by Seaman Nayminthu on Tuesday, October 16, 2012 at 7:52pm
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့
အစိုးရသစ်တက်လာပြီးနောက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသား
ညီညွှတ်ရေးရဖို့ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာတာ၊ အပေါင်းလက္ခဏာဆောင်တဲ့
လုပ်ရပ်တွေ လုပ်ဆောင်ပြလာတာကို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများ၊
တိုင်းရင်းသားအင်အားစုများသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အတိုင်းအတာတစ်ခုထိ
လက်ခံကြိုဆိုလာတာ တွေ့ရပါတယ်။
သန့်ရှင်းတဲ့အစိုးရ၊
ကောင်းမွန်တဲ့အုပ်ချုပ်ရေးပုံစံတွေ အခြေခိုင်မာလာဖို့အတွက်လည်း မကြာသေးမီကာလက
အစိုးရအဖွဲ့အတွင်း ဝန်ကြီးဌာနအပြောင်းအလဲတွေဖြစ်တဲ့အထိ လုပ်ဆောင်လာခဲ့ပါတယ်။
ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှအများစုပါဝင်ဖွဲ့စည်းထားတဲ့ အစိုးရတစ်ရပ်အနေနဲ့
ပြည်သူလူထုအသံကို အလေးထား တုန့်ပြန်ကြောင်း သက်သေပြသလိုတာလည်း ပါနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကောင်းတဲ့လုပ်ရပ် ပြည်သူလူထုအကျိုးကိုရှေ့ရှုတဲ့ လုပ်ရပ်တွေကို
အသိအမှတ်ပြု ကြိုဆိုလက်ခံကြရမှာပါ။
အစိုးရလက်သစ်က လက်တွေ့ဖော်ဆောင်လာတဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အကျင့်ပျက်ခြစားမှု ပပျောက်ရေးနဲ့ပတ်သက်ပြီး
ကျွန်တော်သိရှိကြုံတွေခဲ့ရတာလေးတွေကို နည်းနည်းလောက် ဆွေးနွေးတင်ပြချင်
ပါတယ်။
အကျင့်ပျက်ခြစားမှုဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာ
အရိုးစွဲနေတဲ့ယဉ်ကျေးမှုတစ်ခုလို နက်နက်ရှိုင်းရှိုင်း နစ်ဝင်လှိုက်စားနေပြီလို့
နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ဖွင့်ဟဝန်ခံပြောဆိုသွားတာ ကြားလိုက်ရပါတယ်။ ဒါကို
ပြုပြင်ဖို့ အချိန်ယူလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
ဟုတ်ပါတယ်။ မြန်မာပြည်မှာ ဘာပဲလုပ်လုပ် လာဘ်မပေးဘဲ
အဆင်ပြေချောမွေ့စွာ ပြီးစီးနိုင်တဲ့ကိစ္စ အလွန်ရှား လှပါတယ်။ လာဘ်လာဘကို
ပုံစံအမျိုးမျိုးနဲ့ အပေးအယူလုပ်ကြရာမှ တချို့ကိစ္စတွေမှာ လာဘ်ပေးလာဘ်ယူ
အနေအထားလို့တောင် မမြင်မိကြတော့တဲ့အထိ ဖြစ်နေကြတာပါ။
ဝန်ထမ်းတစ်ဦးအတွက် တရားဝင်သတ်မှတ်ပေးထားတဲ့
ခံစားပိုင်ခွင့်တွေကလွဲရင် အပိုရလာတဲ့ ငွေကြေးနဲ့ ပစ္စည်းဟာ လာဘ်လာဘ ဖြစ်တယ်လို့
သဘောပေါက်ခံယူထားမယ်ဆိုရင် ဝန်ထမ်းတွေထဲမှာ လာဘ်စားမှုလုံးဝ ကင်းစင်တဲ့
ဝန်ထမ်းအရေအတွက် ရာခိုင်နှုန်းဟာ ဒဿမသုညနောက်က ကိန်းဂဏာန်းလေးတွေပဲ ရှိနိုင်မယ်လို့
ယူဆမိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သာမန်ပြည်သူလူထုနဲ့သာမက
လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းအချင်းချင်းမှာပင် ကိုယ်ရေး ကိုယ်တာ
အကျိုးခံစားခွင့်ကိစ္စလေးတွေ ပေါ်ပေါက်လာတဲ့အခါ ကိုယ့်လုပ်ပိုင်ခွင့်
ဘောင်အတွင်းကနေဖြစ်ဖြစ်၊ တခြားရုံးဌာနတွေနဲ့ဆက်စပ်ပြီးဖြစ်ဖြစ်
ကူညီဆောင်ရွက်ပေးတဲ့အတွက် ရှောရှောရှူရှူ အဆင်ပြေ ပြီးစီး သွားချိန်မှာ ကာယကံရှင်က
ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ လက်ဆောင်ပစ္စည်း ဒါမှမဟုတ် လက်ဘက်ရည်ဖိုး၊ မုန့်ဖိုးသဘော
ပေးကမ်းတတ်တာလေးတွေရှိပါတယ်။
ဒါဟာ ပေးသူဘက်က ကျေကျေနပ်နပ် စေတနာထား
ပေးတာဖြစ်သလို ဘယ်သူကမှလည်း လာဘ်ပေးတယ် လို့ သဘောထားကြမှာမဟုတ်ပါဘူး။ သို့သော်
လက်ခံသူဘက်ကကြည့်ရင် ကိုယ့်တာဝန်ကိုဆောင်ရွက်ရင်း၊ ကိုယ့်ဌာနနဲ့ဆက်စပ်နေတဲ့
ဌာနတွေမှာ လိုက်ကူညီပေးရင်း ရလာတဲ့ အပိုငွေ၊ အပိုပစ္စည်းဆိုတာ နားလည်
ထားဖို့လိုပါတယ်။ ဘာတစ်ခုမှ မရလည်း ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆောင်ရွက်ရမှာပါ။
အကူအညီပေး တယ်ဆိုတာက လူ့ဝတ္တရားပါ။ အပိုရလာတဲ့ငွေ (သို့မဟုတ်) လက်ဆောင်ပစ္စည်းအပေါ်မှာ
အမှုမဲ့အမှတ်မဲ့ မသိစိတ်နဲ့ လက်ခံလိုက်ရင် ကြာလာတဲ့အခါ မသိစိတ်ရဲ့
လှုံ့ဆော်တွန်းအားပေးမှုကို ခံရတတ်ပါတယ်။
ဝန်ထမ်းတွေ အကျင့်ပျက်လာဘ်စားတယ်ဆိုရာမှာ
သက်ဆိုင်ဌာနရဲ့အနေအထားနဲ့ ခေတ်ကာလအခြေအနေ က များစွာစေ့ဆော်ပံ့ပိုးမှုဖြစ်စေပါတယ်။
အစိုးရပေးတဲ့ လုပ်ခလစာနဲ့ ရပ်တည်ဖို့ခက်ခဲတဲ့ ဝန်ထမ်းတစ်ဦး အနေနဲ့
မိသားစုအငတ်ခံပြီး ကိုယ်ကျင့်တရားစောင့်ထိန်းနိုင်ဖို့ဆိုတာ အပြောလွယ်သလောက်
လက်တွေ့ခက်ခဲ ပါတယ်။ ဝန်ထမ်းဘဝမှာနေသားတကျဖြစ်နေတာက တကြောင်း၊
ကိုယ်ပိုင်ငွေရင်းငွေနှီး အလုံအလောက်မရှိ တာက တကြောင်းကြောင့်လည်း လက်ရှိအလုပ်က
နှုတ်ထွက်ပြီး အပြင်မှာရပ်တည်လုပ်ကိုင်စားသောက်ဖို့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါ။
အထူးသဖြင့် အောက်ခြေဝန်ထမ်းတွေ ကြုံရတဲ့အခက်အခဲ
ဖြစ်တတ်တဲ့အခြေအနေတွေကို ဆွေးနွေးလို ပါတယ်။ အများစုအင်အား ဖြစ်ပေမဲ့ လည်း
သူတို့မှာ ရာထူးရာခံကောင်းကောင်းမရှိတာမို့ မူရင်းလစာနဲ့ မစို့မပို့ ထောက်ပံ့
မှုလေးတွေကလွဲပြီး တခြားရပိုင်ခွင့်တွေ ဘာမှမရှိကြပါဘူး။ ဒီလိုအခက်အခဲတွေကြားမှာ
ဝန်ထမ်း တွေ ဘဝရပ်တည်ရှင်သန်ရေး အတွက် ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ရွေးချယ်ကြရပါတယ်။
မိသားစု ဆင်းရဲ ငတ်ပြတ်ခံပြီး ကိုယ်ကျင့်တရား ကို ကာကွယ်စောင့်ထိန်းမလား၊
အများသူငါလို ကြုံရာရေစီးကြောင်းအတိုင်း အလိုက်သင့်မျောပါမလား။
တချို့နေရာဌာနတွေကို ပြောင်းရွှေ့ရောက်ရှိတဲ့
ဝန်ထမ်းတစ်ဦးအဖို့ အထူးတလည် အားထုတ်ကြိုးပမ်းစရာ မလိုဘဲ ရေကန်အသင့်ကြာအသင့်ဆိုသလို
ရပေါက်ရလမ်း အဆင်သင့် ရှိနေတတ်ပါတယ်။ သူ့ရှေ့မှာ တာဝန် ထမ်းဆောင်သူ အစဉ်အဆက်က
ဖောက်ထားခဲ့တဲ့လမ်းကြောင်းအတိုင်း လိုက်သွားဖို့သာလိုအပ်ပါတယ်။
ခေတ်ကလည်း တစ်မိန့်တစ်အာဏာစနစ်အောက်မှာ
အပြန်အလှန်ထိန်းကျောင်းပေးမယ့် အဖွဲ့အစည်းတွေ လည်း ကင်းမဲ့နေတော့ ကိုယ်ဘာလုပ်လုပ်
အထက်အောက် အဆင်ပြေကျေနပ်မှုရှိရင် ဘာပြဿနာမှ မပေါ်နိုင် တော့ပါဘူး။
‘အစတော့ အများမိုးခါးရေသောက်လို့ လိုက်သောက်တာပဲ၊
နောက်တော့ သောက်ရင်းသောက်ရင်း မူးသွား တယ်’ လို့ သူငယ်ချင်းတစ်ဦးပြောဆိုတာကို
မကြာခဏကြားယောင်မိပါတယ်။ ထိတွေ့စမှာတော့ ရှက်စိတ်နဲ့ ရှိုးတိုးရှန့်တန့်
ဖြစ်နေတတ်ပေမဲ့ ကြုံတွေ့ဖန်များလာတတော့ ရီဝေယစ်မူးမှုတွေ ဖုံးလွှမ်းလာပြီး
ပတ်ဝန်းကျင်ကို ဂရုထားရကောင်းမှန်း မသိတော့ဘူး။ နောက်ဆုံးတော့ ဒီအရသာနဲ့မှ
မတွေ့ရရင် မနေနိုင်လောက်အောင် စွဲလမ်းခုံမင်တဲ့အထိ ဖြစ်သွားကြရတဲ့
ဝန်ထမ်းကောင်းတချို့ရဲ့အဖြစ်ဟာ နှမြောစရာ ကောင်းလှပါတယ်။
ဘဝအခြေအနေအရ မိုးခါးရေကို
မဖြစ်မနေသောက်သုံးနေရပေမဲ့ ‘ငါမကောင်းတာကို လုပ်မိနေပါလား’ လို့
အမြဲတမ်းသတိနဲ့ယှဉ်အတွေးဝင်သူအဖို့ အလွန်အကျွံမသုံးစွဲမိအောင်
ထိန်းသိမ်းနိုင်စွမ်းရှိသလို တချိန်ချိန်မှာ ဖြတ်တောက်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ပါ။
ခေတ်ကာလ ကုန်ဈေးနှုန်းနဲ့လိုက်လျောညီထွေရှိတဲ့ လုပ်ခလစာ ရရှိပြီး ထိုက်သင့်တဲ့
လူမှုဖူလုံရေးအထောက်အပံ့တွေ ခံစားနိုင်တဲ့အခါ သူတို့တတွေ
လုပ်ငန်းခွင်မှာပျော်မွေ့တဲ့ နှစ်လိုဖွယ်ဝန်ထမ်းကောင်းတွေ ဖြစ်လာမယ်လို့
မျှော်လင့်မိပါတယ်။
နောက်တခါ အချောင်လိုချင်လို့ အကျိုးစီးပွားကို
မရမနေဖန်တီးယူတတ်တဲ့ ဝန်ထမ်းအမျိုးအစားလည်း ရှိပါ တယ်။ အရေအတွက်တော့
နည်းပါးပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆင်ခြင်မဲ့လုပ်ရပ်ကြောင့် နိုင်ငံတော် အတွက်
ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရတတ်ပါတယ်။
ကျွန်တော်တို့ ဝန်ထမ်းလောကမှာ လူပြောများတဲ့
ပုံပမာတစ်ခုရှိပါတယ်။ ပုံပမာလို့ ပြောသော်ငြားလည်း အမှန်တကယ်ရှိခဲ့တာလည်း
ဖြစ်နိုင်ပါတယ်။ ပစ္စည်းထိန်းဌာနတစ်ခုမှာ အင်မတန်မှ ခိုးတတ်ဝှက်တတ်
စာရင်းလိမ်ညာတတ်တဲ့ ရုံးစာရေးကြီး တစ်ဦးရှိပါသတဲ့။ သူ့ကို ပစ္စည်းဂိုဒေါင်မှာ
တာဝန်ပေးတဲ့အခါ ပစ္စည်းတွေပျောက်တယ်။ စာရင်းအင်းဌာနမှာ ထားတော့လည်း
စာရင်းလိမ်ပြပြန်ရော။ ဘယ်နေရာထားထား အဆင်မပြေပါဘူး။ ဘယ်နေရာ ဘယ်ဌာနမှာမှ
တာဝန်ပေးမရတဲ့အဆုံး ရုံးရဲ့ ဝင်စာထွက်စာဌာနမှာ Despatch ခန့်လိုက်တဲ့အခါ
အဲဒီရုံးစာရေးကြီးက ထပြီးလက်ခမောင်းခတ် ဟစ်ကြွေးလိုက်ပါတယ်။ ‘ငါ ဒီနေရာကို
ချောင်းနေတာ ကြာလှပြီ၊ ခုမှပဲရောက်တော့တယ်’ တဲ့။
ဟုတ်လည်း ဟုတ်ပါရဲ့။ ဌာနမှာ ပစ္စည်းထုတ်ဖို့လာသူ
အားလုံး သူ့ကိုဦးတိုက်ပြီးမှ ဝင်လို့ရမှာ မဟုတ်လား။ အဲဒီလို လူမျိုးကျတော့
ဘယ်လောက်နံစော်တဲ့ အမှိုက်ပုံထဲကို ပစ်ချပစ်ချ သူ့အတွက် ငါးခြောက်ပုံဖြစ်အောင်
ဖန်တီးလုပ်ယူ တတ်သူတွေ ဖြစ်ပါတယ်။ နိုင်ငံပိုင်ပစ္စည်းကိုလည်း
ကိုယ့်ဘိုးဘွားပိုင်အမွေလို သဘောထား တတ်ကြသူတွေပါ။
မကြာသေးခင်က မိတ်ဆွေတဦးနဲ့ဆုံတွေ့ခိုက်
သူပြောပြတာတွေကို ကြားရတာ ကျွန်တော် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ သူတာဝန်ကျခဲ့ဖူးတဲ့
သင်္ဘောတစ်စီးမှာ ဝန်ထမ်းအချို့ဟာ ရေလုံတံခါးမှာတပ်ဆင်ထားတဲ့ ကြေးနပ်
(ကြေးမူလီချောင်း) တွေကို ဖြုတ်ရောင်းပြီး သံနပ်နဲ့အစားထိုးပါသတဲ့။
သူကမလုပ်ဖို့ဟန့်တားတော့ သူ့ကို ပေါကြောင်ကြောင်သတ္တဝါလို
သဘောထားပြီးလှောင်ပြောင်သရော်ကြတယ် လို့ဆိုပါတယ်။ သင်္ဘောတွေ
ပင်လယ်ပြင်ဖြတ်သန်းသွားလာတဲ့အခါ သံကကြေးလောက် ဆားငွေ့ဒဏ်ခံနိုင်ရည်မရှိပါ။ သံတွေကို
သံချေးတက်တဲ့အခါ ရေလုံခန်းတံခါးတွေ ပိတ်မရ ဖြစ်ပါတော့တယ်။
နာဂစ်မုန်တိုင်းတိုက်ခတ်တုန်းက ရေမြုပ် သွားတဲ့ သင်္ဘောတွေဟာ
အဲဒီအကျိုးဆက်တွေပါတယ်လို့ သူက ဆက်ပြောပြပါတယ်။
ကျွန်တော်ငယ်ငယ်က သင်္ဘောပြင်ဆင်တုန်း
ရေယာဉ်ဝမ်းဗိုက်ကြမ်းပြင်မှာ မေ့ကျန်ခဲ့တဲ့ တူတစ်ချောင်းကြောင့်
နှစ်များစွာကြာမြင့်ချိန်မှာ ရေယာဉ်ဝမ်းဗိုက်ပေါက် နစ်မြုပ်ရတဲ့ ပုံဝတ္ထုတစ်ပုဒ်
ဖတ်ရဖူးပါတယ်။ အခုတော့ တမင် မဆင်မခြင် ကိုယ်ကျိုးရှာလုပ်ရပ်ကြောင့်
ဆုံးရှုံးနစ်နာရတာတွေကို ကြုံတွေ့နေရပါပြီ။
သူတို့လုပ်ရပ်ဟာ နိုင်ငံအတွက်
နစ်နာဆုံးရှုံးမှုကြီးမားနိုင်တဲ့ အန္တရာယ်ရှိနေပေမဲ့ သူတို့ခိုးရောင်းတဲ့ ပစ္စည်းကို
ဝယ်ယူသူက တန်ရာတန်ကြေးပေးဝယ်မှာ မဟုတ်တာ သေချာပါတယ်။ ခပ်ရိုင်းရိုင်းပြောရရင်
သူခိုးနွားကောင်း မသိ ဆိုသလိုပါပဲ။ ဒီလို အကျင့်မကောင်းတဲ့ ဝန်ထမ်းမျိုးကိုတော့
နောင်ကျဉ်အောင် ထိုက်ထိုက်တန်တန် အပြစ်ပေးအရေးယူသင့်ပါတယ်။
သွက်လက်ထက်မြက် ထိရောက်မြန်ဆန်တဲ့
အုပ်ချုပ်ရေးယန္တရားတစ်ခု ပုံမှန်လည်ပတ်နိုင်ဖို့ရာ ဝန်ထမ်းတွေ
အရည်အသွေးမြင့်မားဖို့နဲ့ ဝန်ထမ်းကျင့်ဝတ်တွေကို တိကျစွာ လိုက်နာဖို့ လိုအပ်ပါတယ်။
အကျင့်ပျက်ခြစားမှု ပပျောက်ရေး အရေးယူဆောင်ရွက်ရာမှာ ဝန်ထမ်းတစ်ဦးချင်းရဲ့
လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းနဲ့ မူလစိတ်အခြေခံ အကျင့်စာရိတ္တ အခြေအနေတို့ကို
ထည့်သွင်းစဉ်းစားပြီး ကိုင်တွယ်ဖြေရှင်းမှသာ မှန်မှန်ကန်ကန် အကျိုးသက် ရောက်မှု
ရှိနိုင်မှာဖြစ်ကြောင်း အကြံပြုတင်ပြလိုပါတယ်။
ဝင်းထွဋ်ပိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။