Nyein Chan Win
••• မုန်တိုင်းနဲ့ မီးပြတိုက် •••
=================
=================
မီးပြတိုက်ဟာ သင်္ဘောတွေကို လမ်းပြပေးပါတယ် ။ သူတတ်နိုင်တဲ့ သူ့အလင်းရောင်လေးနဲ့ပေါ့ ။ သူကပတ်ဝန်းကျင်ကို အကျိုးပြုနေပေမယ့် သူ့ခမျာမတော့ လှိုင်းလေဒဏ် မုန်တိုင်းဒဏ်တွေ မကြာခဏခံနေရပါတယ်။ သူအဲ့ဒါတွေကိုမမှုပါဘူး ။ လမ်းပြနေဆဲပါပဲ ။
...
...
ကျွန်တော်တို့လူတွေမှာလည်း စိတ်ကောင်းစေတနာကောင်းလေးတွေရှိတတ်ကြပါတယ် ။ ဒါပေမယ့် လောကဓံလှိုင်းတွေရိုက်ပုတ်လာတဲ့အခါ လှုပ်ရှားသွားတတ်ကြပါတယ် ။ ဒေါသလှိုင်းပုတ်တဲ့အခါ မေတ္တာတရားတွေ ယိုင်သွားတတ်ကြပါတယ် ။ ကိုယ့်ရဲ့မေတ္တာတရားတွေ စိတ်ကောင်းစေတနာကောင်းလေးတွေ ခိုင်မြဲစေဖို့ သတိနဲ့ထိန်းရမှာပါ ။
ဒါနဲ့ပတ်သက်တဲ့ တကယ့်အဖြစ်ပျက်လေးတစ်ခု ပြောပြချင်ပါတယ် ။ ထားဝယ်ဘက်မှာဖြစ်ခဲ့တာပါ ။ စိတ်ရင်းကောင်းတဲ့ ကရင်သားအဖ နှစ်ယောက်ရှိခဲ့ပါတယ် ။ တစ်နေ့မှာ ကရင်အဖိုးကြီးဟာ ကားမှောက်ပြီး မရှုမလှသေသွားပါတယ် ။ကားဟာ ရုတ်တရက်လမ်းပေါ်တက်လာတဲ့ ကျွဲတစ်ကောင်ကိုရှောင်လိုက်ရင်း တိမ်းမှောက်သွားခဲ့တာပါ။ အများကကျန်ခဲ့တဲ့ သားကိုဝိုင်းပြောကြပါတယ် ။
" ကားသမားမူးနေတာဖြစ်ရမယ် ... သူမဆင်မခြင်မောင်းလို့ မင်းအဖေ မသေသင့်ဘဲ သေရတာ ...အမှုဖွင့်ကွ ..."
လို့ပြောကြပါတယ် ။ အဖေအရင်းတစ်ယောက်လုံး ဆုံးရှုံးရခြင်းဆိုတဲ့ လောကဓံလှိုင်းကရိုက်ပုတ်လာပါပြီ ...့ ။
အဖေတစ်ခုသားတစ်ခုဘဝမို့ ဖခင်ဆုံးရှုံးရတာကို နှမျောလှပါတယ် ။ ဒါပေမယ့် အဲဒါက သူ့ရဲ့မေတ္တာတရားကို မယိမ်းယိုင်စေခဲ့ပါဘူး ။ ဘုရားကျောင်းတက်တဲ့နေ့ အများရှေ့မှာ စကားပြောခွင့်ရတော့ ဒီလိုပြောပါတယ် ။
" အဖေဒီအဖြစ်ဆိုးနဲ့ကြုံရတာ ကျွန်တော်ကြေကွဲမိပါတယ့့် ဒါပေမယ့် ကားသမားကို ကျွန်တော်ဗွေမယူပါဘူး
ကျွဲတစ်ကောင်ကိုတောင် မသေစေချင်တဲ့သူဟာ လူတစ်ယောက်ဖြစ်တဲ့ အဖေ့ကိုလည်း သူသေစေချင်မှာမဟုတ်ပါဘူး ကျွန်တော်ကျေအေးပါတယ့် ဥပဒေအရ အပြစ်ရှိခဲ့ရင်လည်း လွှတ်ပေးကြပါလို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်ခင်ဗျာ ..." တဲ့ ။
ကျွန်တော်တို့တွေလည်း လောကဓံလှိုင်းပုတ်တဲ့အခါ ' သတိ' ရှိရင် သူလိုပဲ အမှန်ကိုမြင်နိုင်မှာပါ ...။ ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။