ကို စိန်သန်း
ကျွန်မတို့ အားလုံးမှာ တာဝန်ရှိသည်
ဟိုတစ်လောကပဲ သူငယ်ချင်းတွေစုပြီး လူငယ်အဆိုရှင်တွေ ပါဝင်တဲ့ နေ့လယ်ခင်း show ပွဲတစ်ပွဲ သွားကြည့်ဖြစ်တယ်။ show ပွဲ သွားကြည့်ခဲလှတဲ့ ကျွန်မအတွက် အရာရာက အထူးအဆန်း လိုပါပဲ။ ပွဲကိုလာတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေကလည်း ဆယ်ကျော်သက်လေးတွေ၊ နှစ်ဆယ်ကျော် အရွယ်လေးတွေ များတယ်။ လူငယ်အဆိုရှင်တွေရဲ့ပွဲမို့ လူငယ်ပရိသတ်တွေ များတာတော့ မထူးဆန်းပါဘူး။ လူငယ်တွေပီပီ တက်ကြွလန်းဆန်းမှုတွေနဲ့ ဖက်ရှင်အလန်းစားတွေ ၀တ်ထားတဲ့ လူငယ်လေးတွေကို ကြည့်ရတာ ရောင်စုံလိပ်ပြာလေးတွေ လေမှာဝဲနေ သလိုပါပဲ။
ဒီကနေ့ ခေတ်ကြီးထဲမှာ ဖက်ရှင်တွေ လန်းချင်တိုင်း လန်းနေတာက အထူးအဆန်းတစ်ခု မဟုတ်ပေမယ့် ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲနေတဲ့ထဲမှာ ဖက်ရှင်တစ်ခုတည်း မဟုတ်ဘဲ အဲဒီနေ့ show ပွဲမှာ တွေ့လိုက်ရတဲ့ အခြားပြောင်းလဲမှု မြင်ကွင်းတွေကြောင့် ကျွန်မအံ့သြမှုနဲ့အတူ စိုးရိမ်စိတ်တွေလည်း ဖြစ်ခဲ့ရတယ်။ အရင်က ကောင်လေးတွေ ဆေးလိပ်သောက်နေတာကို တွေ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတွေရဲ့ လက်ကြားမှာလည်း စီးကရက်တွေညှပ်လို့ ဘယ်သူ့ကိုမှ အရေးမစိုက်ဟန်နဲ့ လာနေတဲ့ ပုံစံတွေ၊ ဘီယာဘူးတွေကိုင်ပြီး ရဲတင်းတဲ့ပုံစံနဲ့ ယောက်ျားလေးတွေကြားမှာ ဒယိမ်းထိုးနေတဲ့ ကောင်မလေးတွေ တော်တော်များများကို ကျွန်မတွေ့ရတယ်။ အဲဒီထက် ဆိုးတာက မိန်းကလေးတစ်ယောက် ပြောသင့်တဲ့ စကားလား၊ မပြောသင့်တဲ့ စကားလားတောင် မချင့်ချိန်ကြဘဲ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်တောင် ပြောဖို့ခက်ခဲတဲ့ မကြားဝံ့၊ မနာသာတဲ့ စကားလုံးတွေကို ကောင်လေးတွေ၊ ကောင်မလေးတွေ အချင်းချင်း စနောက်ပြီး ဟာသအဖြစ် ကျယ်လောင်စွာ ပြောဆိုနေကြတာကို မြင်ရတော့ ကျွန်မတို့ မြန်မာမလေးတွေ ဒီလောက်တောင် အရှက်တရား မဲ့နေပြီလားလို့ သူတို့အစား စိတ်ပျက်မိပါရဲ့။
ကျွန်မလည်း ခေတ်လူငယ်ပီပီ ခေတ်ကိုနားလည်ပြီး၊ ခေတ်မီတာကို လက်ခံပါတယ်။ အ၀တ်အစားဝတ်တာ ခေတ်လွန်နေတာအထိ မျက်နှာလွှဲ နေနိုင်သေးတယ်။ ဒါပေမဲ့လည်း အခုလိုမျိုး လူမြင်ကွင်းမှာ မြန်မာမိန်းကလေးတွေတန်မဲ့ အနေအထိုင်၊ အပြောအဆိုတွေ ဆိုးရွားလွန်းနေတာကိုတော့ မျက်နှာလွှဲခဲပစ် မနေနိုင်လွန်းလို့ ပြောရတာပါ။
ကျွန်မတို့က မြန်မာလူမျိုးပါ။ တစ်ခေတ်တစ်ချိန်ကဆိုရင် တိုင်းတစ်ပါးကတောင် လေးစားအားကျရတဲ့ မြန်မာအမျိုးသမီးလေးတွေ၊ ဒီကနေ့ခေတ်ကြီးထဲမှာ ဒီလောက်တောင် ထိန်းသိမ်းမှုမရှိ ဆိုးရွားနေတာကို မြန်မာအချင်းချင်းတောင် ရှုတ်ချအထင်သေးနေကြတာ အခြားတိုင်းတစ်ပါး သားတွေသာတွေ့ရင် ဘယ်လောက်ထိ အထင်သေးလိုက်မလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ မြန်မာမလေးတွေဆိုတာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နေထိုင်တယ်။ အရှက်အကြောက်ရှိပြီး ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်တယ်ဆိုပြီး ကမ္ဘာ့တိုင်းပြည် အများက လေးစားတန်ဖိုး ထားကြပေမယ့် အခုလိုမျိုး တိုင်းတစ်ပါး ယဉ်ကျေးမှုကို အတုခိုးပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်နေတာကိုသာမြင်ရင် ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်မလဲ။
ကျွန်မသိသလောက် ပြောရရင် ကိုရီးယားကားတွေ မြန်မာပြည်ကို စတင်ဝင်ရောက်လာတဲ့ အချိန်ကစလို့ မြန်မာအမျိုးသမီးလေးတွေ ကြားထဲမှာ ကိုရီးယားဖက်ရှင်တွေ လွှမ်းမိုးလာတယ်။ ဒါ့အပြင် ကိုရီးယား ဇာတ်ကားတွေထဲက မိန်းကလေးတွေ ကောင်လေးကို ရည်းစားစကား စပြောတာ၊ ရည်းစားစာ ပေးတာတွေ၊ မိန်းမနောက်ပိုး လုပ်ရပ်တွေလည်း ပျံ့နှံ့စိမ့်ဝင် လာသေးရဲ့။ ဒါတင်မကပါဘူး မြန်မာမိန်းကလေးတချို့ အရက်ဆိုင် ထိုင်ဖို့လည်း ၀န်မလေးကြတော့ဘူး။ ဒါဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုတွေပျောက်ပြီး သူတစ်ပါး တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတွေနောက်ကို လိုက်လာကြတာပဲ မဟုတ်လား။ အတုယူ သင့်တာကို အတုမယူဘဲ၊ အတုမယူ သင့်တာတွေကိုယူပြီး မြန်မာမလေးတွေရဲ့ ကိုယ်ပိုင်ဟန်ပန်တွေ ပျောက်ခဲ့ရတယ်။ အခု အဲဒီထက် ပိုဆိုးလာတာက အနောက်တိုင်း ယဉ်ကျေးမှုတွေ လွှမ်းမိုးပြီး မြန်မာဆိုတဲ့ အသိတရား ပျောက်ပျက်ကုန်ကြပြီ ထင်ရဲ့။ အခုလိုမျိုး လူမြင်ကွင်းတွေမှာ အရှက်အကြောက် ကင်းမဲ့စွာ၊ ရဲတင်းစွာနဲ့ မပြုမူသင့်တာကို ပြုမူနေတာ၊ မပြောသင့်တာတွေကို ပြောနေတာဟာ ကျွန်မတို့ မြန်မာမလေးတွေ ဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ်။
ခေတ်မီတာ ကောင်းပါတယ်။ ခေတ်ရေစီးကြောင်းထဲမှာ မျောပါနေတဲ့ အနာဂတ် လူငယ်လေးတွေက ခေတ်မီတာကို နားလည်ဖို့ လိုသလို ခေတ်ပျက်တဲ့အထိ သရုပ်ပျက်စွာ မနေသင့်ဘူးလို့လည်း ထင်ပါတယ်။ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့ ကမ္ဘာ့တိုင်းပြည်တွေ အကြားမှာ သိက္ခာရှိစွာ ရပ်တည်နေနိုင်တဲ့ မြန်မာအမျိုးသမီး ကောင်းလေးတွေပဲ ဖြစ်စေချင်ပါတယ်။ ကိုယ့်ရဲ့ အပြုအမူ တစ်ခု၊ စကားတစ်ခွန်းဟာ ကိုယ်တိုင်အတွက်သာ မဟုတ်ဘဲ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ နောက်ဆုံးကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ကြီး တစ်ခုလုံးကိုပါ အကျိုးသက်ရောက် စေနိုင်တယ် ဆိုတာကို မမေ့စေချင်ပါဘူး။
ခေတ်တွေဘယ်လို ပြောင်းပြောင်း၊ စနစ်တွေ ဘယ်လိုပြောင်းပြောင်း ကျွန်မတို့က မြန်မာလူမျိုးပါ။ မြန်မာ့ယဉ်ကျေးမှုတွေကို ထိန်းသိမ်းရပါမယ်။ အထူးသဖြင့် "မြန်မာအမျိုးသမီး" လို့ ဆိုလိုက်တာနဲ့ ကမ္ဘာက လေးစားအားကျရတဲ့ အနေအထား တစ်ခုမှာ ဆက်လက်ရှိ နေနိုင်ဖို့အတွက် ကျွန်မတို့ မြန်မာမလေးတွေအားလုံး ကြိုးစားကြရမှာပါ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရ တဲ့အဖြစ်မျိုး ဘယ်တော့မှ မဖြစ်စေဖို့ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိကြောင်း ပြောကြားရင်း။
(ဆောင်းပါးရှင်-သဲသီရိကျော်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။