရင်းတွင် မွန်လူမျိုးဦးရေမှာ ခြောက်သိန်းကျော်မျှ တိုးတက်လာသည်ဟု ခန့်မှန်းရသည်။ ယခုအခါ မွန်လူမျိုးဦးရေကို စာရင်းသစ်ယူပါက သန်းကျော်သည်ဟု ခန့်မှန်းရလေသည်။
မွန်စကားတတ်သော မွန်လူမျိုးကို တွေ့လိုလျှင် ကျိုက္ခမီနှင့် သထုံခရိုင်ရှိ မွန်ရွာများတွင်သာ တွေ့နိုင်လေသည်။ မြို့ပေါ်တွင် မြန်မာစကား ပြောသော မွန်လူမျိုးက များလေ သည်။
MOI
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။