ကြီးကျယ် ခမ်းနားတဲ့ ခေါင်းဆောင်တွေဟာ အခက်အခဲ ကြုံနေရတဲ့ အချိန်မျိုးတွေမှာ ပေါ်ထွက်လာလေ့ ရှိပါတယ်။ အမေရိကန် ပြည်တွင်းစစ်လို အနေအထားမျိုးက အေဗရာဟင်မ်လင်ကွန်းကို သမိုင်းဝင် လူပုဂ္ဂိုလ် ဖြစ်လာစေခဲ့တယ်။ တိုင်းတစ်ပါးလက်အောက် ရောက်နေရတဲ့ တိုင်းပြည် အခြေအနေက ကိုအောင်ဆန်းကို လွတ်လပ်ရေးဖခင်အဖြစ် ပေါ်ထွက်လာစေခဲ့ပါတယ်။
အဲဒီလို ခက်ခဲတဲ့ အနေအထားမျိုးတွေ ကြုံရတာချင်း အတူတူ တချို့က နေသာသလို နေခဲ့ကြတယ်။ တချို့က ရှောင်ပုန်းနေကြတယ်၊ တချို့ကတော့ ဘယ်သူကမှ လာမပေး လည်း အဲဒါကိုယ်ယူရမယ့် ကိုယ့်တာဝန်လို့ ယူဆပြီး လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းတယ်၊ ကြိုတင် ပြင်ဆင်တယ်။ ပြီးတော့ အပြောင်းအလဲကို ရယူခဲ့ကြပါတယ်။
အခွင့်အရေးတိုင်းမှာ အခက်အခဲဆိုတာ ရှိတတ်သလို၊ အခက်အခဲတိုင်းမှာလည်း အခွင့်အရေးက ရှိနေတတ်ပါတယ်။ တွေ့အောင် ရှာတတ်ဖို့သာ လိုတာပါ။ ကိုယ်ဘယ်လို ခံယူချက် ထားသလဲ ဆိုတာကပဲ အောင်မြင်မှာလား ရှုံးနိမ့်မှာလား ဆိုတာကို အဓိက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲ တစ်ရပ်ကို ရယူတဲ့အခါမှာ ကျွန်တော်တို့တွေရဲ့ အကောင်းမြင်စိတ်က တော်တော်လေး အရေးပါ ပါတယ်။ အရင်ကလည်း အကောင်းမြင်စိတ်ရဲ့ စွမ်းအားအကြောင်းကို စာအုပ်တွေထဲ ဖတ်ခဲ့ဖူးပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်ရဲ့ ဝေးလံ ခေါင်ဖျား ဒေသတွေမှာ အလုပ်လုပ်ရတော့မှပဲ ကိုယ်တိုင် တွေ့ကြုံခဲ့ရတော့တယ်။
ချင်းပြည်နယ် တောင်တန်း ဒေသတွေမှာ အလုပ်လုပ်နေကြတဲ့ ကျွန်တော်တို့ကြားထဲ မကြာမကြာ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။
Expect the unexpected (မျှော်လင့်မထားတဲ့ အရာတွေကို အမြဲတမ်း မျှော်လင့်ထားပါ) ဆိုတဲ့ စကားပါ။
ဒီနေ့မနက် ၇ နာရီ စထွက်လို့ ည ၁၁ နာရီလောက်တော့ ရောက်သွားလိမ့်မယ် တစ်ထစ်ချ တွက်ထားလို့ မရဘူး။ လမ်းမှာ ကားဘီးကျွတ်ထွက်ပြီး ပြန်တောင် ပြင်မရတော့လို့ မြေသယ်တဲ့ ကားတွေနဲ့လည်း လမ်းကြုံလိုက်ချင် လိုက်ရမယ်၊ လမ်းက ကြုံတဲ့တစ်နေရာမှာ ည၀င်အိပ်ချင်လည်း အိပ်ရမယ်၊ ချောင်းရေလျှံလို့၊ တံတားကျိုးသွားလို့ ကားတွေ ဆက်သွားမရတော့ဘဲ နောက်ပြန် လှည့်လာရတာမျိုးလည်း ဖြစ်နိုင်တယ်။ ပိတ်မိချင်လည်း ပိတ်မိနေနိုင်တယ်။ ဒီလိုစိန်ခေါ်မှုတွေ များလှတဲ့ အနေအထားမှာ လုပ်ဖို့ လိုလာတာက “ကြိုတင်ပြင်ဆင်မှု” ပါ။
ငါးရက်ပဲ ကြာမယ်ဆိုပေမယ့် တစ်ပတ်စာလောက် အ၀တ်အစားတွေ ထည့်သွားရတယ်။ လမ်းမှာများ မတော်တဆ ကြန့်ကြာနေခဲ့ရင် စားဖို့ မုန့်ထုပ်လေးတွေ၊ အရေးပေါ် ဆေးဝါးတွေ ဆောင်ထားရတယ်။ ချင်းတောင် တက်တော့မယ်ဆို ရုံးချုပ်ကို အကြောင်းကြားသွားရတယ်၊ အိမ်ကို အသိပေး သွားရတယ်။ ဒီလိုတွေ ကြိုတွေး မထားဘဲ ဘာမှ ပြင်ဆင်မထားရင်တော့ အကြီးအကျယ် အခက်တွေ့ သွားလိမ့်မယ်။
အဲဒါထက် ပိုအရေးကြီးတဲ့ နောက်တစ်ခုက “အကောင်းမြင်စိတ်ဓာတ်” လမ်းမှာ သွားနေရင်းနဲ့ ကားဘီး ပေါက်သွားလို့ဆိုပြီး ကားဆရာကို အပြစ်ထိုင်တင်နေလို့ မရဘူး။ ချင်းတောင်တက်လမ်းတွေ ဖြောင့်ဖြူးနေရင် ဘယ်လောက် ကောင်းလိုက်မလဲ စိတ်ကူးယဉ်နေလို့လည်း မရဘူး။ လက်တွေ့ အလုပ်ဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာကိုပဲ အာရုံစိုက်ကြရတယ်။ လိုတဲ့နေရာ နိုင်သလောက်ဝိုင်းကူ ပေးကြရတယ်။ ဗွက်တောထဲ ကားဆင်းတွန်းသင့်ရင်လည်း တွန်းပေးရမယ်၊ ဘီးလဲတဲ့နေရာ ၀င်ကူသင့်လည်း ကူရမယ်။ အပြစ်ပဲ ထိုင်တင်နေမယ်၊ ဘယ်လိုဖြစ်ရင် ကောင်းမှာဆိုပြီး စိတ်ကူးတွေပဲ ယဉ်နေမယ် ဆိုရင်တော့ ကိုယ်တွေသွားမယ့် ခရီးက ပိုကြန့်ကြာသွားဖို့ပဲ ရှိပါတယ်။
မကြာခင် ရောက်လာတော့မယ့် ရွေးကောက်ပွဲမှာလည်း အဲဒီအတိုင်းပါပဲ။
တဖြည်းဖြည်း မဲပေးဖို့ရက် နီးလာတာနဲ့အမျှ ကျွန်တော်တို့ ပြည်သူတွေလည်း သတိထားဖို့ လိုပါတယ်။ Expect the unexpected ပါ။ သွားသမျှနေရာ ရဲရဲနီပေမယ့် မျှော်လင့်မထားတာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒီအတွက် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ကြရလိမ့်မယ်။
မဲပေးဖို့ တွေဝေနေတဲ့သူတွေ ပြတ်သားလာအောင် တိုက်တွန်းပေးကြရမယ်။ ပဋိပက္ခတွေ၊ သွေးထိုး လှုံ့ဆော်မှုတွေ၊ မခံချင်အောင် ရေးသားပြောဆိုတာတွေ၊ ၀ါဒဖြန့်တာတွေ၊ ဒါတွေကို သတိထား ရှောင်ကြဉ်ကြရမယ်။ မဲပေးတဲ့ နေ့မှာလည်း ပယ်မဲတွေ ဖြစ်မသွားအောင် အချင်းချင်း အသိပညာ ပေးကြရမယ်။ ကြိုတင်မဲ ပေးတုန်းက ကိုယ့်ရဲ့အခွင့်အရေး ဆုံးရှုံးခဲ့ရလို့ ကျခဲ့ရတဲ့ မျက်ရည်တွေကို ခုချိန်မှာ လက်နက်အဖြစ် ပြောင်းလဲကြရမယ်။ မမျှတမှုတွေ မသမာမှုတွေ ရှိလာခဲ့ရင် စောင့်ကြည့်ရမယ်။ ဝေဖန်ကြရမယ်။
လက်ရှိအချိန်မှာ ဘယ်ပါတီကိုမှ သဘောမကျတဲ့အတွက် မဲမပေးတော့ဘူးလို့ ပြောနေကြတဲ့သူတွေ ရှိပါတယ်။ ပညာတတ်တချို့ ပါနေတာ ပိုလို့တောင် အံ့သြမိပါတယ်။ သူတို့ ပြောလေ့ရှိတဲ့ စကားကတော့ “လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေတာဟာလည်း ကိုယ့်လွတ်လပ်ခွင့်ပဲ” တဲ့။
တချို့ နိုင်ငံတွေမှာ ရွေးကောက်ပွဲနေ့ မဲလာမပေးလည်း ရပါတယ်၊ တချို့နိုင်ငံတွေကတော့ ဒါကို ခိုင်လုံတိကျတဲ့ အကြောင်းရင်း မပြနိုင်ရင် နိုင်ငံသားတာဝန် မကျေဘူးဆိုပြီး ဒဏ်ရိုက်တယ်။ ဘယ်ဟာ ပိုဖြစ်သင့်တယ် နှစ်ဖက် အပြန်အလှန် ငြင်းခုံကြတာတွေလည်း ရှိတယ်။ ဒါတွေထားတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားက ဒါမျိုးကို မဟုတ်သေးဘူး။ ကားတိုက်ခံရလို့ လူတစ်ယောက် လဲနေတယ်၊ အဲဒါကို မြင်နေရက်နဲ့ ငါကယ်လည်း ထူးမှာမှ မဟုတ်တာ၊ ကယ်တာ မကယ်တာ ငါ့လွတ်လပ်ခွင့် လုပ်နေလို့ မရပါဘူး။ အကြီးအကျယ် မကူညီနိုင်တောင် ဆေးရုံကို ဖုန်းဆက်ပေးတာမျိုးလောက်နဲ့တော့ ၀င်ကူပေးရပါတယ်။ သွားမကယ်တာဟာ လွတ်လပ်စွာ သဘောကွဲလွဲတာ မဟုတ်ပါဘူး။ အဲဒါ လူသား တာဝန် မကျေတာ၊ နေသာသလို နေတာပါ။
လာမယ့် ရွေးကောက်ပွဲကို အရှင်းဆုံး အဓိပ္ပာယ်ဖွင့်ရရင် အရပ်သား အစိုးရတစ်ရပ် ပီပီပြင်ပြင် ပေါ်လာဖို့ ပြည်သူတွေအားလုံး ညီညွတ်ကြရမယ့် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ သမ္မတကို တိုက်ရိုက် ရွေးချယ်လို့မရတဲ့ အနေအထားတစ်ရပ်မှာ ပြည်သူတွေ လိုလားတဲ့ သမ္မတ တစ်ဦးကို အဆိုပြုနိုင်၊ ရွေးချယ် ပေးနိုင်မယ့် လူတစ်စု လွှတ်တော်ထဲ ရောက်သွားဖို့ လိုပါတယ်။ မပြိုင်ခင်မှာကိုပဲ အကျောပေးထားရတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ ပြည်သူတွေ ပိုလို့တောင် စည်းလုံးကြရဦးမှာပါ။
အဲဒီတော့ လာမယ့်နိုဝင်ဘာလ ၈ ရက်မှာ ရွေးကောက်ပွဲ လုပ်ပါမယ်။ အဲဒီ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ လိုချင်နေတဲ့ အပြောင်းအလဲ တစ်ခုကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်နိုင်မယ့် အခွင့်အရေး ဖြစ်သလို ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံပြန်ပြီး ခေါင်းမော့လာစေမယ့် လမ်းစလည်း ဖြစ်ပါတယ်။
အဲဒီလို အပြောင်းအလဲကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ဖို့ဆိုရင် ကျွန်တော်တို့ ကိုယ်မျှော်လင့်မထားတဲ့ အရာတွေအတွက် ကြိုတင်ပြင်ဆင် ထားကြဖို့ လိုတယ်။ အကောင်းမြင်စိတ်တွေနဲ့ အလုပ်ဖြစ်ဖို့သာ ဦးတည်ပြီး ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲအတွက် ကိုယ်ဘယ်နေရာကနေ ၀င်ပါနိုင်မလဲ စဉ်းစားကြည့်ပါ၊ ပြီးတော့ ကိုယ်နိုင်တဲ့ အခန်းကဏ္ဍကနေ အကောင်းဆုံး ပါဝင်ပေးကြဖို့ လိုပါတယ်။ အနည်းဆုံး အဲဒီ ၈ ရက်နေ့မှာတော့ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးအာဏာကို အပြည့်အ၀ အသုံးချပြီး အပြောင်းအလဲမှာ ပါဝင်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင် ပြင်ဆင်ပါ၊ အကောင်းမြင်ပါ၊ ပြီးတော့ အပြောင်းအလဲကို ရယူပါ။
Writer:
ဒေါက်တာ ဖြိုးသီဟ
http://news-eleven.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။