Han Kyi added 3 new photos.
“ မြစ်ထဲက ဘ၀များ . . . ”
----------------------------
ဦးဟန်ကြည်တို့ မင်းကွန်းသွားဖို့ ပိုက်ကျူံးဆိပ် ( ဧရာဝတီမြစ်ကမ်း လှေဆိပ် ) ကို ရောက်ကြတော့ မနက် ဆယ်နာရီ။ ထုံးစံအတိုင်း မန်းလေးနေက ခြစ်ခြစ်တောက်။
----------------------------
ဦးဟန်ကြည်တို့ မင်းကွန်းသွားဖို့ ပိုက်ကျူံးဆိပ် ( ဧရာဝတီမြစ်ကမ်း လှေဆိပ် ) ကို ရောက်ကြတော့ မနက် ဆယ်နာရီ။ ထုံးစံအတိုင်း မန်းလေးနေက ခြစ်ခြစ်တောက်။
လှေဆိပ်မှာတော့ လူတွေပျားပန်းခတ်။ မြစ်တစ်ဘက်ကမ်းက ရွာတွေကို ပြန်ကြမယ့်လူတွေ။ မန်းလေးကို ဈေးဝယ်လာတဲ့လူတွေက အများစု။ စက်လှေပေါ်ကို ဦးဟန်ကြည်တို့ တက်လိုက်တော့ လှေဝမ်းထဲမှာ ခရီးသည်တွေ အပြည့်။ ကုန်တွေအပြည့်။ မေမြို့ ဂန္ဓမာပန်းတွေကို မညှိုးမခြောက်အောင် ရေစိုပုဆိုးနဲ့ ထုပ်ထားတဲ့ အထုပ်ကြီးတွေက ဟိုတစ်ခု သည်တစ်ခု။
လှေပေါ်မှာ ထိုင်နေကြတဲ့လူတွေကလည်း တစ်လှေတည်းစီးကြသူချင်း မိတ်ဆက်ကြ၊ စကားတွေ ဖောင်လောက်အောင်ပြောကြ။ ပျော်စရာ။ အညာလေသံ လေးလေးကြီးတွေနဲ့ ပြောနေကြတဲ့ သူရို့စကားသံတွေက အားပါးတရ။ တစ်ထွာလောက်ရှိတဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေကို မီးပွားမလွင့်အောင် နို့ဆီခွက်စွပ်ပြီး ရဲခနဲ ရဲခနဲနေအောင် ဖွာလိုက်ကြ ရှိုက်လိုက်ကြတာများ ဆေးလိပ်သိပ်မကြိုက်တဲ့ ဦးဟန်ကြည်တောင် တစ်ဖွာလောက် မြည်းချင်စိတ်ပေါက်လာတဲ့အထိ။
ခရီးသည်တွေရဲ့ နောက်နားစမှာ သင်္ကန်းကို အသာခေါင်းမြီးခြုံပြီး ထိုင်နေတဲ့ ဦးဇင်းတစ်ပါးကတော့ ဣနြေ္ဒအပြည့်။ လှေပေါ်က ခရီးသည်တွေကတော့ ပြောချင်တာတွေ ပြောကြ၊ ရယ်လိုက်ကြမောလိုက်ကြနဲ့။ ဦးဟန်ကြည်က စက်လှေအင်ဂျင်ရှိရာ ပဲ့ပိုင်းမှာ အသာသွားထိုင်လိုက်တော့ အရင်ရောက်နေတဲ့လူတွေက ခပ်ယို့ယို့ကလေး နေရာဖယ်ပေးကြရဲ့။ သန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ ဦးဟန်ကြည့်ကို အကောင်တစ်ကောင်ကောင်လို့ ထင်သွားဟန်တူပါရဲ့။ ဦးဟန်ကြည် မထိုင်ခင်က ကျယ်ကျယ်လောက်လောင် ပြောနေကြတဲ့ ပဲ့ပိုင်းက စကားသံတွေတောင် ခပ်တိုးတိုးဖြစ်သွားသယောင်ယောင်။ အင်း...လူနဲ့လူချင်း အတူတူပဲဆိုတဲ့ အသိမျိုးအတွေးမျိုးတွေ ၀င်လာကြအောင် ဦးဟန်ကြည်တို့ ဘယ်လိုလုပ်ရမှာပါလိမ့်။ တစ်လှေတည်းစီးတဲ့လူချင်း ဘ၀တူတွေပါပဲလို့ ပြောလိုက်ချင်တဲ့ စကားက ဦးဟန်ကြည့် ပါးစပ်က ထွက်မလာ။ ဘာပဲဖြစ်ဖြစ် မင်းကွန်းသွား စက်လှေတစ်စီးလုံးကို ခြုံကြည့်လိုက်ရင်တော့ အညာဆင်ဖိုနီတစ်ပုဒ်လို တူရိယာတွေ သံစဉ်တွေကို စုံလို့။
စက်လှေထွက်ပြီး လို့ ဘေးဘီဘယ်ညာကို ဦးဟန်ကြည့်လိုက်တော့ ရေလှိုင်းတွေက ခပ်ရိုင်းရိုင်း။ လှေဦးက ထိုးခွဲလိုက်တဲ့ ရေလှိုင်းတွေက လှေနံရံကို ခပ်ကြမ်းကြမ်း လာပုတ်နေကြတာက ၀င်ဆလိုဟုမ်းမားရဲ့ ပန်းချီကားတွေကို သတိရချင်စရာ။ မြစ်ထဲမှာ စက်လှေမစီးဘူးတဲ့ ဦးဟန်ကြည်ကတော့ နေပူပူ လှေပဲ့ပိုင်းမှာ ထိုင်ရင်း တမျှော်တခေါ်မြင်နေရတဲ့ မြစ်ကြောင်းတလျှောက်က လှိုင်းတွေနဲ့အတူ အတွေးတွေက ဟိုရောက်သည်ရောက်။ လှေနံဘေးကို ပုတ်နေတဲ့ လှိုင်းတွေက စောစောကထက် ပိုကြမ်းလာတာကို သတိထားလိုက်မိလို့ ဘေးကို တစ်ချက်ကြည့်လိုက်တော့ အပေါ်ထပ် လေညင်းခံဆောင်မှာ တူးရစ်တွေ အပြည့်တင်လာတဲ့ မြစ်ကြောင်းသွား ရှုခင်းကြည့် သင်္ဘောတစ်စင်းက ဦးဟန်ကြည်တို့ စီးလာတဲ့ သဘောနဲ့ မနီးမဝေးမှာ။ သင်္ဘောပေါ်က တူးရစ်တွေက ဦးဟန်ကြည်တို့ သင်္ဘောကို ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်တဲ့ အချိန်မှာ ဦးဟန်ကြည့်မျက်နှာကို တစ်ဖက်လွှဲထားလိုက်မိပါရဲ့။ ရင်ထဲမှာတော့ ခပ်ကျဉ်ကျဉ်။
တစ်ဖက်လွှဲထားတဲ့ ဦးဟန်ကြည့် မြင်ကွင်းထဲကို ၀င်လာတာက လှေကိုပဲ့ထိန်းနေတဲ့ ခြေထောက်သေးသေးလေးတစ်ဖက်။ မည်းမည်းတူးတူး ရိုးကြီးဂေါင်ဂင်နဲ့ ခြေထောက်ကလေး။ လှေပဲ့ကို ခြေချောင်းတွေနဲ့ အသာညှပ်ပြီး တွန်းလိုက်ဆွဲလိုက်နဲ့ စက်လှေတစ်စီးလုံးကို စေစားနေတဲ့ မာလိန်မှူးကြီးကို ဦးဟန်ကြည် မော့ကြည့်လိုက်မိတော့ မျက်စိတွေ ပြာခနဲ။ အို...မာလိန်မှူးကြီးက ခြောက်တန်း ခုနစ်တန်းအရွယ် ပီဘိ ကလေးပဲ ရှိသေးတာကိုး။ နေပူစပ်ခါးမှာ ဧရာတီမြစ်ကြောင်းတလျှောက် စုံဆန်သွားနေရတဲ့ မာလိန်မှူးရဲ့ အသားအရည်က ခပ်မွဲမွဲ။ ဆံပင်ကိုတော့ ခေတ်အရောင်အတိုင်း အနီဆိုးထားလေရဲ့။ ပဲ့ထိန်းတံကို ခြေထောက်နဲ့ထိန်း၊ လှေပေါင်းမိုးကို လက်နဲ့ကိုင်ရင်း ရှေ့တူရူကို ကြည့်နေတဲ့ မာလိန်မှူးရဲ့ မျက်နှာမှာ ယုံကြည်မှုအပြည့်။
ခြေထောက်ပိန်ပိန်ကလေးကို ကြည့်ပြီး အံ့သြ၊ မာလိန်မှူးကလေးကို မြင်တော့ စိတ်မကောင်းဖြစ်သွားတဲ့ ဦးဟန်ကြည်တစ်ယောက် မာလိန်မှူးရဲ့ မျက်နှာကို အမြင်မှာ ကျေနပ်စိတ်ကလေး ၀င်လာမိပြီ။ ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်နေတဲ့မျက်နှာပေး၊ လှေပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရဲ့ လုံခြုံမှုကို အာမခံပါတယ်ဆိုတဲ့ အကြည့် ကိုယ်ဟန်အမူအယာ။ မာလိန်မှူးလက်သစ်ကလေးရဲ့ အဖေ မာလိန်မှူးကြီးကတော့ လှေဦးမှာထိုင်ရင်း အေးအေးလူလူ ဆေးလိပ်ကလေးဖွာလို့။ မာလိန်မှူးအဖေကတော့ သူ့သားမာလိန်မှူးလေး လှေကို ပိုင်ပိုင်နိုင်နိုင်ထိန်းနေနိုင်တာကိုပဲ ကျေနပ်နေမလား၊ သူလိုအရွယ်လေးတွေ ကျောင်းတက်နေတဲ့အချိန်မှာ နေပူစပ်ခါး ရုန်းကန်နေရတဲ့ သူ့သားကလေးကိုကြည့်ရင်း စိတ်မချမ်းမသာ ဖြစ်နေမလား ဦးဟန်ကြည် မစဉ်းစားတတ်။ အဖေဖြစ်သူမာလိန်မှူးကြီးကတော့ ဆေးလိပ်တစ်လိပ်ကို အရသာခံပြီး ရှိုက်နေလိုက်တာမှ အေးအေးလူလူ။
လေတွေ တ၀ူးဝူးတိုက်နေတဲ့ ဧရာဝတီမြစ်ပြင်ကျယ်ကြီးထဲမှာ လှိုင်းလုံးတွေက ကြမ်းသထက်ကြမ်းလာသယောင်ယောင်...။
မာလိန်မှူးကလေးကတော့ လှေပဲ့ကို ပိုင်ပိုင်နိုင်နိုင် ကိုင်နေတုန်း...။
ဟော...လှေဦးက မူလလက်ဟောင်းမာလိန်မှူးကြီး လှေပဲ့ပိုင်းကို ဆင်းလာပြီ...။
နေတွေကလည်း ပူလိုက်သမှ ကျက်ကျက်ကိုလန်လို့...။ ။
( ဟန်ကြည် )
၈.၉.၂၀၁၅ ( အင်္ဂါနေ့ )
၈.၉.၂၀၁၅ ( အင်္ဂါနေ့ )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။