by SarPayLawKa (စာပေလောက) on Saturday, October 6, 2012 at 12:51am ·
စတုတ္ထမဏ္ဍိုင်လို့ အမွှမ်းတင် ပြောဆိုခြင်း ခံရတဲ့
မီဒီယာသမားတွေကို မျက်စိကြီး နားကြီးလို့ လူအများက ထင်မြင်ကြတယ်ဗျ။ သည်တော့
ကျွန်တော်တို့ကလည်း အထင်ကြီးခံရတာနဲ့ ထိုက်တန်အောင် လေ့လာမှုတွေ
မပြတ်လုပ်ကြရပါတယ်ဗျာ။ သိပ်ပြီး ဖရီးရိုက်နေလို့ မဖြစ်တော့ဘူးဗျ။
ခုတလော မြစ်ဆုံဆည် တည်ဆောက်ရေး
လုပ်ငန်းကို နိုင်ငံတော် သမ်္မတကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်ဆိုင်းလိုက်တဲ့
သတင်းထွက်လာပြီးချိန်မှာ သမ္မတကြီးကို ပြည်သူ့ အလွှာအသီးသီးက ၀ိုင်းဝန်းထောက်ခံ
အားပေးကြတာ ကြားသိနေရတယ်။ အဲဒီလို ထောက်ခံကြသူ အတော်များများက သမ္မတကြီးဟာ
ပြည်သူ့ဆန္ဒကို လေးစားပြီး တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်လိုက်တာပဲလို့
ပြောကြပါတယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပဲလို့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။
အဲဒီတော့ ကျွန်တော့် တူ တူမအရွယ်
မိတ်ဆွေအချို့က ခုအတိုင်းဆို ဒီမိုကရေစီ နိုင်ငံ ဖြစ်ပြီလားလို့
မေးခွန်းထုတ်လာကြတယ်ဗျာ။ ၈၈ လူထုလှုပ်ရှားမှုကြီးအတွင်း လှည်းနေလှည်းအောင်း
မြင်းဇောင်းမကျန် ပါဝင်လာကြတဲ့ ပြည်သူတွေ တစ်ခဲနက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေကို ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း
ပထမဆုံးအကြိမ်အဖြစ် အခုအချိန်မှာ စတင် အကောင် အထည်ဖော်နေပြီလို့တော့
ပြောနိုင်ကြောင်း ပြောလိုက်ပါတယ်။
ဒါဆိုရင် ဒီမိုကရေစီနိုင်ငံဆိုတာ
ဘယ်လိုဟာကို ခေါ်တာလဲ၊ အတိုဆုံး မှတ်သားလို့ရအောင် ဘယ်လို လေ့လာရမလဲလို့
မေးပါတယ်။
သည်တော့ ဒီမိုကရေစီစနစ်နဲ့
ပတ်သက်ဆက်နွှယ်နေတဲ့ စာအုပ်စာတမ်း စာစောင်တွေကို တတ်နိုင်သမျှ ဖတ်ရှုလေ့လာပြီး
မထုတ်လိုက်ရတဲ့ နိုင်ငံရေးသိပံ္ပ စာအုပ်တစ်အုပ် ရေးခဲ့ဖူးတဲ့ ကျွန်တော်က
ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာဖို့အတွက် မရှိမဖြစ် အခြေခံ အင်္ဂါရပ်ကြီး
ငါးခုအကြောင်း မှတ်စုတိုလေးကို ဖွင့်ဆို ရှင်းပြ လိုက်ပါတယ်။
၁။ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်
ပထမဆုံးအချက်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်
ဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ လွတ်လပ်အားကောင်းတဲ့ မီဒီယာကသာလျှင် ပြည်သူလူထုကို
သတင်းမှန်တွေ ပေးနိုင်မှာ ဖြစ်တယ်။ ပွင့်လင်းမြင်သာမှုကို အာမခံနိုင်မှာ ဖြစ်တယ်။
အာဏာရှင် စနစ်ဘက်ဆီသို့ နောက်ပြန် လျှောကျသွားမှုကို ကြိုတင်ဟန့်တား ကာကွယ်နိုင်မှာ
ဖြစ်တယ်။
၂။ လွတ်လပ်စွာ စုဝေးခွင့်
ဒုတိယ အင်္ဂါရပ်က လွတ်လပ်စွာ စုဝေးခွင့်။
အဲဒီအခွင့်အရေးရှိမှသာ နိုင်ငံသားများဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို
တွန်းအားပေးနိုင်ဖို့အတွက် လွတ်လပ်တဲ့ အသင်းအပင်း၊ အစည်းအရုံးများအတွင်း
စုဝေးစည်းရုံးနိုင်ကြမှာ ဖြစ်တယ်။ အဲဒီ ၀န်းကျင်မျိုး ရှိမှသာ ငြိမ်းချမ်းပြီး
သစ်္စာရှိတဲ့ အတိုက်အခံ အင်အားစု တစ်စုက နိုင်ငံသားတွေကို စစ်မှန်တဲ့ ရွေးချယ်စရာတွေ
ပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်ဗျ။
၃။ လွတ်လပ်တဲ့
ဈေးကွက်စီးပွားရေး
တတိယ အင်္ဂါရပ်က တကယ့်ကို အနှစ်သာရ လွတ်လပ်မှုရှိတဲ့
ဈေးကွက်စီးပွားရေး စနစ်တစ်ခု ဖြစ်တယ်ဗျ။ အဲဒီစနစ် ထွန်းကားမှသာ နိုင်ငံသားတွေရဲ့
တီထွင် ဖန်တီးနိုင်မှု စွမ်းအားတွေ ထွက်ပေါ်လာပြီး အဲဒီကတစ်ဆင့် စည်ပင်ဝပြောမှု၊
အခွင့်အလမ်းနဲ့ စီးပွားရေးအရ နိုင်ငံတော် အစိုးရအပေါ် မှီခိုအားထား နေရမှုတွေ
ထွက်ပေါ်လာမှာ ဖြစ်တယ်ဗျာ။
၎။ လွတ်လပ်တဲ့
တရားစီရင်ရေး
စတုတ်္ထအင်္ဂါရပ်က လွတ်လပ် အမှီအခိုကင်းတဲ့
တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး စနစ် ဖြစ်တယ်ဗျ။ လွတ်လပ်တဲ့ တရားရေးစနစ်အောက်မှာသာ
တရားဥပဒေစိုးမိုးမှု ရှင်သန် ထွန်းကားနိုင်မှာ ဖြစ်တယ်ဗျ။
၅။ လွတ်လပ်စွာ
ယုံကြည်ကိုးကွယ်ခွင့်
နောက်ဆုံး ပဉမအင်္ဂါရပ်ကတော့ လွတ်လပ်စွာ
ယုံကြည်ကိုးကွယ်ခွင့် ဖြစ်တယ်ဗျ။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ရှိမှသာ ဘာသာ
အယူဝါဒချင်း မတူသူတွေအကြား တစ်ဦးအပေါ်တစ်ဦး လေးစားရိုသေမှု ပေါ်ပေါက်လာနိုင်ပြီး
အဲဒီလေးစား ရိုသေမှုသည်သာ စာနာထောက်ထားမှုနဲ့ အရင်းခံ စိတ်ရှည်မှုတို့ ထွန်းကားရာ
လူ့အဖွဲ့အစည်း တစ်ခုကို တည်ဆောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်လို့
ဆိုကြတယ်ဗျ။
ဒီမိုကရေစီသာလျှင်
အခုအချိန်မှာ ကျွန်တော်တို့ ပြည်သူလူထုကြီးကလည်း
ဒီမိုကရေစီစနစ်သာလျှင် မိမိတို့ လိုလားတဲ့ နိုင်ငံရေးစနစ် ဖြစ်ကြောင်း အခိုင်အမာ
ပြောဆိုထားပြီဖြစ်သလို နိုင်ငံတော် အစိုးရကလည်း သူတို့ဟာ ပြည်သူတွေ လိုလားတဲ့
ဒီမိုကရေစီစနစ်ကို ဦးဆောင် အကောင်အထည်ဖော်ပေးမယ့် အစိုးရဖြစ်တယ်လို့ ကြေညာထားတာ
အားလုံးအသိ ဖြစ်တယ်ဗျ။ အဲဒီတော့ မြန်မာနိုင်ငံမှ ပြည်သူနဲ့ အစိုးရဟာ ရည်မှန်းချက်
တစ်ခုတည်းဆီသို့ ဦးတည် လျှောက်လှမ်းနေကြတဲ့ မိတ်ဖက်အင်အားစုကြီး နှစ်ခု
ဖြစ်နေကြပြီလို့ ပြောနိုင်နေပြီ ဖြစ်တယ်ဗျာ။
လက်တွေ့ မှတ်ကျောက်
စာရွက်ပေါ်ကနေ တူညီမှု လက်တွေ့နယ်ပယ်ထဲ တကယ်
ရောက်လာမလာ ဆိုတာကိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အခြေခံ အင်္ဂါရပ်ကြီး ၅ ခုနဲ့ပဲ
တိုင်းတာလို့ရမှာ ဖြစ်တယ်ဗျာ။ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ။ ပြည်သူတွေ
လွတ်လပ်စွာ စုရုံးခွင့် ရှိသလား။ အဲဒီပိုင်ခွင့်ကို ပြည်သူတွေ အသုံးပြုတဲ့အခါ
အစိုးရရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။ လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ်ကို တကယ်
ကျင့်သုံးသလား။ ဒါမှမဟုတ် အဲဒါကို ဟန်ပြကျင့်သုံးပြီး နောက်ကွယ်မှာ
ဆွေမျိုးမိတ်သင်္ဂဟ ကောင်းစားရေးဝါဒက လွှမ်းမိုးကြီးစိုးနေတုန်းပဲလား။ တရားရေး
စနစ်အပေါ် ငွေ သို့မဟုတ် အာဏာက လွှမ်းမိုးဖိစီးထားတာမျိုး ရှိသလား။ လူနည်းစု ဘာသာ
ဝင်တွေဟာ လူများစု ဘာသာဝင်တွေနဲ့ အခွင့်အရေး တန်းတူ ညီမျှမှု ရှိရဲ့လား။ အဲဒီ
အခွင့်အရေးတွေ လောလောဆယ်များ အပြည့်အ၀ မရသေးဘူး ဆိုရင်လည်း ရှေ့အလားအလာ ဘယ်လို
ရှိသလဲဆိုတာတွေကို မျှော်မှန်းတွက်ချက် ကြည့်နေရမှာ ဖြစ်တယ်ဗျ။
ရာစုနှစ် တစ်ဝက်ကျော်ကာလအတွင်း
အကျပ်အတည်းပေါင်းစုံ ကြုံတွေ့နေ ပေမယ့် ဒီကနေ့အထိ ကြံ့ခိုင်တောင့်တင်းတဲ့
ဒီမိုကရေစီ နိုင်ငံများအဖြစ် ငြိမ်းချမ်း စည်ပင်သာယာဝပြောစွာ ဆက်လက်
ရပ်တည်နေကြဆဲဖြစ်တဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို စစ်ထုတ် အနှစ်ချုပ်မှုကနေ
တွေ့ရှိထားတဲ့ အဲဒီဒီမိုကရေစီပေတံ ငါးချောင်းဟာ ကျွန်တော်တို့နိုင်ငံလို
ဒီမိုကရေစီစနစ်ကို ကြိုးပမ်းဖော်ဆောင်နေတဲ့ နိုင်ငံတစ်ခုအတွက် အသုံးတည့်မှာကတော့
အသေအချာပါပဲဗျာ။
၀၅ ၁၀ ၁၁
maungwuntha@gmail.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။