by Min Kyaw Khine on Tuesday, October 9, 2012 at 10:25pm
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ရင် ကျနော်တို့
အများဆုံးပြောတတ်ကြတာက သူရဲ့ ရဲရင့်ပြတ်သားတဲ့ သတ္တိကောင်းတဲ့ အပြုအမူတွေကိုပါ။
အများနဲ့မတူ တမူထူးခြားလှတဲ့ သူ့စရိုက်တွေကိုလည်း မြတ်မြတ်နိုးနိုးပြောမိတတ်ကြတယ်။
ဆရာကြီး ဒဂုန်တာရာရဲ့ အောင်ဆန်း သို့မဟုတ် အရိုင်း စာမူဟာ ကျနော်တို့
အသည်းစွဲပေါ့။
ပြောရရင် ဗိုလ်ချုပ်ရဲ့ တော်လှန်ရေးသမားဘဝ
ရုပ်ပုံလွှာကို အများဆုံး စူးစိုက်ပြောဆိုမိကြတာပါ။
ဒါပေမဲ့ ဗိုလ်ချုပ်ဟာ တော်လှန်ရေးသမားကောင်းသာမက
နိုင်ငံတည်ဆောက်သူကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
သူ့မှာ ရင့်ကျက်ပြည့်ဝတဲ့စိတ်၊ ငါတကော
မကောတတ်တဲ့သဘောထား၊ အမျှော်မြင်ကြီးတဲ့ စိတ်ထားတွေလည်း ရှိနေတယ်။
အခုတင်ပြချင်တာ ဗိုလ်ချုပ်ကို အဲဒီအမြင်
ရှုဒေါင့်က လေ့လာလိုခြင်းပါ။
အရင်ဆုံး ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်ဖြစ်ခဲ့ချိန်က
စတင်ချင်ပါတယ်။
[ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc) ကို ၁၉၃၉
ခု အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွဲ့သည်။ ဥက္ကဌ ဒေါက်တာ ဘမော် ဖြစ်ပြီး အတွင်းရေးမှူးမှာ
သခင်အောင်ဆန်း ဖြစ်သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းတွင် ဒေါက်တာ ဘမော်၏ ဆင်းရဲသား ဝံသာနု
အဖွဲ့၊ သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံး၊ ငါးပွင့်ဆိုင် ဝံသာနု
အဖွဲ့၊ နေပြည်တော် အဖွဲ့နှင့် အခြား အဖွဲ့အစည်းအချို့မှ ထင်ရှားသည့် ပုဂ္ဂိုလ်များ
ပါဝင်သည်။
ဥရောပတွင် စစ်ရိပ်စစ်ငွေ့သမ်းလာချိန်
မြန်မာ့ခေါင်းဆောင်တို့က မြန်မာ့လွတ်လပ်ရေး အတွက် စည်းလုံးညီညွတ်သော အမျိုးသား
တပ်ပေါင်းစုကြီး ဖွဲ့စည်းရန် ကြိုးပမ်းရာမှ ပေါ်ပေါက်လာသည့် အဖွဲ့ကြီး ဖြစ်သည်။
လွတ်လပ်ရေး အတွက် တသံတည်းထွက်နိုင်ရန် လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးကို လိုလားသော
ပါတီအဖွဲ့အစည်း ပေါင်းစုံနှင့် လူထုလူတန်းစား ပေါင်းစုံ ပါဝင်မည့်
အမျိုးသားတပ်ပေါင်းစုကြီး အဖြစ် ထူထောင်ခဲ့ခြင်း ဖြစ်သည်။
သခင်၊ ကျောင်းသား လူငယ် နိုင်ငံရေး
သမားများနှင့် လူကြီးပိုင်း နိုင်ငံရေးသမားများ သွေးစည်းခဲ့ကြသည့် သာဓကလည်း
ဖြစ်သည်။
မြဟန်၊ ကိုလိုနီခေတ် မြန်မာ့ သမိုင်း
အဘိဓာန်]
ကျနော် အဲဒီမှာ အဓိက
အလေးပေးချင်တဲ့စာသားတွေက သခင်၊ ကျောင်းသား လူငယ် နိုင်ငံရေး သမားများနှင့်
လူကြီးပိုင်း နိုင်ငံရေးသမားများ သွေးစည်းခဲ့ကြသည့် သာဓကလည်း
ဖြစ်သည်။ ဆိုတာလေးပါ။
နောက်တစ်ခါ ... ဖဆပလ ဖွဲ့ဖြစ်ချိန်ကျတော့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေး သြဇာဟာ မြန်မာပြည်မှာ အများကြီး လွှမ်းမိုးမှု
ရှိနေပါပြီ။
[ဖဆပလ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းရာ၌
ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီတို့ကို ဦးစီးခဲ့၍ မကွာမီ
ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင်ဗဟိုအဖွဲ့ချုပ်၊ အရှေ့အာရှ လူငယ်များ အစည်းအရုံး၊
မျိုးချစ်အဖွဲ့နှင့် မဟာဗမာအဖွဲ့တို့မှ ပါဝင်လာကြသည်။
ဖဆပလသည် အမျိုးသား တပ်ပေါင်းစု
ဖြစ်သည့်အတိုင်း ပါတီအသီးသီး၊ လူတန်းစား အသီးသီး လူတန်းစား အဖွဲ့အစည်း အသီးသီး
တစ်သီး ပုဂ္ဂလနိုင်ငံရေး ခေါင်းဆောင်များစသည်တို့ ... ပါရှိနေရမည်
ဖြစ်၏။]
တဲ့။ ကျနော်ပြောချင်တာ တစ်ချက်တည်းပါပဲ။
ဗိုလ်ချုပ်ရဲ့ ဂိုဏ်းဂဏစွဲကင်းလှတဲ့ အမျှော်မြင်ကြီးမားပုံကိုပါ။
ဖဆပလအဖွဲ့ကို ဖွဲ့စဉ်မှာ သူ့နိုင်ငံရေးသြဇာဟာ
အထွတ်အထိပ်ရောက်နေပါပြီ။ ဂျပန်ကို တိုက်ထုတ်အပြီး ဖဆပလအဖွဲ့ကြီးကို
ခိုင်မာတောင့်တင်းအောင် ပြန်လည်စည်းရုံးတဲ့ အချိန်မှာဆို ပိုသိသာပါတယ်။
ဒါပေမဲ့ လူတွေကြားမှာ သူ့သြဇာ
ဘယ်လောက်လွှမ်းမိုးမှုရှိနေနေ အားလုံးပါဝင်လို့ရအောင် အဖွဲ့သစ် ဖွဲ့ပေးခဲ့တဲ့၊
အားလုံး လွှမ်းခြုံနိုင်မယ့် အဖွဲ့ချုပ်ဖွဲ့ပြီး တကွဲတပြားစီဖြစ်နေတဲ့
အဖွဲ့စည်းအားလုံး အင်အားစုအားလုံးကို စည်းရုံးဆွဲခေါ်နိုင်ခဲ့တဲ့
ရင့်ကျက်ပြည့်ဝမှုကို လေးစားမိတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဦးဆောင်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲ
အောင်မြင်မှုရတာဟာ သူ့နားမှာ ပတ်လည်ဝန်းရံနေသူတွေရဲ့ နေရာစုံအသုံးကျမှုလည်း အဓိက
ပါဝင်မယ်လို့ ဆိုရင် လွန်အံ့မထင်ပါ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို
လူကြီးပိုင်းလက်ခံတဲ့သူမျိုးကို ချဉ်းကပ်ခဲ့တာက အစပြုလို့ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်း၊
ဦးရာဇာတ်၊ သခင်မြ အစရှိသူတွေရဲ့ အကြံဥာဏ်ကို သူရယူလုပ်ကိုင်ခဲ့တယ်။ အဲဒီထဲမှာ
သခင်မြဆိုရင် နယ်ချဲ့ခေတ်မြေအောက်တော်လှန်ရေးကို အဓိက
ကြိုးကိုင်ဆောင်ရွက်ခဲ့သူပါ။
သူနဲ့ မျိုးဆက်တစ်ခုတည်းကဆိုရင် ကိုကြီးနုလို့
ဗိုလ်ချုပ်ခေါ်တဲ့ ဦးနု အပါအ၀င်၊ သခင်သန်းထွန်း၊ သခင်စိုး၊ သိန်းဖေမြင့်၊ သခင်ဗဟိန်း
စသဖြင့် အများကြီးမှ တကယ့်ကို အများကြီးပါပဲ။ တစ်ယောက်အားဖြင့် စွမ်းသော် မရတောင်မှ
ဒီလို လူချွန်လူမွန်တွေပေါင်းတော့မှတော့ လိုလားအပ်တဲ့ ပန်းတိုင်ဟာ ဘယ်မှာ မရပဲ
မရောက်ပဲ ရှိပါတော့မလဲဗျာ။
အဲဒီထဲမှာမှ နောက်ပိုင်း ဦးနေ၀င်းခေတ်မှာ
နာမည်အကြီးကျယ်ဖျက်ခံရပြီး သူပုန်ကြီးတစ်ယောက်ဘ၀နဲ့ ပဲခူးရိုးမတစ်နေရာမှာ
အခင်းသွားတုန်း အောက်တန်းကျစွာ လုပ်ကြံခံရရှာတဲ့ သခင်သန်းထွန်းဆိုရင်
ဖက်ဆစ်တော်လှန်ရေးမှာ ထိပ်ဆုံးက ရွတ်ရွတ်ချွံချွံဆာင်ရွက်ခဲ့သူ
ခေါင်းဆောင်တစ်ဦးပါ။
အရင်ကတည်းက ကျနော် သတိထားမိတာ တစ်ခုရှိတယ်။
မိန့်ခွန်းတွေမှာ ဖဆပလကို ညွှန်းတဲ့အခါတိုင်း ဗိုလ်ချုပ်က အဖွဲ့ချုပ်ကြီး၊
အဖွဲ့ချုပ်ကြီးလို့ ညွှန်းလေ့ရှိတယ်။
ဖဆပလကို သူက ပါတီတစ်ခုအနေထက် အဖွဲ့အစည်းပေါင်းစုံ၊
လူထု ထူတန်းစားပေါင်းစုံပါဝင်တဲ့ အင်အားစုကြီးတစ်ရပ်အဖြစ် ဖွဲ့စည်းခဲ့တာပါ။
ဗိုလ်ချုပ် မက်မောတာ ဂိုဏ်းဂဏမဟုတ်ဘူး။ လွတ်လပ်ရေးသာလျှင် ဖြစ်ပါတယ်။
နောက်ပြီး ဗိုလ်ချုပ်ကို ကျနော်တို့
မြန်မာပြည်သူတွေက အသည်းစွဲချစ်ကြတဲ့ အချက်တစ်ချက်ဟာ ဘာလဲ။
ဘယ်တော့မှ မယိမ်းယိုင်တတ်လို့ဖြစ်ပါတယ်။
ဘာနဲ့ဖျားယောင်းဖျားယောင်း
မယိမ်းယိုင်ပါဘူး။
ဂျပန့်ခေတ်က
မင်းတောင်ဘုရင်လုပ်ရင်ရသေးတာပဲကွာလို့
အပြောခံရတဲ့အကြောင်း
ဗိုလ်ချုပ်မိန့်ခွန်းတစ်ခုထဲမှာ ဖတ်ရဘူးတာ မှတ်မိနေပါတယ်။
အင်္ဂလန်သွားတော့လည်း ဟိုက ဘယ်လောက်
ကိန်းခန်းကြီးတာကြီးတွေ ပြပြမြှောက်မြှောက် သူမယိမ်းယိုင်ခဲ့ဘူး။ ဟိုဂုဏ်သရေရှိ
အင်္ဂလိပ်ကြီး အင်္ကျီအိပ်ကပ်စုတ်အောင် လုပ်ပြခဲ့တာတွေ ဆာဝီလျှံစလင်းကို
ပြောင်ပြောင်ကြီး ထိပ်တိုက်ပြောခဲ့တာတွေအတွက် ကျနော်တို့ ဘယ်တော့မှ မေ့လိမ့်မယ်
မဟုတ်ပါ။
ပြီတော့ ဘယ်အချိန်လျှော့ရမလဲ
ဘယ်အချိန်တင်းရမလဲဆိုတာကို နားလည်တဲ့ ပါးနပ်သော ခေါင်းဆောင်ဖြစ်တယ်။
အောင်ဆန်း - အက်တလီစာချုပ်ချုပ်စဉ်က ဖြစ်ရပ်လေးကို
မှတ်မှတ်ရရ ပြန်တင်ပြချင်ပါတယ်။
[အောင်ဆန်း - အက်တလီ စာချုပ်ဖို့
စည်းဝေးတဲ့အခါ “တိုင်းပြည်ကို တစ်နှစ် အတွင်း လွတ်လပ်ရေး ပေးပါ။ ကျုပ်ကို
တိုင်းရင်းသား တွေနဲ့ တိုင်းသူပြည်သားတွေက ဒီအတိုင်းပဲ မှာလိုက်တယ်။ အဲ့ဒါကြောင့်
မစ္စတာ အက်တလီက တိုင်းရင်းသားတွေနဲ့ တိုင်းသူ ပြည်သားတွေ အလိုကျ တစ်နှစ် အတွင်း
နိုင်ငံကို လွတ်လပ်ရေး ပေးပါ့မယ်လို့ စာချုပ်မှာ ချက်ချင်း တည့်ပါ” လို့
ပြောတာ။
အဲလိုပြောတော့ အက်တလီက
“ ခင်ဗျားတို့ နိုင်ငံ တစ်နှစ်အတွင်း
လွတ်လပ်ရေး ရအောင် လုပ်ပါ့မယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေး ရဖို့အတွက် ကျွန်တော်
အင်္ဂလန် လွတ်တော်ကို ဒီအတိုင်းပဲ တင်ပြပါ့မယ်” ဆိုပြီးတော့ ဗိုလ်ချုပ် အောင်ဆန်းက
ဒီမိုကရေစီကို သူနားလည်တာက
“ ဒါကို မလိုဘူး။ ဒီစာချုပ်ထဲမှာကိုက
တိုင်းပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးပါမယ်လို့ စာချုပ်မှာ
ရေးမှတ်ရမယ်”
ဆိုတော့ အက်တလီက
“ကျွန်တော့်သဘောနဲ့ ရေးလို့ မရဘူး။
လွှတ်တော်ကို တင်ပြီးမှ ခင်ဗျားတို့ မြန်မာပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး
ပေးပါ့မယ်လို့ ထုတ်ပြန်နိုင်မယ်”
ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက
“ခင်ဗျား ဒီလိုလုပ်ရင်တော့
လက်မှတ်မထိုးနိုင်ဘူး။ ဒီမှာကို ချက်ချင်း ကတိပြုရမယ်။ ကတိပြုရမှာက တစ်နှစ်အတွင်း
လွတ်လပ်ရေး ပေးပါ့မယ် ဆိုတာ အဲ့ဒါကို ခင်ဗျား စာချုပ်ထဲမှာကို ထည့်ရမယ်”
ဆိုတော့ အက်တလီက
“အခုကိစ္စအတွက် လွှတ်တော်ကို ကျွန်တော်
တင်ပြပါ့မယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော် မြန်မာပြည်ကို တစ်နှစ်အတွင်း
လွတ်လပ်ရေး ပေးပါ့မယ်”
ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက မလိုချင်ပါဘူး
ဆိုတော့ အဲဒီနေ့က စာချုပ် မဖြစ်ဘဲနဲ့ အက်တလီနဲ့ အောင်ဆန်းရဲ့ ဆွေးနွေးပွဲဟာ (၃) ရက်
ရွှေ့လိုက်တယ်။
(၃) ရက် ရွှေ့ထားတုန်းမှာ ဗိုလ်ချုပ်
အောင်ဆန်းက ဒီအတိုင်း သာဆို စာချုပ် မဖြစ်ဘူး၊ စာချုပ် ဖြစ်ဖို့ အတွက်
မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ ဘကြီးဘဖေကို လေယာဉ်ပျံ လွှတ်ပြီး “အမြန် လိုက်ခဲ့ပါ။
ဒီမှာ စာချုပ်က သိပ်ပြီး အခြေအနေ မကောင်းလို့ ဘကြီးဘဖေ ဝင်ပြီးတော့ ဆုံးဖြတ်ဖို့
အတွက် လိုက်ခဲ့ပါ”
လို့ ခေါ်တယ်။
ဦးဘဖေ ကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့
အက်တလီနဲ့ စာချုပ်ဖို့ ထွက်လာတုန်းက သူ့မိန်းမ ဒေါ်ဖွားမျှင် အသည်းအသန် မကောင်းလို့
မလိုက်နိုင်ဘဲ
“အောင်ဆန်း မင်းတို့ပဲ သွားကြတော့။ ဒီမှာ
ငါ့မိန်းမ အသည်းအသန် ဖြစ်နေလို့။ ငါလိုက်လို့ မဖြစ်ဘူး”
ဆိုပြီး မလိုက်ဘဲ နေခဲ့တယ်။ ဒါပေမယ့်
ဗိုလ်ချုပ်အောင်ဆန်း က လေယာဉ်ပျံ လွှတ်ပြီး အမြန်ဆုံး လိုက်ခဲ့ပါလို့ ခေါ်တော့
ဦးဘဖေက
“ဟ ဘယ့်နှယ် လုပ်မလဲ၊ ဒီမှာ ငါ့မိန်းမ
အသည်းအသန် ဖြစ်နေလို့ မလိုက်နိုင်ဘူး ဆိုတာ ငါ ပြောလိုက်သားပဲ”
ဆိုတော့ သူ့မိန်းမ ဒေါ်ဖွားမျှင်က ကြားတယ်။
ကြားတော့
“ကို ဘဖေ ဘာဖြစ်တာလဲ”
“ဟ ဒီလိုပဲ ၊ ငါက မင်းနေမကောင်းလို့ သူတို့
နဲ့ အတူတူ လွှတ်တော် စည်းဝေးပွဲကို ငါ မလိုက်ဘူး။ ခု ငါ့ကို လိုက်လာပါလို့ လေယာဉ်ပျံ
လွှတ်ပြီး ခေါ်တယ်။ ငါက ဒါကြောင့် မလိုက်နိုင်ဘူးလို့ ပြောမလို့” ဆိုတော့ သူ့မိန်းမ
ဒေါ်ဖွားမျှင်က
“တော် လိုက်သွား”
“ဟ ငါက မင်းနေမကောင်း နေလို့ ဟာ ဘယ့်နှယ်
လုပ်မလဲ”
“ဗိုလ်ချုပ်အောင်ဆန်းက လေယာဉ်ပျံ လွှတ်ပြီး
ကျွန်မ နေကောင်းသွားပြီ။ ရှင်လိုက်ဖြစ်အောင် လိုက်။ ဟိုက မျှော်နေလိမ့်မယ်။ ရှင်
ကျွန်မကြောင့် နေရတယ် ဆိုတာ မဖြစ်စေချင်ဘူး။ လိုက်သွား”
ဆိုတော့ ဦးဘဖေက နောက်တစ်နေ့ ဗိုလ်ချုပ်
အောင်ဆန်း လွှတ်တဲ့ လေယာဉ်ပျံနဲ့ လိုက်သွားပြီး လန်ဒန်လည်း ရောက်ရော
ဦးဘဖေက
“ဟ နေပါဦး၊ မင်းတို့ အစည်းအဝေး ပျက်ပြီး
စာချုပ်မချုပ် ဖြစ်တာ ဘာကြောင့်လဲ ၊ ငါ့ပြစမ်း”
ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက အစည်းအဝေး
ပျက်တဲ့ အကြောင်းကို ပြတဲ့ အခါ ဦးဘဖေက ဖတ်တော့
“ဟ အခုအတိုင်းဆို အက်တလီ ပြောတာ မှန်တာပေါ့၊
မင်းမှားတယ်”
လို့ ပြောတော့ ဗိုလ်ချုပ်အောင်ဆန်း
က
“ကျွန်တော်က တစ်နှစ်အတွင်း လွတ်လပ်ရေး
တောင်းတယ်။ သူက လွှတ်တော်ကို တင်ပြပြီးမှ ဆုံးဖြတ်ပါ့မယ်လို့ ပြောတယ်။ ကျွန်တော်က
အဲ့ဒါကို လက်မခံနိုင်ဘူး ။ အစည်းအဝေး မှာပဲ အပြီး ဆုံးဖြတ်ပါ လို့ ပြောတယ်”
ဆိုတော့
“မင်း.. သူတို့ပြောတာ မှန်တယ်။ မင်း မှားတာ။
ဒီမိုကရေစီကို မင်း နားမလည်တာ။ ဒီမိုကရေစီ ( စနစ် ) ဆိုတာ ဝန်ကြီးချုပ်က
သူလုပ်ချင်သလို လုပ်လို့ မရဘူး။ လွှတ်တော်က အတည်ပြုမှ သူလုပ်ချင်တာကို လုပ်လို့
ရတယ်။ လွှတ်တော်ကို မတင်ဘဲနဲ့ ဘာမှ မလုပ်နိုင်ဘူး။ အဲ့ဒါ ဒီမိုကရေစီ ( စနစ် ) ကွ။
မင်းက နားမလည်လို့ အစည်းအဝေး ပျက်ရတာ” လို့ ဦးဘဖေက ပြောတော့ ဗိုလ်ချုပ်
အောင်ဆန်းက
“ဒီလို ဆိုတော့လည်း ကျွန်တော် မှားတာပေါ့။
ကျွန်တော်က လွှတ်တော်ကို မတင်ဘဲနဲ့ တိုင်းပြည်ကို တစ်နှစ်အတွင်း လွတ်လပ်ရေး
ပေးပါ့မယ်လို့ အောင်ဆန်း အက်တလီ စာချုပ်ထဲမှာ ချက်ချင်း ထည့်ရမယ်လို့
ပြောတာ”
“မဟုတ်ဘူးကွ၊ ဒီမိုကရေစီရဲ့ ထုံးစံက
ဝန်ကြီးချုပ်မှာ အာဏာ အပြည့်အဝ မရှိဘူး။ သူလုပ်ချင်တာကို လွှတ်တော်ကို တင်ရတယ်။
လွှတ်တော်က ဒါကို အတည်ပြုမှ ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့် ရှိတယ်”
“ဒါဆိုရင် လွှတ်တော်တင်လို့ လွှတ်တော်က
ခွင့်မပြုရင် ဘယ့်နှယ့်လုပ်မလဲ”
“ဟ ခွင့်မပြုလို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
လွှတ်တော် အမတ်တွေက စုပြီးတော့ ထင်လို့ သူက ဝန်ကြီးချုပ် ဖြစ်တာ။ လွှတ်တော် အမတ်တွေက
အကုန်လုံး သူ့လူ၊ သူကနေ ပြီးတော့ ငါ ဒီလိုလုပ်ချင်တယ်လို့ လွှတ်တော်မှာ တင်လိုက်ရင်
လွှတ်တော် အမတ် အကုန်လုံးက သူ့အလို အတိုင်း ထောက်ခံပါတယ်လို့ လုပ်ရတာ။ သူ့ကို
မထောက်ခံရင် ဝန်ကြီးချုပ် ပြုတ်တာပေါ့။ ဝန်ကြီးချုပ် ပြုတ်ရင် လွှတ်တော် အမတ်တွေ
အကုန်လုံးလည်း ရှိနေတဲ့ ရာထူးတွေ မရှိတော့တဲ့ အတွက် လွှတ်တော်က အရေးကြီးတယ်။ သူ့
ဝန်ကြီးချုပ် လိုချင်တဲ့အတိုင်း ဖြစ်ရမယ်။ ဝန်ကြီးချုပ် ခန့်တာကိုက လွှတ်တော်က
ခန့်တာ။ အဲ့ဒါက ဒီမိုကရေစီပဲ”
နောက်နေ့ အစည်းအဝးကျတော့ ဦးဘဖေက
“စာချုပ်ချုပ်ဖို့ ပျက်သွားတာက
ခေါင်းဆောင်ကြီး အက်တလီ ပြောတာ မှားလို့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်က အယူအဆ မှားပြီး
ပျက်သွားတာပါ။ အခု ကျွန်တော် ပြောချင်တာက မစ္စတာ အက်တလီ လိုချင်တဲ့ အတိုင်း လွှတ်တော်
တင်ပြီး တစ်နှစ်အတွင်း ကျွန်တော်တို့ ကို လွတ်လပ်ရေး ပေးပါ။” ဆိုပြီး စာချုပ်ချုပ်
ဖြစ်သွားတယ်။
အောင်ဆန်း - အက်တလီစာချုပ် အတွင်းရေးး။
သခင်တင်ဦး]
အဲဒီမှာ ဗိုလ်ချုပ်ရဲ့ အတုယူဖွယ်
အမူအကျင့်သုံးချက်ကို သွားတွေ့တယ်။ နောက်ဆုတ်သင့်ချိန်နောက်ဆုတ်တာ၊
ရပ်တည်ချက်ခိုင်မြဲတာ၊ နောက်ဆုံး မိမိတစ်ဦးတည်းသဘော မဆုံးဖြတ်ပဲ သက်ဆိုင်ရာ
နားလည်တတ်ကျွမ်းသူကို အသုံးချတတ်တာမျိုးပေါ့။ အထက်က သခင်တင်ဦးရဲ့ အင်တာဗျူးမှာပဲ
သူသုံးသပ်ထားတာလေး တစ်ချက် သတိပြုမိတယ်။
[ဗိုလ်ချုပ် အောင်ဆန်းက ရာဇ၀င်မှာ ဘေးလူတွေ
နောက်က လိုက်အောင် လုပ်သွားတာ (၂) ခု ရှိတယ်။
တက္ကသိုလ် သမဂ္ဂ နဲ့ ဗမာပြည်လုံး ဆိုင်ရာ
ကျောင်းသားများ သမဂ္ဂ ဘ၀ကနေ ငါ ဒီမှာသာ ဆက် လုပ်နေရင် တစ်ပြည်လုံး အတွက်
မလုပ်နိုင်ဘူး။ အဲဒီတော့ ငါ ဒီက ထွက်တယ်။ တို့ဗမာ အစည်းအရုံး သခင် အဖွဲ့ ထဲ ၀င်ပြီး
နိုင်ငံရေး လုပ်မယ် ဆိုပြီး တို့ဗမာ အစည်းအရုံး ထဲ ၀င်ခဲ့တယ်။
ပြီးတော့ စစ်တပ် ထဲမှာ မောင့်ဘက်တန် က
စစ်တပ်ကို ခင်ဗျားပဲ အုပ်ချုပ်ပါ။ ခင်ဗျား အထက်မှာ အင်္ဂလိပ် စစ် ဗိုလ်ချုပ်ကြီး
တစ်ယောက်ပဲ ထားမယ် ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက လက်မခံဘူး။ စစ်တပ်က ထွက်ပြီး
စစ်တပ် နဲ့ ကင်းကင်း ရှင်းရှင်း ပြတ်ပြတ် သားသား နဲ့ နိုင်ငံရေးပဲ လုပ်ခဲ့တဲ့ အတွက်
သိပ်ပြီး ချီးကျူးစရာ ကောင်းတယ်။]
ဂိုဏ်းဂဏစွဲ လုံးဝမရှိတဲ့ သက်သေပါ။
သူကြိုးပမ်းခဲ့တာ လွတ်လပ်ရေးပဲ။ လွတ်လပ်ရေး ပန်းတိုင်တစ်ခုကလွဲရင် ဘာကိုမှ
အသေဆုပ်ကိုင် မထားဘူး။
နောက် ဦးတင်ထွဋ်နဲ့ ပတ်သက်တာလေး တစ်ခုကိုလည်း
တင်ပြချင်ပါတယ်။ သခင်တင်ဦးပဲ ရေးတဲ့ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်စကားပြောခြင်းဆိုတဲ့
ဆောင်းပါးကပါ။
[ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏
ပထမဆုံး အိုင်စီအက်စ်(ICS)၊ အင်္ဂလိပ်အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်၊ အင်္ဂလိပ်အစိုးရ၏
လက်စွဲတော်ကြီးတစ်ဦးအား စာဖြင့် ဆက်သွယ်နေသည်မှာ အံ့သြဖွယ်ရာဟု ဗိုလ်ထွန်းလှက
တွေး၍နေသည်။
ဦးတင်ထွဋ်၏ နေအိမ်သို့ ရောက်သောအခါ
အိမ်ပေါက်ဝတွင် ဗိုလ်ထွန်းလှက ဦးတင်ထွဋ်ကို ကိုယ်တိုင်တွေ့၍ စာပေးလိုကြောင်း၊
မည်သို့ အကြောင်းပြန်မည်ကို နားထောင်လိုကြောင်း ပြောပြရာ တာဝန်ရှိသူက အပေါ်ထပ်သို့
တက်ပြီး ဦးတင်ထွဋ်အား အကြောင်းကြားပါသည်။ ခွင့်ပြုလိုက်သောအခါမှ ဗိုလ်ထွန်းလှအား
လာ၍ ခေါ်ပါသည်။
ဗိုလ်ထွန်းလှသည် အပေါ်ထပ်သို့ လိုက်သွားပြီး
ဦးတင်ထွဋ်အား တွေ့သောအခါ အလေးပြုပါသည်။ ထို့နောက် စာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ
ပေးအပ်ပါသည်။ ဦးတင်ထွဋ်သည် စာကို ဖွင့်ဖတ်ပြီးလျှင် "အို၊
တိုင်းပြည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထံက ဖိတ်စာပါလား၊
ဘာအကြောင်းများလဲကွယ်။ ထိုင်ပါ မောင်ရင်"
ဦးတင်ထွဋ်သည် ဖိတ်စာကိုကိုင်ရင်း
လက်ချောင်းကလေးများပင် တုန်၍နေပါသည်။
"ဘာကြောင့် ဖိတ်လဲဆိုတာတော့ ကျွန်တော်လည်း
မသိဘူး။ ကျွန်တော်က အပါးတော်မြဲဆိုတော့ ခိုင်းတာပဲ လုပ်ရပါတယ် ဦးရဲ့" ဟု
ဗိုလ်ထွန်းလှက ပြန်၍ပြောသည်။
"ပြီးတော့ ဦးအပြင် ဘယ်သူတွေကို
ဖိတ်သေးလဲ"
"သည့်ပြင် ဘယ်သူတွေကို ဖိတ်သေးလဲဆိုတာ
ကျွန်တော်မသိပါဘူး ဦးရဲ့"
"စာထဲမှာ ဘယ်နေ့မှာ ညစာသုံးဆောင်နိုင်မလဲလို့
မေးထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်က ဖိတ်တော့ အမြန်ဆုံးလာချင်ပါတယ်လို့
ပြောပြပါ။ ဖြစ်နိုင်ရင် နက်ဖြန်တောင် လာချင်တယ် မောင်ရင်ရယ်" ဦးတင်ထွဋ်က
ပြောပါသည်။
"သည်လိုဆိုရင် ဦး၊ မနက်ဖြန်ပဲ ချိန်းလိုက်ပါ၊
ကျွန်တော် ညနေ (၅)နာရီလောက် ကားနဲ့ လာခေါ်ပါ့မယ်"
"ရပါတယ် မောင်ရင်ရယ်။ ဦးရဲ့ကားနဲ့ပဲ (၅)
နာရီအရောက် လာပါ့မယ်။ ဗိုလ်ချုပ်အိမ်က ဘယ်လမ်းက ၀င်ရလဲ"
"ကန်တော်ကြီး Park လမ်းဘက်က ၀င်ရပါတယ်။
မြေပဒေသာကျွန်းရှေ့မှာ တာဝါလိန်း Towerlane လမ်းသွယ်ရှိပါတယ်။ အဲဒီအတိုင်း ၀င်လာရင်
ရွှေကြက်ယက်ကျောင်း လွန်တာနဲ့ မျက်နှာချင်းဆိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ပါပဲ။
ကျွန်တော် ညနေ (၅)နာရီမှာ ဂိတ်ဝက စောင့်နေပါ့မယ်"
"ကျေးဇူးပါပဲ မောင်ရင်ရယ်၊ ကောင်းပါပြီ။
နက်ဖြန်ကို ချိန်းတဲ့အချိန်အတိုင်း တွေ့ကြတာပေါ့"
"ဟုတ်ကဲ့ခင်ဗျာ။
ခွင့်ပြုတော်မူပါဦး"
ဗိုလ်ထွန်းလှသည် ပြန်၍လာကာ အကြောင်းစုံကို
ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြသည်။ ဗိုလ်ချုပ်သည် ထုံးစံအတိုင်း ဘာမျှ
ပြန်၍မမေး။
နောက်တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည်
(၅)နာရီမထိုးမီ ဧည့်ခန်းသို့ ရောက်လာပြီး ဗိုလ်ထွန်းလှသည် ဂိတ်ဝမှသွား၍
စောင့်နေသည်။
ဦးတင်ထွဋ်သည် ချိန်းဆိုထားသည့်အတိုင်း
(၅)နာရီတွင် ရောက်လာသည်။ ဗိုလ်ထွန်းလှသည် မော်တော်ကားဒရိုင်ဘာအား ကုန်းပေါ်သို့ ဆက်၍
မောင်းပါရန်ပြောပြီး သူက ကားရှေ့မှ သွက်သွက်လျှောက်၍ သွားသည်။
ကုန်းပေါ်ရှိ အိမ်အပေါက်ဝသို့ ရောက်သောအခါ
ဗိုလ်ချုပ်အောင်ဆန်းသည် အသင့်စောင့်ကြို၍ နေသည်။
ဗိုလ်ထွန်းလှက ကားတံခါးဖွင့်ပေး၍ ဦးတင်ထွဋ်
ဆင်းလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက "ဦးကြီးက အရွယ်တင်တုန်းပဲ။ ကျန်းကျန်းမာမာပဲ" ဟု
ဆီးကြိုနှုတ်ဆက်ကာ ဦးတင်ထွဋ်၏ လက်နှစ်ဖက်ကိုကိုင်ပြီး အားပါးတရ ပြောသည်။
"ဟုတ်တယ် ဗိုလ်ချုပ်၊ ကျွန်တော်က
ကျောင်းသားဘ၀မှာ လက်ဝှေ့ထိုးတယ်၊ ကြိုးခုန်တယ်။ ဒါတွေကြောင့် အခုထက်ထိ
သန်စွမ်းနေတာ။ အခုလည်း မနက်လမ်းလျှောက်၊ ရေမချိုးခင် ကိုယ်လက်လှုပ်ရှား၊
ညနေစာစားပြီးလည်း ခြံထဲလမ်းလျှောက်။ ဗိုလ်ချုပ်လည်း ကျန်းမာတာပဲ"။ ဦးတင်ထွဋ်သည်
ဗိုလ်ချုပ်လက်ကို ကိုင်ပြီး အိမ်ပေါ်တက်လှေကားပေါ်သို့ အတူတက်ကြသည်။
ဧည့်ခန်းတွင် မျက်နှာချင်းဆိုင် ထိုင်ကြပြီး
ချက်ချင်းပင် ဗိုလ်ချုပ်က "ဦးကြီးကို ထမင်းစား ဖိတ်ရတာက ဦးကြီးဆီက အကူအညီ
လိုချင်လို့ပါ" ဟု စကားစလိုက်သည်။
"အမိန့်ရှိပါ ဗိုလ်ချုပ်။ ကျွန်တော်
တတ်နိုင်တာမှန်သမျှ ဗိုလ်ချုပ်ခိုင်းတာ လုပ်ပါမယ်"
"ဒီလိုပါ ဦးကြီး။ ကျွန်တော့်ကို
လော့ဒ်မောင့်ဘက်တန် (Lord Mount Batten) က သူ့ဆီလာဖို့ ဖိတ်တယ်။ ရှေ့တစ်ပတ်မှာ
လေယာဉ်ပျံ လွှတ်လိုက်မယ်၊ ကျွန်တော်နဲ့ လူ (၃၀) လိုက်ရမယ်"
"ဟာ ဗိုလ်ချုပ် ၀မ်းသာလိုက်တာ။ ဒီလို မှူးမတ်
ရေတပ်သေနာပတိချုပ်က ဖိတ်တယ်ဆိုတာ အံ့သြစရာပဲ။ ကျွန်တော် အိုင်စီအက်စ် (ICS)
ဖြစ်ပေမယ့် သူတို့ရဲ့ အကြီးဆုံး အစေခံရာထူးရတာတောင် မှူးမတ်သေနာပတိဆိုတာနဲ့ တစ်ခါမှ
မတွေ့ဖူးဘူး။ လောဒ်မောင့်ဘက်တန်ဟာ တော်ဝင်ပုဂ္ဂိုလ် ဂျော့ဘုရင်ရဲ့ ညီအစ်ကို
တစ်ဝမ်းကွဲတော်တယ်။ နန်းတော်ဝင် မင်းသားဆိုပေမယ့် နန်းတော်ကပေးတဲ့
အဆောင်အယောင်နဲ့တင် ဇိမ်ခံမနေဘူး။ တစ်ခါတည်း စစ်ထဲဝင် ရေတပ်ကျောင်းတက်၊
လေ့ကျင့်ခန်းတွေ မပျက်လုပ် ကြိုးစားတာဟာ နောက်ဆုံး ရေတပ်စစ်သေနာပတိကြီး
ဖြစ်လာတဲ့အထိပဲ"
"ကျွန်တော်က ဦးကြီးလို သူ့အကြောင်း
အစုံမသိဘူး။ သူဟာ နန်းစွန့်သွားတဲ့ ဝေလမင်းသား အိမ်ရှေ့စံ၊ သူအစ်ကိုဝမ်းကွဲနဲ့
ရုပ်ချင်းဆင်တူတယ်။ အိမ်ရှေ့စံ ဝေလမင်းသားဟာ ကမ္ဘာလှည့်ရင် သူ့ညီဝမ်းကွဲ
မောင့်ဘက်တန်ကို သူ့ကိုယ်ရံတော်အဖြစ် ခေါ်သွားလေ့ရှိတယ်။ ဝေလမင်းသားဟာ ကမ္ဘာမှာ
အချောဆုံး မင်းသားလို့ နာမည်ကျော်သလို မောင့်ဘက်တန်ကလည်း ရုပ်ရည်သန့်တယ်။
စည်းကမ်းကြီးတယ်။ သပ်သပ်ရပ်ရပ် နေတယ်လို့ ကြားဖူးတယ်။ ဒါလောက်ပဲ သိတယ်
ဦးကြီး"
"ဟုတ်တယ် ဗိုလ်ချုပ်၊ လော့ဒ်မောင့်ဘက်တန်က
သူ့အိမ်တော်မှာ ရှိသမျှ ပစ္စည်းမှန်သမျှ သူ့နာမည် တင်ထားတယ်။ စားပွဲ၊ ကုလားထိုင်၊
ခန်းစည်း၊ ကန့်လန့်ကာ၊ ပန်းကန်ပေါင်းစုံ၊ ဇွန်းခက်ရင်း၊ လက်သုတ်ပ၀ါကအစ အားလုံး
သူ့နာမည် တပ်ထားတယ်လို့ ကြားဖူးတာပဲ ဗိုလ်ချုပ်"
"ဦးကြီး၊ ဒီလို တော်ဝင်ပုဂ္ဂိုလ်က
ကျွန်တော့်ကို ဖိတ်တာ ကျွန်တော်စဉ်းစားမရဘူး။ အထူးသဖြင့် တိုင်းခန်းလှည့်လည်ရင်း
ရန်ကုန်မြို့ရောက်လာတော့ ရန်ကုန်ဘုရင်ခံက အော်ရိယန် (Orient Club) (ယခု
စိုက်ပျိုးရေးပြတိုက်) မှာ ဧည့်ခံပွဲလုပ်တယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောရင်း
တစ်ပိုဒ်က ကမ္ဘာမှာ လူထုဟာ အေးအေးသာသာ နေချင်ကြတာ။ ဒါပေမယ့် နိုင်ငံရေးသမားတွေက
မဟုတ်တာတွေ ၀င်လုပ်နေလို့ ငြိမ်းချမ်းမှု ပျက်နေတာလို့ ပြောလိုက်တယ်။ ကျွန်တော်လည်း
မခံချင်လို့ ထပြီး နိုင်ငံရေးသမားကြောင့် ငြိမ်းချမ်းရေး မပျက်ပါဘူး။
အချောင်သမားတွေ ၀င်ရှုပ်နေကြလို့ပါဆိုပြီး ပြောလိုက်တယ်။ လော့ဒ်မောင့်ဘက်တန်ကလည်း
ချက်ချင်းပဲ ဟုတ်ပါတယ်။ နိုင်ငံရေးသမားဟာ လွတ်လပ်ငြိမ်းချမ်းဖို့ပဲ လုပ်တာပါလို့
ဆက်ပြောတယ်"
"တကယ် ချီးကျူးစရာ ပုဂ္ဂိုလ်ကြီးပါပဲ။ သူ့ကို
မှားတယ်လို့ ပြောတာတောင် ဒေါသမထွက်ဘူး။ အလိုက်သင့် ပြန်ပြောတယ်" ဦးတင်ထွဋ်က ၀င်၍
ထောက်ပါသည်။
"ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန်က မဖိတ်ခင်
မိတ္ထီလာက အင်္ဂလိပ်စစ်တပ် ဗိုလ်ချုပ်ကြီးစလင်းက လေယာဉ်ပျံလွှတ်ပြီး ဖိတ်သေးတယ်။
ကျွန်တော့်ကို မြန်မာဗိုလ်ချုပ် တစ်ယောက်အနေနဲ့ ဆွေးနွေးချင်တယ်။ ကျွန်တော်က
ကျွန်တော်လာတာ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဋ္ဌအနေနဲ့ လာတာပါလို့ နိုင်ငံရေးသမားလို့
ပြောတော့ စစ်တပ်နဲ့ပတ်သက်ပြီး ဘာမှ မဆွေးနွေးဘူး။ ဖက်ဆစ်ဂျပန် တိုက်တဲ့အခါ
မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတွေက ၀ိုင်းပြီး ကူညီကြလို့
အောင်မြင်တဲ့အကြောင်းသာ ပြောတယ်"
"အဲဒါလည်း သူ့အထက်က စစ်သေနာပတိကြီး
လော့ဒ်မောင့်ဘက်တန်က ခိုင်းလို့နဲ့ တူတာပဲ။ သူ့ဘာသာသူ ဗိုလ်ချုပ်ကိုဖိတ်ပြီး
ဆွေးနွေးဖို့ရာ ဘာမှ အကြောင်းမရှိဘူး။ ကျွန်တော့်ထင်မြင်ချက် ပြောတာပါ။
ဗိုလ်ချုပ်ကို ဘီအိုင်အေခေတ်မှာ သထုံခရိုင်က သူကြီးကို သတ်တယ်ဆိုပြီး အိန္ဒိယရောက်
ဆင်းမလားပြည်ပြေး အစိုးရက စွပ်စွဲတယ်။ ဒီအတိုင်း သူတို့ မောင့်ဘက်တန်ဆီ
အစီရင်ခံမယ်။ ဒီမှာတင် မောင့်ဘက်တန်က သူ့စစ်ဗိုလ်တွေကို အစုံစမ်းခိုင်းမယ်ထင်တယ်။
အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး စလင်းသည် စစ်ပြီးသောအခါ Defeat into Victory စာအုပ်
ရေးပါသည်။ မြန်မာနိုင်ငံမှ စစ်ရှုံး၍ ထွက်လာပြီးသည့်နောက် ပြန်၍ တိုက်သည့်အခါ
အောင်မြင်ပုံကို ရှုံးနိမ့်ခြင်းမှ ပြန်လည်အောင်မြင်ခြင်းအဖြစ်
ရေးသားဖော်ပြပါသည်။
ထိုအကြောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းအား
ဖိတ်ခေါ်ပုံကို ထည့်သွင်းဖော်ပြရာ၌ သူသည် မိတ္ထီလာမှနေ၍ လေယာဉ်လွှတ်ပြီး
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပါသည်။ လေယာဉ်ကွင်းသို့သွား၍
ကြိုဆိုသောအခါ လေယာဉ်ပေါ်မှ ဂျပန်ဓားကိုလွယ်၍ လူငယ်တစ်ယောက် ဆင်းလာသောအခါ
ဘယ်သူပါလိမ့်ဟု တွေးတောနေစဉ် ထိုလူငယ်က ကျွန်ုပ်ထံလာ၍ "ကျုပ်ဟာ
ဗိုလ်ချုပ်အောင်ဆန်းပါ" ဟု လက်ကမ်းနှုတ်ဆက်ပါသည်။ ကျွန်ုပ်သည် အံ့အားသင့်ကာ
နှုတ်ဆက်ပြီး "မင်း ဒီကိုလာတာ ဘာမှ မစိုးရိမ်ဘူးလား၊ မင်းကို ဆီးပြီးဖမ်းရင်
ဘာလုပ်မလဲ" ဟု မေးသောအခါ သူက "အင်္ဂလိပ်က ဖိတ်တယ်။ အင်္ဂလိပ်လူမျိုးတွေဟာ ဖိတ်ခေါ်ကတိကို
လေးစားတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုတယ်။ ဒါကြောင့် ကျုပ်လာတာပါ" လို့ တည်တည်ကြီး
ပြန်ပြောတယ်။ ကျွန်ုပ် သူ့ကို တွေ့တွေ့ချင်း လေးစားသွားတယ်" ဟု
ရေးသားထားပါသည်။
"ကျွန်တော်က ဦးကြီးလို အုပ်ချုပ်ရေးပိုင်းတွေ
နားမလည်တော့ အကျယ်ချဲ့ပြီး ဘာမှ မတွေးဘူး။ မစဉ်းစားဘူး။ လော့ဒ်မောင့်ဘက်တန်က
ဖိတ်တယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေးမှာ တင်ပြပြီး လူပေါင်း (၃၀)
အဖော်ခေါ်ခဲ့ဖို့ ဆိုရာမှာ ကျွန်တော်က ဘကြီးဘဘေရယ်၊ အတွင်းရေးမှူး သခင်သန်းထွန်းရယ်၊
ဦးတင်ထွဋ်ရယ်၊ အရပ်သား (၃)ဦးနဲ့ ကျန်တာ စစ်ဘက်က (၂၇)ယောက် ခေါ်သွားချင်တဲ့အကြောင်း
တင်ပြတော့ အားလုံးကပဲ သဘောတူ ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့သွားမယ့်
ကိုယ်စားလှယ်အဖွဲ့ထဲ ဦးကြီးကိုပါ ထည့်ထားပါတယ်"
"အမလေ၊ ကျေးဇူးတင် အံ့သြလိုက်တာ။
ကျွန်တော့်ကို အားကိုးရင် ဗိုလ်ချုပ်နဲ့အတူ လိုက်ပါရင်း တာဝန်ပေးသမျှ
ဆောင်ရွက်ပါမယ်" ဦးတင်ထွဋ်က ၀မ်းသာအားရ ပြောပါသည်။
"ဦးကြီးကို အားကိုးတာက မှူးကြီးမတ်ကြီး
တော်ဝင်မင်းသား အင်္ဂလိပ်ရေတပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နဲ့
တွေ့ရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုပြော ဘယ်လိုနေရမလဲဆိုတာ မသိပါဘူး။ အဲဒါတွေအားလုံး
ဦးကြီးက သင်ပြပေးဖို့ အခုလို ဦးကြီးကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်"
သွန်းနေစိုး Thorn Nay Soe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။