ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးစဉ်က ဗိုလ်ချုပ်၏မိခင် အမေစု ပြောခဲ့သော မှတ်သားဖွယ် စကားများ
အမေစုသည် အာဇာနည် မိခင်ဖြစ်လေသည်။ အခြားသော အာဇာနည် မိခင်တို့ထက် ထူးသောအချက်မှာ အာဇာနည် သားကောင်းနှစ်ယောက် တပြိုင်နက် ဆုံးရှုံးရခြင်း ဖြစ်လေသည်။
သားငယ်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခံရသော သူမှာ သားကြီး ဦးဘဝင်း ဖြစ်လေသည်။ ဦးဘဝင်းသည် ညီဖြစ်သူ ဗိုလ်ချုပ်၏ အမှုဆောင် ကောင်စီထဲတွင် ဝန်ကြီးတစ်ဦး အဖြစ်ဖြင့် တိုင်းပြည်တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ရင်း လုပ်ကြံမှုကြီးတွင် ဗိုလ်ချုပ်နှင့်အတူ ကျဆုံးခဲ့သော အာဇာနည်တစ်ဦး ဖြစ်လေသည်။
အမေစုက ဗိုလ်ချုပ်တို့ ကျဆုံးကြောင်း ကြားသောအခါ "ကျုပ်သား ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလို သတ္တိကြောင်တဲ့ အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ်လေးကပင် ရှုံ့ချခဲ့တဲ့သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင်ကြီး ဦးစောကို မသမာသူတို့ သေနတ်ဖြင့် ချောင်းမြောင်းပြီး သေနတ်နဲ့ ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ရှုံ့ချခဲ့ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီ့တုန်းကတော့ ကျုပ်ကစိုးရိမ်လွန်းလို့ 'သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစ အရာရာ သတိထားပါကွယ်' လို့ ပြောမိပါတယ်။
ဒီတော့ ကျုပ်သားက 'ဗျာ ၊ ဒါကတော့ ဘုရားတောင်မှ အတိုက်အခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်ကနေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှကြောက်စရာ မလိုပါဘူး။ အမေရယ် မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခု တိုင်းပြည်နဲ့ ပြည်သူလူထုဟာ အရင်လို မဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ' လို့အားရပါးရ ရီရီမောမောနဲ့ ပြောသွားခဲ့ပါတယ်။ ယခုတော့ ကျုပ်သားအောင်ဆန်းဟာ သူအလွန်မုန်းတီး ရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွား ရရှာပြီ။ ကျုပ်မှာချင် တာကတော့ သူ့ကိုလေးစားကြသလို ခေါင်းဆောင်များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့ လိုလားတဲ့ ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီလို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ကြပြီဆိုရင် အဒေါ့်မှာခံစားနေရတဲ့ သားနှစ်ယောက် ဆုံးရှုံးရတဲ့ အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်။" ဟူ၍ ပြောကြားခဲ့ပါတယ်။
လေးစားလျှက်
ပြန်လည်မျှဝေပေးပါတယ်။
ဓါတ်ပုံ ကိုထွန်းဝေ
19.7.2014

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။