Yangon Health Guide
သမီးလေးအတွက် ပေးစာ
ချစ်သမီးရေ..
မေမေ အသက်ကြီးလာတဲ့အခါ ကျေးဇူးပြုပြီး စိတ်ရှည်ပေးဖို့ မေမေ မှာချင်ပါတယ်။ အထူးသဖြင့်တော့ မေမေ ကြုံတွေ့နေရတာတွေကို နားလည်ပေးစေချင်ပါတယ်။

မေမေတို့ စကားပြောတဲ့အခါ အကြောင်းအရာ တစ်ခုတည်းကို မေမေ ထပ်ခါတလဲလဲ ပြောနေမိရင် ဒီအကြောင်းကို ခုနကပဲ ပြောပြီးပြီလေဆိုပြီး မေမေ့စကားကို ဖြတ်ပြောဖို့ မကြိုးစားပါနဲ့။ ကျေးဇူးပြုပြီး နားပဲထောင်ပေးပါ။ သမီးမီးငယ်ငယ်တုန်းက ပုံပြင်တစ်ပုဒ်တည်းကို သမီးအိပ်ပျော်တဲ့အထိ ညတိုင်း မေမေ ထပ်ခါတလဲလဲ ဖတ်ပြခဲ့ဖူးတာကို အမှတ်ရပေးပါ။
မေမေရေမချိုးချင်တဲ့အခါ ကမူးရှူးထိုဖြစ်ပြီး မေမေ့ကို အရှက်ရအောင် မလုပ်ပါနဲ့။ သမီးငယ်ငယ်တုန်းက ရေမချိုးချင်တဲ့ သမီးရဲ့ နောက်ကို ပြေးလိုက်ပြီး ရေချိုးဖို့ ချော့မော့ ပြောဆိုခဲ့ရတာ တွေကို သမီး သတိရကြည့်ပါ။
နည်းပညာအသစ်တွေကို မေမေနားမလည်တဲ့အခါ မေမေ့ကို သင်ယူဖို့ အချိန်ပေးပါ။ ညံ့လိုက်တာဆိုတဲ့ အကြည့်မျိုးနဲ့ မေမေ့ကို မကြည့်ပါနဲ့။ သမီးငယ်ငယ်တုန်းက ထမင်းကောင်းကောင်းစားတတ်အောင်၊ အ၀တ်အစား ၀တ်တတ်အောင်၊ ဆံပင်စည်းတတ်အောင်၊ ပြဿနာတွေ ဖြေရှင်းတတ်အောင် မေမေ နေ့တိုင်း စိတ်ရှည်လက်ရှည် သင်ပေးခဲ့တာတွေကို သတိရပါ။
သမီးနဲ့ စကားပြောနေတုန်း မေမေတို့ ပြောနေတဲ့ အကြောင်းအရာကို မေမေမေ့သွားခဲု့ရင် မေမေ့ကို စဉ်းစားဖို့ အချိန်ပေးပါ။ တကယ်လို့ မေမေ စဉ်းစားလို့ မရခဲ့ရင်လည်း စိတ်မတိုပါနဲ့။ သမီးနဲ့အတူတူရှိနေရတာက မေမေ့အတွက် အရေးအကြီးဆုံးပဲ ဆိုတာကို သမီးနှလုံးသားထဲမှာ သိထားပေးပါ။
မေမေ့ရဲ့ အိုမင်းနေတဲ့ ခြေထောက်တွေ အရင်လို မြန်မြန် မလျှောက်နိုင်တော့တဲ့အခါ သမီးလမ်းလျှောက်တတ်စ အရွယ်တုန်းက သမီးကို မေမေလက်တွဲပေးခဲ့သလို မေမေ့ကိုလည်း တွဲကူပေးပါ။
အဲဒီလိုနေ့တွေရောက်လာရင် သမီးဝမ်းမနည်းပါနဲ့။ မေမေနဲ့အတူနေပြီး မေမေ့ကို နားလည်ပေးပါ။ မေမေ့ ဘ၀အဆုံးသတ်ကို ချစ်ခြင်းမေတ္တာတွေနဲ့ ရှိနေစေချင်လို့ပါ။
မေမေ့အတွက်ပေးတဲ့အချိန်တွေ၊ ပျော်ရွှင်မှုတွေအတွက် မေမေ သမီးကို ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်နေမှာပါ။ သမီးအတွက် အမြဲတမ်းထားရှိခဲ့တဲ့ မေတ္တာတွေပြည့်နေတဲ့ အပြုံးနဲ့အတူ သမီးကို အရမ်းချစ်ပါတယ်လို့ ပြောချင်ပါတယ် .. ချစ်သမီးလေးရေ..

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။