Thurein Hlaing Win
ပညာသင်ကြားခြင်းလား၊ အယူသွတ်သွင်းခြင်းလား
သူငယ်တန်းကလေးငယ်တစ်ယောက် (အခုအခေါ်တော့ Grade 1) စာကျက်နေတဲ့အခိုက်အတန့်တစ်ခုကို မထင်မှတ်ဘဲ ကြုံတွေ့ခဲ့ဖူးတယ်။ သူငယ်တန်းကျောင်းသူလေးက အထွေထွေသိပ္ပံဆိုတဲ့ဘာသာကို ကျက်မှတ်နေတာပါ။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်စူးစမ်းလေ့လာနိုင်တဲ့အစွမ်းကို သင်ကြားပေးတဲ့ အထွေထွေသိပ္ပံဘာသာရပ်ကို “ခြေလေးချောင်းရှိသော သတ္တ၀ါများမှာ ခွေး၊ ကြောင်၊ ဆင်၊ မြင်း၊ နွား တို့ဖြစ်ပါသည်” ဆိုတဲ့အသံစာစာလေးကို ထပ်ခါထပ်ခါကြားနေရတဲ့အခါ ကျွန်တော့်စိတ်ထဲ ဘ၀င်မကျနိုင်တော့ဘူး။ ဒါနဲ့ “သမီး။ ခြေလေးချောင်းရှိတဲ့သတ္တ၀ါတွေက အများကြီးရှိတယ်လေ ဒီ ၅ကောင်ထဲမှမဟုတ်တာ။ ကျက်စရာမလိုဘူး သမီးမြင်ဖူးတဲ့သတ္တ၀ါတွေ စဉ်းစားပြီးပြောပါလား” လို့ ပြောလိုက်တော့ သူငယ်တန်းကလေးလေးက ကျွန်တော့်ကို အ ရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ပြန်ပြောတယ်။ “ဆရာမက ဒီအတိုင်းပဲသင်ထားတာ ဒီအတိုင်းမဖြေရင် အမှတ်လျော့လိမ့်မယ်တဲ့”
သူငယ်တန်းကလေးလေးတစ်ယောက်ရဲ့ စာကျက်နေတဲ့ပုံစံဟာ ကျွန်တော့်စိတ်ထဲမှာတော့ ယနေ့မြန်မာ့ပညာရေးစနစ်မှာ အယူသွင်းခြင်းပုံစံနဲ့သင်ကြားခြင်းက အရိုးစွဲနေပြီလားဆိုတဲ့ စိုးရိမ်စိတ်ကိုဖြစ်ပေါ်စေခဲ့တယ်။ အယူသွတ်သွင်းခြင်း (Indoctrination) ဆိုတာ ပညာသင်ကြားခြင်း (Education) နဲ့ အပြင်ပန်းအားဖြင့်တော့ ဆင်တူသလိုထင်မြင်ရနိုင်စေပေမယ့် အနှစ်သာရအားဖြင့်တော့ အလွန်ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် ဒီကွဲပြားခြားနားချက်ဟာ ဆရာတစ်ယောက်ရဲ့ တတ်သိနားလည်ခြင်း စည်းပါးပါးလေးနဲ့သာပိုင်းခြားထားတဲ့အတွက် ဒီစည်းပါးပါးလေးက ကျော်ဖြတ်လိုက်တာနဲ့ ပညာသင်ကြားခြင်းကနေ အယူသွတ်သွင်းခြင်းကို အလွယ်တကူရောက်ရှိသွားစေမှာပါ။ ပညာသင်ကြားခြင်းဟာ လူတစ်ယောက်ရဲ့ အသိဥာဏ်ကိုရင့်သန်စေနိုင်ပြီးတွေးခေါ်မျှော်မြင်နိုင်တဲ့အစွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းတွေကို ရရှိစေနိုင်တယ်၊ ကျယ်ပြန့်စွာတွေးခေါ်နိုင်စေတယ်။ အယူသွတ်သွင်းခြင်းဆိုတာမျိုးကတော့ ဆရာတစ်ယောက်ရဲ့ အသိဥာဏ်နဲ့ အတွေးအခေါ်ကို သင်ကြားခံသူရသူကို အကန့်အသတ်နဲ့ ပုံတူကူးချစေတာပါပဲ။ တစ်နည်းအားဖြင့်တော့ အယူသွတ်သွင်းခြင်းဟာ ဆရာလက်ခံတွေးခေါ်သလို ကျောင်းသားလည်း ဒီလိုပုံစံမျိုးကိုပဲ တွေးခေါ်တတ်စေတာပါ။
ဒီနေရာမှာ သူငယ်တန်းကလေးတစ်ယောက်ကို ခြေလေးချောင်းရှိသော သတ္တ၀ါများဟာဆိုပြီး ဆရာက ခွေး၊ ကြောင်၊ ဆင်၊ မြင်း၊ နွား ဆိုပြီး သူ့စိတ်ထဲမှာရှိတဲ့သတ္တ၀ါတွေကို အလွယ်ပဲ ကျက်မှတ်စေခိုင်းလိုက်တာဟာ သူလက်ခံတဲ့သူ့အယူအဆကို ကလေးဆီကို သွတ်သွင်းပေးလိုက်ခြင်းပါပဲ။ တကယ်တမ်းမှာ ဒီဘာသာရပ်ကိုသင်ကြားတဲ့အခါ ကလေးငယ်ရဲ့ စိတ်ကူးစိတ်သန်းကို ဖော်ထုတ်ဖို့က အဓိကပါ။ ကလေးမြင်ဖူးတဲ့ သတ္တ၀ါလေးတွေကို စိတ်ကူးနဲ့ပြန်စဉ်းစားခိုင်းမယ်၊ ပြီးရင် အဲဒီသတ္တ၀ါလေးတွေဟာ ခြေလေးချောင်းရှိတာဟုတ်မဟုတ် သုံးသပ်ခိုင်းမယ်။ ဒီလိုနဲ့ ကလေးရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးရမှာပါ။ ခြေလေးချောင်းသတ္တ၀ါဆိုတာ ခွေး၊ ကြောင်၊ ဆင်၊ မြင်း၊ နွားတို့ဖြစ်ကြတယ်လို့ ဆရာက အဆုံးအဖြတ်ပေးလိုက်ရမှာမဟုတ်ပါဘူး။ အဆိုးဆုံးကတော့ ဆရာသင်ပေးထားတဲ့သတ္တ၀ါတွေမဟုတ်ရင် အမှတ်မရနိုင်ဘူးလို့ ကလေးစိတ်ထဲမှာထင်မြင်သွားစေတဲ့အချက်ပါ။ ဒီအချက်ဟာ ကလေးရဲ့ လွတ်လပ်ကျယ်ပြန့်စွာ တွေးခေါ်နိုင်တဲ့ အရည်အသွေးကို ဘောင်ခတ်ခံလိုက်ရခြင်းပါပဲ။
နိုင်ငံတကာမှာ ကျောင်းသားကို ဗဟိုပြုပြီး သင်ကြားတဲ့စနစ်အသားကျနေပေမယ့် ဆရာဗဟိုပြုတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကတော့ အယူသွတ်သွင်းပြီးသင်ကြားပေးတဲ့ပုံစံကို အလွယ်တကူရောက်ရှိစေခဲ့တယ်။ အပြန်အလှန်မေးခွန်းထုတ်မှုမျိုးကို အားမပေးဘဲ ဆရာသင်ကြားတာကိုသာ နားလည်လက်ခံစေတဲ့အခါ သင်ကြားခံရသူရဲ့ ဖြန့်ကျက်တွေးခေါ်နိုင်စွမ်းဟာ ကန့်သတ်ခံရတယ်။ အပြန်အလှန်မေးခွန်းထုတ်တတ်တဲ့ကလေးမျိုးကို ပုန်ကန်တတ်သူတစ်ယောက်အဖြစ်၊ ဆရာကိုမလေးစားတဲ့သူတစ်ယောက်အဖြစ်သတ်မှတ်နှိပ်ကွပ်တတ်တဲ့ အလေ့အထတွေ၊ ဆရာသင်ထားတဲ့အတိုင်းမဟုတ်ရင် ဘယ်လောက်မှန်မှန် အမှတ်မပေးဘူးလို့ ခြိမ်းခြောက်တတ်သူတွေကြောင့် ကလေးငယ်တွေရဲ့ရင်ထဲမှာ အကြောက်တရားတွေသာ ဖိစီးလာခဲ့တယ်။ ဆရာသိသလောက်ပဲ သင်ကြားပေးပြီး အဲဒါကိုပဲ လက်ခံစေတဲ့အခါ ဆရာသိသလောက်ပဲ သိနိုင်တဲ့ကျောင်းသားတွေဖြစ်လာမယ်။ ဆရာထက်ပိုတော်တဲ့တပည့်တွေမဖြစ်နိုင်တော့ဘဲ လူရည်လူသွေးကျဆင်းရတယ်။ လွတ်လပ်ကျယ်ပြန့်စွာတွေးခေါ်စဉ်းစားနိုင်စွမ်းကို အားပေးခြင်းမခံရတဲ့ကလေးငယ်တွေဟာ အလွယ်တကူ အငုံ့စိတ်ဝင်လာတတ်ပြီး လူအများအပြားအလယ်မှာ ပြောဆိုဆွေးနွေးတတ်တဲ့ အလေ့အထလည်း နည်းပါးလာတတ်ပါတယ်။ ခပ်ကြမ်းကြမ်းသုံးနှုန်းရရင်တော့ အယူသွတ်သွင်းခြင်းစနစ်နဲ့ သင်ကြားခံထားရမှုကြောင့် လွတ်လပ်ကျယ်ပြန့်စွာတွေးခေါ်နိုင်စွမ်းကို ပိတ်ပင်ခံထားရတဲ့ ကလေးတွေဟာ မပြောရဲမဆိုရဲ၊ မေးခွန်းမထုတ်ရဲနဲ့ တဖြည်းဖြည်း လူညွန့်တုံးပြီး လူရာမ၀င်ဖြစ်တတ်ပါတယ်။
လူတစ်ယောက်ရဲ့ ကလေးဘ၀မှာ သင်ကြားခံလိုက်ရတဲ့ အလေ့အထဟာ အဲဒီလူရဲ့ဘ၀တစ်ခုလုံးကို စိုးမိုးသွားစေတတ်ပါတယ်။ ဒီလိုပဲ ပုံတူကူးသွတ်သွင်းခြင်းပုံစံနဲ့ သင်ကြားခံလိုက်ရပြီး အသားကျသွားတဲ့သူတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း အကန့်အသတ်ဘောင်တွေထဲကနေ ထွက်ပြီး ကျယ်ကျယ်ပြန့်ပြန့်တွေးတောဆင်ခြင်နိုင်စွမ်း၊ ဆွေးနွေးငြင်းခုန်နိုင်စွမ်း ကျဆင်းသွားရတယ်။ သူတို့မှာ အကြောက်တရားဖိစီးနေတတ်တဲ့အတွက် လူတွေကြားမှာ ရဲရဲဝံ့ဝံ့ ကိုယ့်အမြင်ကို အပြန်အလှန်ဆွေးနွေးငြင်းခုန်နိုင်တဲ့အစွမ်းတွေ အားနည်းနေတတ်တယ်။ ဒီအချက်ကို မြန်မာနိုင်ငံက အဆင့်မြင့်ပညာလို့ဆိုတဲ့ တက္ကသိုလ်များမှာ ပထမဆုံးသိသာနိုင်ပါတယ်။ အပြန်အလှန်ဆွေးနွေးမှုတွေ၊ မေးမြန်းရှင်းလင်းမှုတွေနဲ့ ယုံကြည်မှု၊ စိတ်အားထက်သန်မှုကြောင့် တောက်ပတဲ့မျက်ဝန်းတွေ ဖြစ်နေရမယ့်အစား မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာ ရှေ့ကသင်တာမှန်သမျှကို စောဒကမတက်ဘဲ လိုက်ကူးနေကြသူတွေရဲ့ ဖြန့်ကျက်တွေးတောမှုကင်းမဲ့တဲ့ အဓိပ္ပါယ်မဲ့ မျက်ဝန်းမှိုင်းမှိုင်းတွေကသာ ကြီးစိုးနေတတ်တယ်ဆိုတာကို သတိထားမိလောက်ကြပါတယ်။
ဒီအလေ့အထဖြစ်တည်လာတာဟာ ဆရာတစ်ယောက်ရဲ့ တတ်သိနားလည်မှု နည်းပါးတာကြောင့်ဖြစ်နိုင်သလို၊ အလုပ်ရှုပ်မခံတဲ့ ပြီးစလွယ်လုပ်တတ်တဲ့အလေ့အကျင့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆရာပေးသလောက်ကိုသာ လက်ခံရတဲ့ အယူသွတ်သွင်းခြင်းစနစ်နဲ့ သင်ကြားမှု အတော်ကြီးအသားကျလာတာ မျိုးဆက်သစ်တွေအညွန့်တုံးဖို့ လမ်းစတစ်ခုလို့ပဲ ကျွန်တော့်အနေနဲ့ ရှုမြင်ပါတယ်။ တစ်ခါမှာ အင်္ဂလိပ်အက္ခရာတွေသင်ကြားနေတဲ့ဆရာမက “I” ဆိုတဲ့ အင်္ဂလိပ်အက္ခရာဟာ ကျွန်ုပ်လို့အဓိပ္ပါယ်ရကြောင်း၊ “I” ရဲ့ နောက်မှာ “am” လိုက်ပြီး ၀ါကျဖွဲ့ရကြောင်းကို သင်ကြားနေပါတယ်။ ပြီးတော့ဆရာမက ကျောင်းသားတစ်ယောက်ကို မတ်တပ်ရပ်စေပြီး “I” နဲ့ စာကြောင်းတစ်ကြောင်းဖွဲ့ဖို့ ခိုင်းစေပါတယ်။ ဒီအခါကျောင်းသားလေးက “I is the..” ဆိုပြီး ရေရွတ်ချိန်မှာတော့ ဆရာမက “ဟေ့ မင်းတော်တော်ညံ့ပါလား၊ အခုလေးတင် I ဆိုရင် နောက်မှာ am လိုက်ရတယ်လို့ သင်ပေးထားတယ်မဟုတ်လား” ဆိုပြီး ဆူပြီးရိုက်နှက်ပါတော့တယ်။ တကယ်တော့ ဒီကလေးဖွဲ့ချင်တဲ့စာကြောင်းက “I is the 9th letter of the alphabet” I ဆိုသည်မှာ အက္ခရာများထဲတွင် န၀မမြောက်အက္ခရာဖြစ်သည်ဆိုပြီးတော့ပါတဲ့။ ကျွန်တော်ကြားဖူးတဲ့ ပုံပြင်လေးထဲက ကလေးငယ်ကတော့ သူ့ရဲ့သူများနဲ့မတူတဲ့ အတွေးအခေါ်ဆန်းကျယ်မှုဟာ အယူအဆမတူရင် လက်မခံတတ်တဲ့ ဆရာမရဲ့ ပိတ်ပင်မှုကြောင့် အညွန့်လေးဘ၀မှာပဲ ဖျက်ဆီးခံလိုက်ရပါတော့တယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လေးတွေ ပညာသင်ကြားတဲ့လမ်းတစ်လျှောက်မှာ ပုံပြင်ထဲက ကလေးငယ်လေးလိုမဟုတ်ဘဲ “I is the 9th letter of the alphabet” လို့ လက်ခံတတ်တဲ့ ပညာသင်ကြားခြင်းစနစ်နဲ့ ထိတွေ့ခွင့်ရနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
(ဒီဓါတ်ပုံလေးကို အရမ်းကြိုက်လို့ ပြန်တင်ပေးလိုက်တာပါ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။