ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၁၁)
#ရည်မှန်းချက်ပန်းတိုင်_ရေးဆွဲခြင်း
ဘောလုံးပြိုင်ပွဲတစ်ခုရဲ့ နောက်ဆုံးဗိုလ်လုပွဲ မကစားခင်မှာ ယှဉ်ပြိုင်ကြမယ့် အသင်း ၂ သင်းဟာ ပွဲကြည့်ပရိသတ်ရှေ့မှောက် ဘောလုံးကွင်းထဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်ကြတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ဘောလုံးအပေးအယူ ဆော့ကစားကြတယ်။ ဂိုးပေါက်တွေထဲကို ဘောလုံးတွေ ကန်သွင်းလေ့ကျင်ကြတယ်။ လေ့ကျင့်ပြီးတာနဲ့ ၂ သင်းစလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ အဝတ်လဲခန်းတွေဆီကို သွားကြတယ်။ အဝတ်လဲခန်းထဲ ရောက်လာတဲ့ အသင်းကို သက်ဆိုင်ရာ နည်းပြဆရာက အခုလို မှာကြားတယ်။
“မင်းတို့အတွက် ဒါဟာ နောက်ဆုံးပွဲမို့ ရေကုန်ရေခန်း ကစားကြပါ။ လက်ထပ်ပွဲပြီးသွားတဲ့အခါမှာ သတို့သားအရံရဲ့ နာမည်ကို ဘယ်သူမှ မမှတ်မိကြတော့သလို မင်းတို့အသင်း ဒုတိယပဲ ရရင် နောက် ၆ လကြာတဲ့အခါ မင်းတို့အသင်းကို လူတွေ မှတ်မိကြမှာ မဟုတ်တော့ဘူး။ ဒါကြောင့် အသေအလဲ ကစားကြပေတော့။ ဟုတ်ပြီလား”
ကစားသမားတွေ အားလုံးကလည်း “ဟုတ်တယ်” လို့ သံပြိုင်အော်လိုက်ကြပြီး ကစားမယ့် ဘောလုံးကွင်းထဲကို စိတ်ဓါတ်တက်ကြွစွာနဲ့ ပြေးထွက်သွားကြတယ်။
သူတို့ ကွင်းထဲလည်း ရောက်ရော ဘာလုပ်ရမှန်းမသိ ယောင်ကန်းကန်း
ဖြစ်ကုန်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးကွင်းတဖက်တချက်စီမှာ ရှိကြတဲ့
ဂိုးတိုင် ၂ ခုစလုံး ပျောက်နေကြတယ်။ ဂိုးတိုင်တွေဟာ ရှိရမယ့်နေရာမှာ
မရှိကြတော့ဘူး။ ဖြုတ်ပြီး သိမ်းထားလိုက်လို့ပါ။ ကစားသမားတွေဟာ
ဒိုင်လူကြီးနား ဝိုင်းအုံလိုက်ကြပြီး ဂိုးတိုင်မရှိဘဲနဲ့
ဘယ်လိုကစားရမလဲလို့ ဒေါသတကြီးနဲ့ မေးကြတယ်။ ဂိုးပေါက်မရှိလို့
ကန်သွင်းလိုက်တဲ့ ဘောလုံးဟာ ဂိုးဝင် မဝင် ဘယ်သိနိုင်ပါ့မလဲ။ ဂိုးဝင်၊ မဝင်
မသိရရင် ဘယ်အသင်းက ဘယ်နှစ်ဂိုးရတယ်ဆိုတာကို မသိနိုင်လို့ ဘယ်အသင်း
အနိုင်ရတယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်ရမလဲတဲ့။ မှန်ပါတယ်။
ဘောလုံးပြိုင်ပွဲတစ်ခုမှာ ဂိုးဟာ အရေးကြီးတယ် မဟုတ်လား။ ထိုနည်းတူပဲ
လူတွေရဲ့ ဘဝမှာ ဂိုးတိုင်နဲ့ တူတဲ့ ရည်မှန်းချက်ပန်းတိုင် (Goal)
ရှိဖို့ဆိုတာ အရေးကြီးပါတယ်။
ရည်မှန်းချက်ပန်းတိုင်ဆိုတာ မိမိဘာဖြစ်ချင်တယ်၊ ဘာတွေကို ပြီးမြောက်အောင် ဆောင်ရွက်ချင်တယ်ဆိုတာကို ပြောတာပါ။ အောင်မြင်ကြီးပွားချင်သူတိုင်းဟာ ရည်မှန်းချက်ပန်းတိုင် ရှိရပါမယ်။ နောက် ၁၀ နှစ်အကြာမှာ ဆရာဝန် ဖြစ်ရမယ်။ အင်ဂျင်နီယာ ဖြစ်ရမယ်။ လုပ်ငန်းရှင်ကြီး ဖြစ်ရမယ် အစရှိသဖြင့်ပေါ့။ ရည်မှန်းချက်ပန်းတိုင်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူကြမှာ မဟုတ်ပါဘူး။
ရည်မှန်းချက်ပန်းတိုင် မထားသူ၊ မရှိသူဟာ ဘာနဲ့တူသလဲဆိုတော့ ကားတစ်စီးကို အိမ်ခြံဝင်းထဲက မောင်းထွက်လိုက်တယ်။ လမ်းမပေါ် ရောက်တော့ ဘယ်သွားရမှန်း မသိတာနဲ့ ရောက်ချင်ရာရောက်ဆိုပြီး ကားကို လျှောက်မောင်းလိုက်တယ်။ သူ အဲဒီလို လုပ်လိုက်လို့ သေချာပေါက် ဖြစ်လာမှာ တစ်ခု ရှိပါတယ်။ အဲဒါက ရောက်ချင်ရာကို ရောက်သွားလိမ့်မယ်။ သို့မဟုတ် တခြားကားတစ်စီးနဲ့ တိုက်မိလိမ့်မယ်။ ဒါမှမဟုတ် ကားဟာ ချောက်ထဲ ထိုးကျသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ ရလာဒ်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဝန်ထမ်းတစ်ယောက်ဟာ နေ့စဉ် ရုံးကို မနက် ၉ နာရီသွားပြီး ညနေ ၅ နာရီမှာ ပြန်လာတယ်။ ဘာ ရည်မှန်းချက်ပန်းတိုင်မှ မထားဘူး။ အလုပ်ကို ကြိုးစားလုပ်ဖို့တို့၊ ရာထူးတိုးဖို့တို့လည်း စိတ်မဝင်စားဘူး။ သူဟာ အလုပ်ဆက်လုပ်နေအုံးမယ်ဆိုရင် လက်ရှိရာထူးကနေ ထပ်တက်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းအတော်များများဟာ အဲဒီလို များကြပါတယ်။ နေ့စဉ် အပေါ်က ခိုင်းတာကိုပဲ တာဝန်ကျေ လုပ်နေကြတယ်။
သင်ကတော့ အဲဒီလို လူစားထဲမှာ မပါပါဘူး။ ဘာကြောင့် ခုလို ပြောနိုင်ရတာလဲဆိုတော့ သင်ဟာ ဒီစာကို ဖတ်နေလို့ပါ။ သင့်မှာ ကြီးပွားချမ်းသာချင်စိတ် ရှိနေလို့ပါ။ သင်ဟာ ကြီးပွားချမ်းသာချင်စိတ်၊ ဘဝမှာ တိုးတက်ချင်စိတ် မရှိဘူးဆိုရင် ဒီစာကိုဆုံးအောင် ဖတ်ကြည့်မှာ မဟုတ်ပါဘူး။
အခုလောက်ထိ အရှည်ကြီး ရှင်းပြခဲ့တာဟာ လူဟာ ဘဝမှာ တိုးတက်ဖို့ အောင်မြင်ကြီးပွားဖို့ ရည်မှန်းချက်ပန်းတိုင်ဆိုတာ မရှိမဖြစ် လိုအပ်တယ်ဆိုတာကို သိစေချင်တာပါ။ ဟုတ်ပါပြီ။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ အရေးကြီးတယ်၊ လိုလည်းလိုအပ်တယ်ဆိုတာကို လက်ခံပါပြီ။ ဒါပေမယ့် ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လို ချမှတ်ရမှာလဲ။ မခက်ပါဘူး။ နည်းသိရင် လူတိုင်း လုပ်လို့ ရပါတယ်။
စာရွက်တစ်ရွက်ပေါ်မှာ ဒီနေ့ အရေးတကြီး လုပ်ရမယ့် အလုပ်တွေကို တန်းစီချရေးလိုက်ပါ။ ဥပမာ - ဒီနေ့ ကျောင်းက ပေးလိုက်တဲ့ စာတွေပြီးအောင် လုပ်ရမယ်။ ကားရေဆေးရမယ်။ ကွန်ပျူတာမှာ အီးမေးတွေ ဖတ်ကြည့်ရမယ်။ ၄ နာရီမှာ ကလေးကျောင်းကြိုရမယ်။ ရေဖိုး မီးဖိုး သွားဆောင်ရမယ် စသဖြင့် မလုပ်လို့ မဖြစ်တာတွေကို ချရေးလိုက်ပါ။ ဒီအလုပ်တွေက အမြဲလုပ်နေတာတွေပါ။ စာရွက်ပေါ်မှာ ချရေးစရာ မလိုပါဘူး။ ခေါင်းထဲမှာ အလွတ်ရနေပါတယ်။ ဒီလို စာရွက်ပေါ်မှာ ရေးခိုင်းတာနဲ့ ရည်မှန်းချက်ပန်းတိုင်ချဖို့ဆိုတာနဲ့ ဆိုင်လို့လားကွာလို့ ပြောချင်ပါလိမ့်မယ်။ အရမ်းကို သက်ဆိုင်နေလို့ ပြောပြနေတာပါ။ ဆက်ဖတ်ကြည့်လိုက်ပါ။
အလုပ်တစ်ခု လုပ်ပြီးသွားတိုင်း စောစောက စာရွက်ပေါ်မှာ ချရေးထားတဲ့ အလုပ်တွေစာရင်းထဲကနေ အဲဒီအလုပ်ကို လုပ်ပြီးကြောင်း မျဉ်းသားခြစ်ပစ်လိုက်ပါ။ အဲဒီလို လုပ်လိုက်တဲ့အတွက် သင့်မှာ အကျိုး ၂ ခု ခံစားရပါလိမ့်မယ်။ ပထမအကျိုးကတော့ လုပ်ရမယ့်အလုပ်ကို မေ့ပြီး မလုပ်မိတာမျိုး မဖြစ်တော့ဘူး။ ဒုတိယအကျိုးက ပြီးသွားတဲ့ အလုပ်တွေကို စာရွက်ပေါ်မှာ ခြစ်ပစ်ရင်းနဲ့ အလုပ်အတော်များများကို လုပ်ပြီးသွားပါလားဆိုတဲ့ အသိကြောင့် ၀မ်းသာပြီး စိတ်အားတက်လာလိမ့်မယ်။ အဲဒီလို အားတက်လာမှုကြောင့် နောက်ရက်တွေမှာလည်း လုပ်ရမယ့်အလုပ်တွေကို ချရေးပြီး လုပ်ချင်စိတ်ပေါ်လာလိမ့်မယ်။ ရက်၊ လ ကြာလာရင် အဲဒီလို စာရွက်ပေါ်မှာ ချရေးပြီး မလုပ်ရင် မနေတတ် မထိုင်တတ် ဖြစ်လာလိမ့်မယ်။
ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်တယ်ဆိုတာ အခုပြောပြခဲ့တဲ့ အလုပ်တွေကို စာရွက်ပေါ်မှာ ချရေးတာနဲ့ ဆင်တူပါတယ်။ စာရင်းလုပ်ရမှာပါ။ ဒါပေမဲ့ စာရင်းကတော့ နေ့စဉ်လုပ်နေတဲ့ အလုပ်စာရင်းတော့ မဟုတ်ပါဘူး။ ဥပမာပုံစံတစ်ခုနဲ့ ရှင်းပြပါမယ်။
နောက် ၁၀ နှစ်မှာ ကြီးပွားချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက် ဖြစ်ချင်တယ်ဆိုပါစို့။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ အတိအကျမဟုတ်တောင် ခုလို ဖြစ်နေရမှာပါ။
၆ လ အတွင်း - စီးပွားရေးလုပ်ငန်းနဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်ရန်၊ စီးပွားရေးသမားတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မေးမြန်းဆည်းပူးရန်
၁ နှစ်အကြာ - လက်ရှိအလုပ်မှ နူတ်ထွက်ရန်
၁ နှစ်ခွဲအကြာ - စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ ဘဏ် (သိုမဟုတ်) မိတ်ဆွေတွေဆီက ငွေချေးရန်
၂ နှစ်အကြာ - ကုမ္ပဏီ မှတ်ပုံတင်ရန်၊ ရုံးခန်းငှားရန်၊ ဝန်ထမ်းများ ခန့်ထားရန်၊ လိုအပ်သော ကား၊ ရုံးသုံးပရိဘောဂ၊ ကွန်ပျူတာ စတာတွေကို ဝယ်ရန် (သို့မဟုတ်) ငှားရန် စသဖြင့်
၁၀ နှစ်အကြာ - (xxxx ခုနှစ် xxလ) - ငွေကျပ်သိန်းတစ်သောင်း ပိုင်ဆိုင်မှု ရှိသော လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာရန်
ယနေ့ ကမ္ဘာပေါ်မှာ အောင်မြင်ကြီးပွားချမ်းသာနေသူများဟာ အခုလို ရည်မှန်းချက်ပန်းတိုင်များ ချမှတ်လုပ်ဆောင်ခဲ့ကြသူတွေချည်းပဲဆိုတာကို သိထားစေချင်ပါတယ်။ သူတို့ဟာ ကံကောင်းလို့ ပြေါ့ပေါ့နေပေါ့ပေါ့စားရင်း ကြီးပွားချမ်းသာလာကြသူများ မဟုတ်ကြပါ။
နောက်ဆုံးအနေနဲ့ အန်ထော်နီရော်ဘင်ရဲ့ စကားလေးကို ဖေါ်ပြပေးချင်ပါတယ်။ “ရည်မှန်းချက်ပန်းတိုင်ဆိုတာ မမြင်ရတာကို လက်တွေ့ဖြစ်လာအောင် လုပ်ပေးခြင်းပါပဲ။
ဗန်းမော်သိန်းဖေ
၂၁-၀၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။