by ဂျူး - Ju on Thursday, October 11, 2012 at 10:28pm ·
အရေအတွက် အလွန်နည်းပါးလှသော စာပေမိတ်ဆွေသူငယ်ချင်း
လက်တဆုပ်စာထဲတွင် Ann Beattie ကို ကြိုက်သူ သုံးယောက်ရှိနေ၏။ ကျွန်မနှင့်
ဆိုလျှင်တော့ လေးယောက်ပေါ့။
အမျိုးသမီး
စာရေးဆရာတယောက်ကို အမျိုးသား စာရေးဆရာက တော်တော် လေးစား နှစ်သက်ဖို့ဆိုတာ
ရှားပါးပေမယ့် တယောက်သော American Journalist ကတော့ Ann Beattie ၀တ္ထုတိုများကို
အလွန်သဘောကျသည်။
ကျွန်မဖတ်သော နောက်ပိုင်းစာရေးဆရာများတွင်
ကျွန်မကြိုက်နှစ်သက်သူတွေ မနည်းပေမယ့် ကျွန်မ၏စိတ်ကို ယူငင်ဆွဲပစ်နိုင်သော ၀တ္ထုတွေက
နည်းပါးသည်။ ထိုဝတ္ထုတွေထဲတွင် Ann Beattie ၏၀တ္ထုတွေ ပါနေခဲ့သည်။ သူမ၏ ၀တ္ထုကို
ဖတ်ရသည့်အခါ ထိုဝတ္ထုသည် ကျွန်မအတွက် ရေးသားထားသလားဟု ထင်ရလောက်အောင် ကျွန်မကို
မိန်းမောစေခဲ့သည်။ သူမ၏ ဇာတ်ကောင်တွေ (မိန်းမ၊ ယောက်ျားရော) သည် ကျွန်မလိုပင်
အတွေးခေါင်ကြသည်။ ခံစားမှုထဲတွင် နစ်မျောတတ်၏။ အစွဲအလန်း ကြီးတတ်ကြ၏။ အတိတ်နှင့်
ပစ္စုပ္ပန်ကို ရောယှက် ပေါင်းစပ်လိုကြ၏။ ဒါတွေကြောင့်လည်း ကျွန်မသည်
သူ့ဇာတ်ကောင်တွေကို ရင်းရင်းနှီးနှီး တွယ်တာနေခဲ့သည်။
Ann Beattie ကို ကျွန်မ စ၍ သိရသည်မှာ
အမေရိကန်စာရေးဆရာများ၏ ၀တ္ထုတိုပေါင်းချုပ်များမှာ ပါဝင်တတ်သော တပုဒ်စ နှစ်ပုဒ်စ
ဝတ္ထုတိုကလေးများ ဖြစ်သည်။ နောက်တော့ ကံအားလျော်စွာ သူမ၏ ၀တ္ထုတို ပေါင်းချုပ်
စာအုပ်တအုပ် Where You'll Find Me ကို ရသည်။ ထိုဝတ္ထုတိုများကို ဖတ်ပြီးနောက် သူမသည်
ကျွန်မ၏ ကိုယ်ပွါးသဖွယ် ခံစားရသည်။ နောက်ပိုင်းကျမှ သူမ၏ နာမည်ကြီးလှသော
လုံးချင်းဝတ္ထု Chilly Scenes of Winter ကို ဖတ်ရပါသည်။ ထိုဝတ္ထုကို
ကျွန်မသုံးလေးကြိမ် ပြန်ဖတ်မိသည်။ ဇာတ်လမ်းဇာတ်ကွက် ကောင်းလွန်းလို့ဟု မထင်စေလိုပါ။
ဇာတ်လမ်းက ဘာဆို ဘာမျှမရှိပါ။ ထိုဝတ္ထုထဲက ဇာတ်ကောင်တွေက ကျွန်မ၏ အိမ်နီးချင်း
လူသားများပမာ လူပီသလှသောကြောင့် ဖြစ်ပါသည်။
Chilly Scenes of Winter ၀တ္ထုတွင် အဓိကဇာတ်ကောင်
၆-ယောက် ပါဝင်သည်။ ထို ၆- ယောက်ထဲမှ ပို၍ အဓိကကျသူ နှစ်ယောက် ရှိသည်။ Charles နှင့်
Sam ဟူသော လူရွယ်နှစ်ယောက်ဖြစ်သည်။ ဇာတ်ကောင် အားလုံးသည် အပြင်မှာ တွေ့နေကျ၊ သာမန်
လူသားများအတိုင်း ဖြစ်သည်။ ဆင်းရဲနွမ်းပါးလှသူများ မဟုတ်ကြသလို၊
ချမ်းသာကြွယ်ဝသူများလည်း မဟုတ်ကြ။ လူနေမှုစနစ်၏ ဒုက္ခထဲမှာ သူတို့ကိုယ်သူတို့
ရုန်းရင်းကန်ရင်း ဘ၀ကို မောင်းနှင်နေကြသူများ ဖြစ်သည်။
Charles က အလွန် ချစ်စရာကောင်းပြီး သူတပါးကို
ကူညီတတ်သူ၊ Sam က ဘွဲ့ရ အလုပ်လက်မဲ့ (လောလောဆယ်) သူ့ခွေးကြီးကို အလွန်ချစ်ခင်
တွယ်တာလျက်၊ ခွေးသေဆုံးသွားသောအခါ ရဲဘော်ရဲဘက် တယောက် ဆုံးရှုံးသလို ခံစားရသူ၊ ဘ၀မှာ
နာကျင်ရသူ။ Charles ၏ မိခင် ကလော်ဒီယာက သားသမီးတို့၏ ဖခင် ကွယ်လွန်သည့်အခါ
စိတ်ကျဝေဒနာ ခံစားရပြီး နောက်အိမ်ထောင်ပြုသော်လည်း ဝေဒနာကို ပျောက်အောင်
မဖယ်ထုတ်နိုင်သူ၊ ကလော်ဒီယာ၏ နောက်အိမ်ထောင် ပိ(တ်) Pete သည် ကလော်ဒီယာအား
ချစ်ခင်ယုယစွာ ပြုစုစောင့်ရှောက်သူ၊ မယားပါသားအား တူသားသဖွယ် ခင်မင်တွယ်တာသူ၊
သာမန်ဝန်ထမ်းတယောက်၊ ချားလ်စ် ၏ နှမ ဆူဆန်သည် တက္ကသိုလ်ကျောင်းသူ သို့သော် ဘာကိုမျှ
အလေးအနက်မရှိဘဲ လမ်းစပျောက်နေသူ ဖြစ်သည်။ ချားလ်စ် နှင့် ဆူဆန် အမြင်ချင်းမတူကြ။
ဆူဆန်သည် ဒေးလ်ကာနယ်ဂျီကို မသိ။ မဖတ်ဖူးရုံမျှမက၊ မကြားဖူး။ ဆူဆန်သည် သူမ၏ ချစ်သူ
(ချားလ်စ်က Gay ဟု ထင်မိသူ) အား လက်ထပ်လိုသည်။ သို့သော် သူမကစ၍ လက်ထပ်ဖို့ပြောရမှာ
ခက်နေသည်။ ဆူဆန့်အကို ချားလ်စ်က "ဘာဖြစ်လဲ နင်က စပြောလိုက်ပေါ့" ဟု
အကြံပေးသည်။
Charles ကိုယ်တိုင်ကလည်း အိမ်ထောင်ရေး
အဆင်မပြေသည့် အိမ်ထောင်ရှိ အမျိုးသမီး Laura အား စွဲလမ်းတွယ်တာနေသည်။ သူ့အဖြစ်မှာ
ရှေ့ဆက်လည်း မတိုးသာ၊ နောက်လည်း မဆုတ်သာ ဖြစ်နေသည်။သူတို့အားလုံးသည်
အမေရိကန်မြို့တော်ကြီးတမြို့တွင် နေထိုင်ရင်း လူမှုရေးဝေဒနာ၊ စီးပွါးရေးဝေဒနာ များ
ခံစားနေရသူများ ဖြစ်သည်။ တခါတခါ အူကြောင်ကြောင်အတွေးများတွေးမိ၊ ပြုမူမိတတ်သည်။
တခါတရံ သူတပါးအား ကူညီကာ သူတပါး၏ဝေဒနာကို မျှဝေခံစားရင်း စိတ်လက်ကြည်နူး
ချမ်းမြေ့ကြသည်။
ချားလ်စ်နှင့် ဆူဆန်၏ မိခင် ကလော်ဒီယာသည် သူမ၏
ဘ၀အချိန်အတော်များများကို ရေချိုးကြွေကန် (Bath Tub) ထဲတွင် စိမ်ရင်း
ကုန်လွန်စေသည်။ သူမဘ၀၏ ချမ်းသာသုခမှာ ရေဖြည့်ထားသော ရေချိုးကြွေကန်ပဲ ဖြစ်သည်။
ကလော်ဒီယာကို ကျွန်မ နားလည် စာနာနိုင်ပါသည်။
အကယ်၍သာ ထိုဝတ္ထုကို ကျွန်မ အသက်ငယ်စဉ်က ဖတ်ရလျှင်
ကလော်ဒီယာအား ယခုလောက် နားလည်မိမည် မထင်။ ယခုတော့ ကျွန်မသည် "တကိုယ်ရေ တိတ်ဆိတ်စွာ
လွတ်မြောက်ရာ ရှာခြင်း" ဟူသော ဘာသာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီးပြီ။
ကိုယ်ရေးကိုယ်တာတွေ၊ လူမှုရေးဝန်တွေ၊
စီးပွါးရေးသောကတွေ အားလုံးကို မေ့ထားပြီး ရေ အပြည့် ဖြည့်ထားသည့် ရေချိုးကန်ထဲတွင်
စိမ်နေရသည့်အရသာသည် ဘယ်လောက်ပေါ့ပါးလွတ်မြောက်လိုက်ပါသလဲ။ ပူနွေးလှသည့် ရေဆိုလျင်
တကိုယ်လုံး စိတ်တင်းကျပ်မှုသာမက ကိုယ်ခန္ဓာတင်းကျပ်မှုတွေပင် လျော့သွားနိုင် သေးသည်။
ရေနွေးကန်ထဲမှာ ရေစိမ်နေရင်းက ဂီတကို နားထောင်နိုင်သေးသည်။ ဘေးနားမှုာ
ခုံပုကလေးတလုံး ချပြီး ၀ိုင်ဖန်ခွက်ကလေးတင် ထားလိုက်၊ ဂီတနှင့် ၀ိုင်ကို အတူတွဲ
သောက်နိုင်သေးသည်။ အစစအရာရာကို မေ့ထားလိုက်။
ကျွန်မသည် ကိုယ့်ကိုယ်ကို အားမရတိုင်း၊
ပတ်ဝန်းကျင်ကို စိတ်ပျက်တိုင်း (အခုတလော) Chilly Scense of Winter ကို ကြုံသည့်
စာမျက်နှာမှ လှန်လှောကာ ဖတ်မိသည်။
ဝတ္ထုထဲက ဇာတ်ကောင်တွေသည် ရိုးစင်းစွာ တွေးပြီး
သာမန်လူသားတွေအဖြစ် ရောင့်ရဲ ကျေနပ်စွာ နေကြသည်။ နောက်ဆယ်နှစ်မှာ ဘာဖြစ်ရမည်ဟူသော
ရည်မှန်းချက်မရှိ။ ဒါကြောင့်လည်း သူတို့သည် ဘ၀ကို အရသာရှိရှိ မြည်းစမ်းခွင့်
ရနေခြင်း ဖြစ်နိုင်သည်။ ကိုယ်အသက်ရှင်နေသမျှ ကိုယ်တတ်နိုင်သလောက် လုပ်ပေးလိုက်၊
မတတ်နိုင် သောအရာကို ခေါင်းထဲက ဖျောက်ထားလိုက်။ ဒုက္ခတွေကို အရည်ဖျော်ကာ
သောက်ချလိုက်၊ မီးခိုးထဲမှာ ထည့်မှုတ်ပစ်လိုက်။ အဲဒါ သူတို့၏ ဘ၀ပဲ။
သူတို့သည် စကားကြီးစကားကျယ်တွေ မပြော။
တိုင်းပြည်အတွက်၊ လူမျိုးအတွက် ဘာညာ ဘာရည်မှန်းချက်မျှ မရှိ။ လူမှုဒုက္ခ
ရေစီးကြောင်းထဲမှာ သက်သက်သာသာလေး လိုက်ကြသည်။ ကိုယ်မနိုင်သော ၀န်ကို ထမ်းပိုးမနေပဲ
လွှတ်ချပစ်ခဲ့သည်။ ဘယ်လောက်များ စိတ်သက်သာလိုက်မလဲ။
သူတို့၏ နေ့စဉ်ဘ၀သည် ကျွန်မ၏ နေ့စဉ် ဘ၀လိုပါပဲ။
မျှော်လင့်ချက် အကြီးအကျယ်မရှိ၊ ထူးခြားဆန်း သစ်မှု ဘာမျှမရှိ။ သည်နေ့အတွေ့အကြုံသည်
မနေ့ကအတိုင်းပဲ။ မနက်ဖြန် အတွေ့အကြုံ သည်နေ့အတိုင်းပဲ ဖြစ်သည်။
သူတို့၏ ပတ်ဝန်းကျင်သည် ကျွန်မ၏ ပတ်ဝန်းကျင်လိုပင်
နှစ်ဘယ်လောက်ကြာကြာ ဘာမျှမပြောင်းလဲ သော ပတ်ဝန်းကျင်ဖြစ်သည်။ စာပေအနုပညာမှာ
နစ်မျောချိန် မရှိ။ အလုပ်ကအပြန် ညစာပြင်ဆင်စားပြီးနောက် ရသမျှအချိန်ကလေးမှာ
ဘီယာစတေရှင်ကလေးသွား၊ ဂီတအရသာနှင့် ဘီယာအရသာကို ခံစား။ ညဆယ်နာရီ ဆယ့်တနာရီကျတော့
အိမ်ပြန်သင့်ပြီဟု ဆုံးဖြတ်ကာ အိမ်ပြန်ကြ။ အိမ်အပြန်မှာ လမ်းမကြုံပါပဲနှင့်
မိမိအချစ် ဟောင်းနေထိုင်သော တိုက်ခန်းကလေး တခုရှေ့မှာ ကားကို ဖြည်းဖြည်းလေး
ဖြတ်မောင်းပြီး ချစ်သူအခန်းက မီးရောင်ကို မျှော်ကြည့်။ အိမ်ပြန်အိပ်၊ နောက်တနေ့
အလုပ်သွား၊ အဲသည် သံသရာသည် ကျွန်မနှင့် ကျွန်မ၏ အနီးက လူများ၏ သံသရာအတိုင်း
ဖြစ်သည်။
သူတို့၏ အလုပ်သည် ကျွန်မတို့ အလုပ်လိုပင်
ထူးခြားတိုးတက်မှု မရှိ။ မမျှော်လင့်ဘဲ ငွေရလမ်း မရှိ။ ကိုယ်အသည်းအထန် ကြိုးစားမှ
စားဝတ်နေရေး ပြေလည်ရုံပဲ ရှိသည်။ အတူတူပါပဲ။
တခုပဲ ကွာခြား၏။
သူတို့က ပျော်ရွှင်သည်။
ဒါကြောင့်လည်း Chilly Scences of Winter ကို
ကျွန်မကြိုက်သည်။
ဂျူး
[စာအုပ်လောက၊ ၂၀၀၀ပြည့်နှစ်၊ ဒီဇင်ဘာလမှာ
ကူးယူဖော်ပြပါတယ်။]
Typing Credit to :U Aye Win@
MayaonlineMagazine.blogspot.com
မှတ်ချက်။ Chilly Scenes of Winter ကို ဒါရိုက်တာ
Joan Micklin Silve က 1979 တွင် Head Over Heels အမည်ဖြင့်
ရုပ်ရှင်ရိုက်ကူးခဲ့ပါသည်။
သူတို့သည် စကားကြီးစကားကျယ်တွေ မပြော။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် ဘာညာ ဘာရည်မှန်းချက်မျှ မရှိ။ လူမှုဒုက္ခ ရေစီးကြောင်းထဲမှာ သက်သက်သာသာလေး လိုက်ကြသည်။ ကိုယ်မနိုင်သော ၀န်ကို ထမ်းပိုးမနေပဲ လွှတ်ချပစ်ခဲ့သည်။ ဘယ်လောက်များ စိတ်သက်သာလိုက်မလဲ။----
ReplyDeleteဒီစာသားလေးမြင်မိတာနဲ့ပဲ အစအဆုံးဖတ်ဖြစ်လိုက်တာပါ
ခင်မင်တဲ့ sis jasmine