တို့ဗမာ Dobama with Ever True Blue
မန်းရာပြည့် နှင့် တရာ ပွဲ (၁)
==============
ဂျာနယ်ကျော်မမလေး
အပိုင်း(၁)
နံနက်ခင်း နေရောင် ၌ ကျုံးရေသည် ၀င်းပနေသည်။ ဘော်ငွေ အဆင်းရှိသော မြွေအရေခွံကြီး ကဲ့သို့ ခွေရံ ကာ သမ်းနေလေသည်။ မြို့ရိုးတံတိုင်းမှ အုတ်နီများမှာ အချို့နေရာတွင် တောက်နေကြသေး၏။ အချို့ နေရာ တွင် ညစ်မည်းနေသော ရေညှိရောင်နှင့် ပဲ့ရွဲ့ကာ အပိုင်းပိုင်း ပြတ်ကျလျက် ရှိသည်။
ကျွန်မတို့ စီးလာသော ဂျစ်ကားမှ ဖုန်းတထောင်းထောင်း ထနေသော လမ်းပေါ်၌ ပြေးနေသည်။ မန်းရာပြည့် ပွဲတော်သဘင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် မန္တလေးလူထုဦးလှနှင့် ဒေါ်အမာတို့ ပေးလိုက်သော ဖိတ်ကြားလွှာမှ ဖွင့်ပွဲအချိန် နာရီကို ပြန်ကြည့်မိသည်။ အချိန်နီးကပ်နေသဖြင့် နောက်ကျမည်ကို ပူပန်မိသည်။ လမ်းပေါ်၌ မော်တော်ကား၊ ဘိုင်စကယ်များဖြင့် ရှုပ်နေတော့သည်။ ပွဲတော်လာ လူသွား လူလာတို့မှာ များပြားသည်။ ကျုံးဘေးရှိ စီတန်းစွာ ပေါက်ရောက်နေကြကုန်သော သစ်ပင်တို့သည် ဖုတ်များ လိမ်းကျံ ကာ ရေထဲတွင် မှန်ကြည့်နေကြလေသည်။
မန်းရာပြည့်ပွဲတော် ဖွင့်ပွဲသို့ တက်ရောက်ရန် ကျုံးနှင့် နန်းတော်မြို့ရိုးကြီးကို ဖြတ်ကျော်၍ သွားနေရ သည့်အတွက် ရှေးဟောင်း ရာဇဋ္ဌာနီ မင်းနေပြည်တော်ကြီးကို စိတ်ကူးထဲ၌ ပြန်လည်တန်ဆာဆင်၍ ကြည့်မိသည်။ စလေဆရာကြီး ဦးပုည ရေးစပ်သွားသော ရတနာပုံ ရွှေမြို့တော်ဘွဲ့၌ "ရွှေဆောင် ရွှေနန်းကျက်သရေ၊ ရွှေလောင်းရွှေလှေ ထွေထွေယှက် တေဇော်ရွှေစက် ရေလကျာ်ရစ်ခွေ" စသော တေးထပ်အပိုဒ်နှင့် စပ်မိဟပ်မိအောင် ရွှေနန်းတော်ကြီးနှင့်တကွ ရွှေနန်းဆောင်၏ ကျက်သရေကို ဆောင်နေပေသော ဤရွှေကျုံးထဲ၌ ရွှေလောင်း ရွှေလှေတွေ ထွေထွေယှက်ကူးလျက် လှော်ခတ် နေကြဟန်ပင် မြင်ယောင်၍ လာပေတော့သည်။
အတိတ်ရာဇ၀င် အဖြစ်အပျက်များဖြင့် လွှမ်းခြုံနေသော နန်းတော်ကြီးကို ငေးကာကြည့်မိသည်။ ဤမြို့ နှင့် ဤနန်းကို မင်းတုန်းမင်းတရားကြီး တည်ထောင်တော်မူခဲ့ပြီးနောက် သီပေါဘုရင် ပါတော်မူသွား သည်အထိ နန်းတွင်းရေး အဖြစ်အပျက်၊ ရာဇ၀င်သမိုင်း ကဏ္ဍ၊ ဆုံးပါး ပျက်စီးမှုများကို အစဉ်တစိုက် တွေးမိလေသည်။
အနှစ်တစ်ရာ ပြည့်မြောက်ခဲ့၏။ နှစ်ပေါင်းတစ်ရာအတွင်း ခေတ်အမျိုးမျိုး ပြောင်းလဲခဲ့လျက် နိုင်ငံတော် ကြီးနှင့်တကွ နိုင်ငံတော်သူ၊ နိုင်ငံတော်သားတို့ ကြုံတွေ့ခံစားကြရသော အဖြစ်အပျက်ပေါင်းမှာ ယနေ့အထိ တစ်ရာမက၊ တစ်ထောင်မက ရှိပေတော့မည်။
ပဒေသရာဇစ်စနစ်၊ ပဒေသရာဇစ်ခေတ်ကို တော်လှန်နေသော လက်ရှိခေတ် အခြေအနေအား ဖောက်ပြန် သည်ပင် ခေါ်ခေါ်၊ ကျွန်မမှာ ရှေးပဒေသရာဇင်မင်းတို့၏ ကျေးဇူးဂုဏ်ကို ပြန်လည် အောက်မေ့ တသ လာသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟူ၍ ကမ္ဘာ့တစ်ဝန်းတွင် ပါဝင် ဂုဏ်ယူကြ ရခြင်းသည် လက်မွန် မဆွ ပထမမြန်မာနိုင်ငံတော်ကြီးကို အခြေစိုက်ချတည်ထောင်ပေးခဲ့သော အနော်ရထာမင်းစော ၏ ကျေးဇူး ပင်တည်း။
အနော်ရထာမင်းစော တည်ထောင်ခဲ့သော ပထမမြန်မာ နိုင်ငံတော်ကား ဆက်ခံသော မင်းစဉ် မင်းဆက် အရည် အချင်း၊ ကာလ၊ ပယောဂလိုက်၍ နှစ်ပေါင်း ၂၅၀ ခံသွားသော်လည်း အနော်ရထာမင်းစော၏ လက်ငုတ် လက်ရာ ဖြစ်သော လုပ်ငန်းအရပ်ရပ်တို့ ကား အနှစ် ၉၀၀၊ ၁၀၀၀ မက ခံနိုင်ပြီးလျှင် ရှေ့ အဖို့ လည်း နှစ်ပေါင်းများစွာ ဆက်လက် တည်တံ့နေဦး မည့်အသွင်နှင့် ခွန်အားကို ဆောင်ယူလျက်ပင် ရှိနေ သေးသဖြင့် သူ့ကျေးဇူးကို တ သ ရပေသည်။
နိုင်ငံတော်ကို ဒုတိယအကြိမ် ပြုစုပျိုးထောင်ပေးခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ကျေးဇူးမှာ လည်း ကြီးမားပေ၏။ ဘုရင့်နောင်ကျောင်ထင်နော်ရထာသာ သွေးသစ်သားသစ်လောင်းမပေးခထဲ့လျှင် စောစောစီးစီးကပင် နယ်ချဲ့မျက်နှာဖြူတို့၏ လွှမ်းမိုးမှုကို ဆိုးဆိုးဝါးဝါး ခံရဖို့သာ ရှိပေသည်။
တတိယအကြိမ် ထူထောင်ပေးခဲ့သော အလောင်းမင်းတရားကြီး၏ လုပ်ငန်းမှာ အနော်ရထာမင်းစော၊ ဘုရင့်နောင် ကျော်ထင်အနော်ရထာတို့၏ လုပ်ငန်းထက် အဆပေါင်းများစွာ ခက်ခဲနေလျက် အဘယ်မျှ စုစည်းရသည်၊ အဘယ်မျှ ဖြိုခွင်းရသည်၊ အဘယ်မျှ တိုက်ခိုက်ရသည်၊ အဘယ်မျှ အသစ် အခိုင်အမာ ပြုစုပျိုးထောင် ပေးသွားရရှာပုံမှာ ရာဇ၀င်က သက်သေခံနေသဖြင့် ယင်းပဒေရာဇ်မင်း အစဉ်အဆင်တို့ ၏ ကျေးဇူးဂုဏ် ကို တမ်းတ တ သ လာရင်းဖြင့်ပင် မန္တလေးတောင်ကို လှမ်းမြင်ရလေသည်။ တောင်ခြေ တော်ရိပ် ၌ မဏ္ဍပ်ကနားကြီးများ ထိုးထားအလံတွေ တလွင့်လွင့်နှင့် ရှိနေသော မန်းရာပြည့်ပွဲ သဘင်ကြီးကို အဝေး မှ မြင်လိုက်လေသည်။
မန်းရာပြည့်ပွဲသဘင်ကို ဆို၍ အခြားပွဲသဘင်တွေထက် ထူးကဲစွာ စိတ်ဝင်းစားမိသည်။ လမ်းတွင် တွေ့ခဲ့ရသော နန်းတော်ကြီး၏ အသက်တစ်ရာ၊ အနှစ်တစ်ရာ ပြည့်လည်းဖြစ်၍ အစီအစဉ် အခမ်း အနားတို့၌ ရှေးခေတ်ကို နွှယ်လျက်၊ ရှေးယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည် ထုတ်ဖော် ဦးစား ပေးကာ၊ ဇာတိသွေး ဇာတိမာန်ကို အရောင်တင်ပေးမည့်၊ တစ်မျိုးတစ်ဖုံ ခြားနားရမည့် အထိမ်းအမှတ် ပွဲကြီးဟု တွက်ထားသည်။
ကျွန်မမှာ မြန်မြန်ရောက်ချင်နေသည်။ ဖွင့်ပွဲအခမ်းအနား ကို မမီလိုက်မှာ စိုးရိမ်နေသည်။ အစမှ အဆုံးတိုင် မှတ်တမ်းတင်ချင်စိတ်သာ ပြင်းပြနေသည်။ လမ်းခုလတ်တွင် အခမ်းအနား ဖွင့်ပွဲသို့ တက်ရောက်ရန် ထွက်လာသော မန္တလေး ဦးအောင်ညွန့်၏ ကားနှင့် သွားဆုံ၏။ မြန်မြန်ရောက်ရန် ကားပြောင်း စီးလိုက် လာကြသည်။ ကားဝင်ခွင့် လက်မှတ်မရှိ၍ အခမ်းအနား ဖွင့်ပွဲနေရာသို့ အတော် လှမ်းလှမ်းက လျှောက်ဝင်လာကြရသည်။ တောင်ခြေတစ်ဝိုက် မန်းရာပြည့် ပွဲခင်းကြီးမှာ မျှော်မဆုံး အောင် ကျယ်ဝန်း လှလေသည်။ လမ်းများ ဖောက်ကာ လမ်းနာမည်စာတန်း ဆွဲချိတ်လျက် တစ်ဖက်နှင့် တစ်ဖက် တဲတန်းလျားကြီးများ ထိုးထားသည်။ တဲတန်းကြီးများ၏ မျက်နှာစကို ဆေးရောင်ခြယ် နဖူး စည်းတပ်၍ လှလှ ပပ မွမ်းမံ ပြင်ဆင်ကာ ဆိုင်းဘုတ် ကပ်ထားကြလေသည်။
ကျွန်မမှာ လျှောက်လာရင်း ဟိုကြည့် ဒီကြည့် လှမ်းကြည့် လိုက်သည်။ အာဂျင်တိုမိုတို အချိုမှုန့်၊ အမေရိကန် ပြန်ကြားရေးဌာန၊ အီးအမ်ဒီဆူဇာ၊ ကြက်ဆင်ဖဲထီး စသော ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဆိုင်းဘုတ်များကို မြင်မိ၍ ရွှေတိဂုံ အနောက်မုခ် ပြပွဲပြိုင်ပွဲ ဈေးတန်းထဲ ရောက်လာသလိုလို၊ ဘာလိုလို နှင့် ခပ်သုတ်သုတ် လျှောက်သွားလေသည်။
အခမ်းအနား ဖွင့်လှစ်ရာ အောက်ဆန်းခန်းမဆောင်ရှေ့သို့ ရောက်သောအခါ၌ ကျွန်မတို့မှာ နောက်ဆုံး ၀င်လာသော ဧည့်ပရိသတ် ဖြစ်နေသည်။
ရတနာပုံမဏ္ဍပ်ထဲ၌ ပိတ်ဖြူမျက်နှာကြက် မိုးကာ၊ ရွှေတိုင်တွေ ထူ၍ ရွှေကနုတ်ပန်းတို့ဖြင့် မွမ်းမံကာ ရွှေရောင်များ တောက်ပနေသည်။ အနီပေါ် အပြာ ငွေကြည်ပျောက်နှင့် "အောင်ဆန်းခန်းမ" ဟု စာတန်းထိုးထားသည်။ မဏ္ဍပ်ထိပ် စင်မြင့်ပေါ်၌ ကတ္တီပါအနီ ကန့်လန့်ကာကြီး နောက်ခံထားကာ သမ္မတထိုင်ရန် ဆိုဖာကုလားထိုင်များ ခင်းချထားသည်။ ကတ္တီပါကန့်လန့်ကာ အနီထက်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ သမ္မတကြီး မန်းဝင်းမောင်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဓာတ်ပုံ(၃)ပုံကို ချိတ်ဆွဲ၍ ထားသည်။
တက်ရောက်ကြသော ဧည့်ပရိသတ်ထဲတွင် လူမျိုးစု တောင်တန်းသား ဧည့်သည်တော်များ ကို သူတို့၏ တိုင်းရင်းသား ၀တ်စုံဖြင့် တွေ့ရသည်။ နိုင်ငံခြား သံတမန် ဧည့်သည်များလည်း တွေ့ရ သည်။ ရန်ကုန်မှ လာကြသော ရန်ကုန်ပရိသတ်ကလည်း မနည်းလှပေ။ သတင်းစာဆရာများ၊ ရုပ်ရှင် အနုပညာသည်များ၊ ဓာတ်ပုံရိုက်ရန် စောင့်နေကြသော ရန်ကုန် မန္တလေး သတင်းစာတိုက်များမှ သတင်းထောက်များ၊ မဏ္ဍပ်ထဲတွင် တွေ့နေမြင်နေကျ ဖြစ်သော ရန်ကုန်ပရိသတ်ကပင် များနေသလို လို ထင်ရလေသည်။
မဏ္ဍပ်ဝဲယာ နှစ်ဖက် ခပ်လှမ်းလှမ်း ကွင်းကြီးထဲ၌ ရှိသော ပြပွဲများတွင် ပန်းချီပြပွဲ၊ ပန်းပုပြပွဲ၊ ရက်ကန်း ပြပွဲ၊ ရွှေချည်ထိုးလုပ်ငန်း၊ ရွှေဆိုင်းလုပ်ငန်း စသော ပြပွဲခန်းမဆောင်များကို တသီတတန်းကြီး လှမ်းတွေ့ နေရသည်။
ကျွန်မတို့ ရောက်၍ မကြာမြင့်မီ စစ်ဗိုလ်တစ်ဦးသည် ဓာတ်ခွက်ရှေ့၌ ပေါ်လာကာ၊ အောင်မြင် ကြည်လင် သော အသံဖြင့် နိုင်ငံတော်သမ္မတကြီး ရတနာပုံအိမ်တော်မှ ထွက်ခွာလာပြီဖြစ်ကြောင်း ကြေညာလေသည်။ မဏ္ဍပ်ထဲ ၌ ထိုင်နေကြသော ပရိသတ်အားလုံး သမ္မတာလာမည့် လမ်းပေါက်ဘက် သို့ မျှော်ငံ့ စောင့်ဆိုင်း ရင်း ကြည့်နေကြသည်။ အပေါက်ဝ၌ မြင်းသည်တော်များ ကြိုဆို၍ နေသည်။ စစ်ဘိုက်ဆိုင်ရာ၊ ရုပ်ရှင် ဘက်ဆိုင်ရာ၊ သတင်းစာဘက် ဆိုင်ရာမှ ဓာတ်ပုံဆရာများမှာ သမ္မတကြီး လာမည့်လမ်းဘက်သို့ ဓာတ်ပုံများဖြင့် အသင့်ချိန်ရွယ်၍ နေကြလေ၏။
"နိုင်ငံတော် သမ္မတကြီး ကျွန်းလုံးယူ တံခါးသို့ ဆိုက်ရောက်လာပါပြီ၊ ၉နာရီနဲ့ ၈မိနစ်မှာ အောင်ဆန်း ခန်းမ သို့ ဆိုက်ရောက်လာပါလိမ့်မည်"
အောင်မြင် ကြည်လင်သော စစ်ဗိုလ်၏ အသံ ပေါ်လာပြန်လေ၏။
တိတ်ဆိတ်စွာ ရှိနေသော ပရိသတ်ထဲတွင် ကျွန်မတို့ နေရာနှင့် မလှမ်းမကမ်း၌ ထိုင်နေသော နေရာ၌ ဆူညံ ဆူညံ စကားပြောနေကြ၍ နားစွင့်ကြည့်သည်။ သန့်ရှင်းနှင့် တည်မြဲတစ်ဖက်နှင့်တစ်ဖက် ထေ့ကာ ချိတ်ကာ ပြောဆို ဆိုနေသံကို အတိုင်းသား ကြားရလေသည်။ အကယ်၍များ ဖ-ဆ-ပ-လ အဖွဲ့ကြီး နှစ်ခြမ်း မကွဲဘဲ ရှိက ဤမန်းရာပြည့်ပွဲတွင် မည်သို့ မည်ပုံ ပါဝင် ဆင်နွှဲကြမည်နည်းဟု တွေးဆ ကြည်မိလေသည်။
စာရွက်ကို တစ်ရွက်ပြီးတစ်ရွက် လှန်လိုက်သလိုပင် တစ်ခေတ်နှင့်တစ်ခေတ် ကူးပြောင်းသွားပုံမှာ မြန်ဆန်းလွန်းလှချေသည်။ မဏ္ဍပ်ပတ်လည်တွင် အလံမျိုးစုံ လွှင့်ထူးထားသဖြင့် အနားတွင် လာထိုင် သော ဗဟိုရ်စည် သတင်းထောက်ကို "ပွဲတော်အလံတွေလား" ဟု ခပ်တိုးတိုး မေးကြည့်သည်။
"မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်မှာ ရှိတဲ့ စစ်တပ်ယူနစ် (၆၀)က စစ်အလံတွေ"
"နိုင်ငံတော်သမ္မတကြီး မဏ္ဍပ်ဝသိုပ ဆိုက်ရောက်လာပါပြီ၊ အားလုံး မတ်တတ်ရပ်၍ အရိုအသေ ပြုကြပါ"
မြင်းသည်တော်များ ရှေ့ဆောင်လျက် မင်းခမ်းမင်းနားဖြင့် ကြွရောက်လာသော သမ္မတကြီးကို မတ်တတ် ထ၍ ကြိုဆိုနေရင်းမှ မင်းတုန်းမင်းတရားကြီး တည်ထောင်တော်မူသွားလေသော မန်းမြို့၏ နှစ်တစ်ရာပြည့် ပွဲ ကို သမ္မတကြီး မန်းဝင်းမောင် ကြွရောက် ဖွင့်လှစ်ခြင်းသည် လွတ်လပ်ရေးရပြီးမှ နှစ်တစ်ရာ လာပြည့် သော အဓိပ္ပာယ်နက် ဆောင်ခြင်းအပြင်၊ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ပြန်လည် ရပ်တည် နိုင်ခြင်း အထိမ်းအမှတ်ကြီး တစ်ခုပဲဟု စဉ်းစားမိလေသည်။
နိုင်ငံတော်သီချင်း သီဆိုကာ သမ္မတကြီးနှင့် မြို့တော်ဝန်တို့ စင်မြင့်ပေါ်တွင် နေရာယူပြီးနောက် ပုဏ္ဏား တော်များက မင်္ဂလာ အခါတော် ရောက်ကြောင်း ကြေညာကြကာ ခရုသင်းမှုတ်လျက် ဆုတောင်း ရွတ်ဖတ် သရဇယ်ကြကုန်လေ၏။
အခမ်းအနားဖွင့်လျှင် မန္တလေးမြို့တော်ဝန်က နှုတ်ဆက်မိန့်ခွန်း ဖတ်ကြားလေ၏။ မိန့်ခွန်းအစ၌ ဘ၀ရှင် မင်းတရားကြီး ဘုရားတည်ထောင်သော မန္တလေးမြို့တည် နန်းတည် အချိန်နာရီ ကာလ အပိုင်းအခြားနှင့်တကွ နန်းတံခါး ၁၂ရပ်၊ ပြဿဒ်တော် အဆင့်ဆင့်၊ ရာဇပလ္လင်ရှစ်ရပ်၊ မြေနန်း၊ မှန်နန်း၊ ရွှေနန်းတို့ဖြင့် တည်ထောင် စိုးစံတော်မူသွားခဲ့ပုံ၊ မြို့တော်ကြီးကို အင်းကြီးကန်ကြီး မြစ်ကြီးများ ခြံရံ တည်ဆောက်သွားခဲ့ခြင်းဖြင့် စိမ်းလန်းစိုပြည်သာယာခဲ့ပုံ စသည်များကို အကျယ်တ၀င့် ဖတ်ကြား သွားစဉ်၊ မင်းမရှိပြီးနောက် အင်းတွေ ကန်တွေ တိမ်ကော ခန်းခြောက်ကုန်ကာ၊ ဖုန်တထောင်းထောင်း ထလျက် အလွန်ပူပြင်းနေသော မန္တလေးမြို့နှင့် ရှေးမင်းနေပြည်တော်ကို နှိုင်းယှဉ်၍ ကြည့်နေမိသည်။ မြို့ပြတည်ခဲ့ပုံ၊ ဖြောင့်ဖြူးနေအောင် လမ်းကြီးများ၊ ခင်းသွားပုံ၊ အင်းကြီး ကန်ကြီးများ ခြံရံလျက် စိမ်းလန်းစိုပြည်အောင် ဖန်တီးထူထောင်တော်မူခဲ့ပုံကား အလွန်အမြင်ကျယ်၍ အလွန်လျှင် ကြီးကျယ် ခဲ့ပေသည်။
မြို့တော်ဝန်သည် အနှစ် ၁၀၀ ခရီးတစ်လျှောက် ဖြတ်ကျော်လာခဲ့သော မှတ်တိုင်များကို ထောက်ပြနေ လေ၏။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းမှစ၍ ဖော်ပြကာ ထီးကျိုးစည်ပေါက်သူတစ်ပါးလက်အောက် ပြားပြားဝပ် ရောက်သွားပြီးနောက် လွတ်လပ်ရေး တိုက်ပွဲတွင် အသက်ပေး ဆောင်ရွက်သွားကြသော မျိုးချစ်အာဇာနည်တို့ ကျေးဇူးဖြင့် ပြည်ထောင်စု သမ္မတနိုင်ငံတော် ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး ရရှိပြီး သောင်းကျန်းနေသူတို့၏ ရန်စူးရန်ငြောင့်ကို ၁၀နှစ်တိုင်တိုင် ရင်ဆိုင်ခဲ့ရပုံ၊ ထိုမှ တစ်ဖန် တရားဥပဒေ ချိုးဖောက်မှု၊ စီးပွားရေး သောင်းကျန်းမှု၊ စာရိတ္တ ပျက်ပြားမှုများကြောင့် လွတ်လပ်ရေး ဆုံးရှုံးရအံ့ ဆဲဆဲ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆောင်ရွက်ချက်များကို အကျယ်တ၀င့် ဖတ်ကြား၍ နေလေ၏။
မြို့တော်ဝန်၏ မိန့်ခွန်းတစ်ရပ်လုံး၌ အနှစ် ၁၀၀ ခရီးတစ်လျှောက်လုံးတွင် လွတ်လပ်ရေး ရခဲ့ပြီးနောက် ဖ-ဆ-ပ-လ စိုးမိုးအုပ်ချုပ်ခဲ့သော ၁၀နှစ် ခရီးစဉ်ကို နားစွင့်လျက် ကြည့်မိသည့်အခါ ဖ-ဆ-ပ-လ အက္ခရာများ မြုပ်ကွယ်လျက် ရှိနေသဖြင့် နိုင်ငံရေးသင်္ခါရ သဘောတရားကို သံဝေဂ ရမိတော့သည်။
သမ္မတကြီး၏ မိန့်ခွန်းသြ၀ါဒ၌လည်း သင်္ခါရသဘောတရားအလျောက် မြန်မာဘုရင်တို့၏ ဘုန်းတန်ခိုး အရှိန် မှေးမှိန် ကွယ်ပျောက်ခဲ့ရပြီးနောက်၊ မန္တလေးမြို့တော်ကြီးကို ရိုးရာဓလေ့ ထုံးစံများ ထိန်းသိမ်း ထားနိုင်သော ယဉ်ကျေးမှု မြို့တော်ကြီးအဖြစ် ဂုဏ်ယူလျက်ရှိကြောင်းနှင့် လွတ်လပ်ရေး ရရှိပြီးသည့် နောက် ပြန်လည် ဆင်ယင် ကျင်းပနိုင်သော ပွဲကြီးဖြစ်၍ ပြန်လည်ဆင်ယင် ကျင်းပနိုင်အောင် ပို့ဆောင် ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးကို သတိတရ ဂုဏ်ပြု ဦးညွှတ်ကြရန်။
အာဏာရ ပါတီကြီ ၂ခြမ်းကွယ်ခဲ့သည့် နောက်ပိုင်းတွင် တိုင်းပြည်အလုံး ၀ါးအစည်းပြေ၍ အထူး စိုးရိမ် ဖွယ်ရာ အခြေအနေတွင် ဗိုလ်ချုပ်ကြီး အစိုးရ အားကိုအားထားပြုလျက် ဆက်လက်ရပ်တည်ရ၍ ဗိုလ်ချုပ်ကြီးနေ၀င်း အမှူးပြုသော လက်ရှိခေါင်းဆောင်များကို ဂုဏ်ပြုဦးညွှတ်ကြရန် မိန့်ခွန်းထဲ၌ အကျယ် တ၀င့် ထည့်သွင်းမြွက်ကြား သွားလေ၏။
ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကားကြီးကို စိုက်ကြည့်ကာ မိန့်ခွန်းများကို ကြားနာမှတ်သားနေရင်း ဘယ်က ပေါ်လာမှန်း မသိ၊ ကျွန်မ၏ မျက်လုံးထဲတွင် သခင်ထိပ်တင်ကိုယ်တော်ကြီး၏ ရုပ်ပုံမှာ ဖျတ်ခနဲ ပေါ်လာ တော့သည်။
နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ရန် အမျိုးသားစိတ်ဓာတ်၊ အမျိုးသား သွေးစည်းရေးအတွက် သခင် အသင်း၊ တို့ဗမာ အစည်းရုံး၌ သခင် ထိပ်တင်ကိုယ်တော်ကြီး ပါဝင်၍ သွေးစည်း စုရုံးသွားခဲ့ပုံတွေကို ပြန်လည်၍ အမှတ်ရ မိတော့သည်။
"တို့က ဒီမင်းသားကို ပြပြီး အင်္ဂလိပ်ခံချဖို့ သွေးစည်းရတာကွ၊ သခင်တရားပွဲတိုင်း မင်းသား ပါရင် လူစည် ကား တယ်"
ပါးစောင်တွင် ကွမ်းငုံခဲလျက် သခင်ထိပ်တင် ကိုယ်တော်ကြီးကို မေးထိုး၍ ပြောဆိုနေသော ဆရာကြီး သခင် ကိုယ်တော်မှိုင်း ၏ ခပ်ပြုံးပြုံး မျက်နှာ ဟန်ပန်ပါ ပေါ်လာလေသည်။
သမ္မတကြီး မိန့်ခွန်းမြွက်ကြားပြီးနောက် အခမ်းအနား မရုပ်သိမ်းမီ ၀ဲယာနှစ်ဖက်၌ရှိသော မင်္ဂလာဆိုင်း များ က မန္တလေးမြို့တည် ပတ်ဆိုင်းသံ ဖြင့် တီးမှုတ်သီဆို ဧည့်ခံကြလေသည်။
မန်းရာပြည့် အထိမ်းအမှတ် ပြုကြသောနေ့သည် အဘက်ဘက်မှ အဓိပ္ပာယ်အမျိုးမျိုး လေးနက်ဖော်ယူ လျက် ရှိချေသည်။
မြန်မာနိုင်ငံတော်ကို နောက်ဆုံး နန်းစိုက် တည်ထောင်သွားကြသော ဘ၀ရှင်မင်းတနုးမင်းတရားကြီးနှင့် ပါတော်မူ သွားကြသော သီပေါမင်းတရားတို့၏ နောက်ဆုံးအမွေအနှစ် ပေးသွားခဲ့သည့် အဖိုးတန်ပြီး အရေးကြီး သော အခြင်းအရာကား အခြားမဟုတ်။
ယခုထက်တိုင် ကြံ့ခိုင်စွာ ဆက်လက်တည်ရှိနေသော နိုင်ငံတော်၏ ယဉ်ကျေးမှု မြို့တော်ကြီးအဖြစ် ထွန်းလင်း တောက်ပြောင် လျက် ရှိသေးသည့် ဂုဏ်ကျက်သရေတစ်ရပ်ပင် ဖြစ်တော့သည်။
ကျွန်ဘ၀ မှ တစ်ခဲနက် ကျော်လွန် ဖောက်ထွက်ကာ ပြည်ထောင်စု နိုင်ငံတော်ဟူ၍ တစ်ပြည်တည်း၊ တစ်မျိုး တည်း၊ တစည်းတလုံးတည်း ပြန်လည်ထွက်ပေါ်ကာ ဆက်လက်တည်တံ့နိုင်အောင် ဖန်တီး ပေးသွား ရှာသော ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် နိုင်ငံတော် ခေါင်းဆောင်ကြီးများကိုသာမက နောက်ဆုံး နန်းစိုက် တည်ထောင် သွားကာ၊ ယဉ်ကျေးမှု အမွေအနှစ် အရပ်ရပ် ပေးအပ်သွားကြသော မင်းနှစ်ပါး တို့ကို လည်း သတိရ ကျေးဇူးတင်ရှိခြင်းအပြင်၊ သတိတရ ဂုဏ်ပြုဦးညွှတ်ခဲ့ခြင်းဖြင့် ရတနာပုံ ရာပြည့် အထိမ်း အမှတ် မဏ္ဍပ်ထဲ မှ ထွက်ခွာလာခဲ့သည်။
အပိုင်း(၂)
မန်းရာပြည့် ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ပြင်ဦးလွင်သို့ တစ်ဆက်တည်း ဆက်လက် ထွက်ခဲ့သော ခရီး ကား ကျွန်မအဖို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။ ကျွန်မတို့ စီးလာသော ကားသည် သီပေါဘုရင်၏ မြေးတော်၊ စတုတ္ထသမီးတော်၏ သားတော်၊ သခင်ထိပ်တင် ကိုယ်တော်ကြီး၏ သမက်တော်၊ တော်ဘုရား က မောင်းလာလေသည်။ ကားရှေ့တွင် တော်ဘုရားနှင့် တော်ဘုရား၏ ညီတော်၊ တော်ဘုရားကလေးတို့ ထိုင်ကြကာ ကားနောက်၌ ကျွန်မတို့ ဇနီးမောင်နှံ ထိုင်လိုက်လာသည်။
မန်းရာပြည့်ပွဲတော်နှင့် ဆက်နွယ်လျက် ဆွေတော်မျိုးတော် ဖြစ်ကြသော သူတို့ညီအစ်ကိုတော် နှစ်ဦး ကို လေ့လာ အကဲခတ်လျက် နေမိသည်။
တော်ဘုရား မှာ အလွန်သိမ်မွေ့နူးညံ့လျက် အေးဆေးသော အသွင် ရှိသည်။ စကားလည်း နည်း သည်။ သခင်ထိပ်တင် ကိုယ်တော်ကြီးနှင့် တတိယသမီးတော်တို့မှာ ဖွားမြင်သော သမီးတော် ထိပ်စု ကြီးဘုရားနှင့် ပြန်လည် လက်ဆက်ကာ ပြင်ဦးလွင်အိမ်တော်တွင် တတိယ သမီးတော်ကြီးနှင့် အတူတကွ နေထိုင် လေသည်။
တော်ဘုရားလေး ကား တော်ဘုရားနှင့် မတူဘဲ တစ်မူ ထူးခြားနေသည်။ ပဒေသရာဇ်စနစ်ကို ရွံ့မုန်း ကာ အမျိုးအနွယ် ဖြစ်သော "တော်ဘုရားကလေး" အမည်ကို စွန့်ပစ်လျက် "မောင်သန့်စင်" အမည်နှင့် သာသနာရေး နိုင်ငံရေး များကို အားသွန်ခွန်စိုက် ဆောင်ရွက်ချင် စိတ် ပြင်းထန်သည်။ မန်းရာပြည့်ပွဲတော် အမီ သီပေါမင်းဆက် အတွင်းရေးများ စာအုပ် ကို ကျွန်မပုံနှိပ်တိုက်တွင် လာအပ်လေသည်။ စာအုပ်၏ တန်ရာ တန်ဖိုး အဖိုး ၁ကျပ် ထားရန် တောင်းပန်၍ မရ။ အကျပ်ပြောမှပင် ၇၅ပြားနှင့် အရှုံးခံ ထုတ်ဝေ လေသည်။
ညီအစ်ကိုတော် နှစ်ဦးသဘောချင်း မတူ၊ ခြားနားပုံကို လေ့လာနေရင်း ကျွန်မက တော်ဘုရားကို လှမ်းမေး လိုက်သည်။
"မန်းရာပြည့်ပွဲတော် ကော်မတီက ကျန်ရှိနေသေးတဲ့ တတိယ သမီးတော်ကြီးဆီကို ဖိတ်စာ မပို့ဘူး လား"
"မဖိတ် ပါဘူး"
တော်ဘုရားကလေးသည် ကျွန်မတို့ဘက်သို့ လှည့်ကြည့်လိုက်ကာ ခစ်ခနဲ ရယ်ပြီးမှ ၀င်ပြောလေသည်။
"မဖိတ်တာပဲ ကောင်းပါတယ်"
ကျွန်မမှာ အံ့အားသင့်သွာကာ "ဘာဖြစ်လို့လဲ" ဟု ပြန်မေးရသည်။
"ပြင်ဦးလွင်မှာ သမ္မတရဲ့ ဧည့်ခံပွဲတစ်ခု လုပ်တုန်းက မမဘုရားကို ဖိတ်ကြလို့ အဲဒီပွဲကို သွားတက် တယ်။ သမ္မတကြီး စပ်ရွှေသိုက် ဟာ ကိုယ်ရံတော်တွေနဲ့ ခြံရံပြီး ကြွလာရာက မမ ဘုရားကိုလည်း မြင်ပါရော လူပုံ အလယ် မှာ တစ်ခါတည်း ဒူးတုပ်ပြီး ဦးချတာပဲ။ ဘေးက ကိုယ်ရံတော်တွေ၊ အိမ်တော် ၀န်တွေ အမြင်မှာ ဒီလို လုပ်တာ ရာဇဣနြေ္ဒပဲတာပေါ့။ ဟုတ်တာပေါ့၊ နောက်တော့ ဘယ် မင်းခမ်း မင်းနားမှ မမဘုရားအတွက် ဖိတ်စာ မလာတော့ဘူး"
တော်ဘုရားကလေး မှာ ပြောပြီး ရယ်နေလေသည်။ ရယ်ပြီးမှ ဆက်ပြောပြန်သည်။
"စပ်ရွှေသိုက်နေရာက မမဘုရားကို ဦးမချလို့လဲ မဖြစ်ဘူး၊ ပဒေသရာဇ်စနစ်ကို ဦးစားပေးတာ ဦးခိုက် တာ မဟုတ်ဘူး၊ သူတို့အချင်းချင်း မှာ အဓိပ္ပာယ် ရှိတယ်၊ သူတို့အချင်းချင်း ထိန်းသိမ်းကြတဲ့ ယဉ်ကျေးမှုပဲ၊ ယဉ်ကျေးခြင်း ကိုတော့ ဒီပြင်ဟာတွေထက် ဂါရ၀ထားပြီး ဦးစားပေးကြတယ်"
"သြော် ... သြော် ..."
ကျွန်မမှာ တတိယသမီးတော်ကြီး ကို တစ်ခါမှ မမြင်ဖူး၍ တွေ့မြင်လိုစိတ် ရှိနေသည်။ ဂျာနယ်ကျော် တွင် သမီးတော် လေးပါး ၏ပုံတော်ကို ရှာဖွေထည့်သွင်း ဖော်ပြစဉ်အခါက ထီးနန်းကို ပစ်ကာ မြန်မာ ပြည်နှင့် အဆက်ပြတ် ၍ ကုလားပြည်တွင် ကြီးပြင် စိုးစံနေရရှာသော သမီးတော်များ၏ ဘ၀ကို ဘယ်လိုများ နေရှာလေ မလဲ ဟု တစ်ခါတစ်ရံ တွေးနေတတ်သည်။
ပြင်ဦးလွင်မြို့ ရှိ "တတိယသမီးတော်" ၏ စံအိမ်တော်ဝင်းထဲသို့ ကားဝင်သွားသည့်အခါ၌ ခမ်းနား သပ်ရပ် လှသော အိမ်ကြီးနှင့်တကွ ခြံဝန်းကျယ်ကြီးကို တွေ့ရလေသည်။
"သမီးတော်၏ အိမ်ပိုင်လား" ဟု ကျွန်မက မေးကြည့်ရာ "မဟုတ်ဘူး၊ သီပေါ ရောင်းဝယ်ရေး ကုမ္ပဏီ ဖွင့်တော့ မှ ဆန်အရောင်းအ၀ယ် လုပ်ကြလို့ ရတဲ့ငွေနဲ့ တော်ဘုရား ၀ယ်လိုက်တဲ့အိမ်"ဟု တော်ဘုရား ကလေး က ပြောသည်။
"တတိယသမီးတော်"မှာ အိမ်တော်၌ မရှိဘဲ မကျန်းမမာ ဖြစ်နေ၏။ ပြင်ဦးလွင် ဆေးရုံ၌ တက်ရောက် ကုသ နေရ လေသည်။ ညနေဘက်တွင် ကျွန်မတို့နှင့်တကွ တစ်အိမ်သားလုံး ဆေးရုံသို့ လိုက်သွား ကြသည်။ တော်ဘုရားက ကားထဲတွင် အသံဖမ်းစက် ထည့်ယူခဲ့လေ၏။
ကျွန်မမှာ ဆွေတော်မျိုးတော်တို့ဆို၍ ပျဉ်းမနား ကိုယ်တော်ကြီး၏ ကြင်ရာတော်၊ ထိပ်ခေါင်တင် မင်းသမီးကြီး နှင့် တစ်ကြိမ်သာ တွေ့ဆုံဖူးလေသည်။ အသက်အရွယ် ကြီးရင့်သော်လည်း ရုပ်သွင် သန့်ပြန့် လှပေ သေးသည်။ ထီးဟန်နန်းဟန်နှင့်တကွ ထီးဆန်နန်းဆန်သော အပြုအမူ အပြောအဆို ရှိကာ ယဉ်ကျေး သိမ်မွေ့ လှလေသည်။
တတိယ သမီးတော်မှာလည်း ဘုရင့်သမီးတော်တစ်ပါးဖြစ်၍ ထိပ်ခေါင်တင်မင်းသမီးကြီး ကဲ့သို့ပင် ဖြစ်မှာပဲ ဟု တွေးထင် လာခဲ့သည်။
ဆေးရုံအခန်းထဲသို့ ၀င်သွားကြသောအခါ အသက် ၇၀ကျော်အရွယ်၊ သစ်ခေါက်ဆိုး ရသေ့အ၀တ်ကို ၀တ်လျက် ခုတင်ပေါ်တွင် ပုံ့ပုံ့ကြီး ထိုင်နေသော တတိယသမီးတော်ကြီးကို တွေ့မြင်ရသည်။
တော်ဘုရား နှင့် တကွ ကျွန်မတို့အားလုံး ထိုင်၍ ဦးချကြသည်။
"မမဘုရား ကို ဖူးတွေ့ချင်လို့ လာပါတယ်၊ ရန်ကုန်က စာရေးဆရာ ဂျာနယ်ကျော်မမလေး ဆိုတာပေါ့ ဘုရား"
တော်ဘုရား က တရိုတသေ လျှောက်တင်လိုက်သည်။
ပြုံး၍ သွားလေ၏။ ပြုံးခါမှ နှစ်လိုဖွယ်ရာ ဆောင်ကာ ချောမောလှပခဲ့သော မျက်နှာမှာ ပိုပေါ်လာသည်။ မျက်လုံး မျက်ဖန်၊ နှာတံတို့ကား မြန်မာ့အလှကို သရုပ်ဖော်ပြနေလျက်ပင် ရှိသေး၏။ ငယ်ရွယ်နုပျိုစဉ် က အတော် ချောမော မှာ ပဲ ဟု ခန့်မှန်းကြည့်မိသည်။ ရှေးမြန်မာစစ်စစ် အလှကို တွေ့နေရသည်။
"ရတနာဂီရိမှာ စံနေစဉ်က မှတ်မိတော်မူသရွေ့၊ သိရှိတော်မူသရွေ့ကို ပြန်ပြောပြစေလိုပါတယ် ဘုရား"
ကျွန်မ က ရိုးရာဓလေ့ ထံးစံ၏ ယဉ်ကျေးမှုအတိုင်း ရိုရိုသေသေပင် လျှောက်တင်ရလေ၏။
"ပါတော်မူသွားတော့ မမဘုရားက မဒရပ်မှာ ဖွားတယ်၊ သုံးလသမီး ရှိတော့မှ ရတနာဂီရိကို ခေါ်လာ တာ၊ ရတနာဂီရိမှာ ၃၂နှစ်တိုင်တိုင် စံခဲ့ရတယ်၊ မြန်မာပြည်ကို ၁၉၂၁ခုနှစ်မှာ ပြန်ရောက်တယ်၊ အသက်၃၈နှစ် မှာ မန္တလေးမှာပဲ လက်ထပ်တယ်"
ကျွန်မမှာ အမ်း၍ နေလေ၏။ အကယ်၍များ ကန့်လန့်ကာ တစ်ခု ခြားကာထားလိုက်ခဲ့လျှင် ဘယ်က ကုလားမကြီး တစ်ယောက် မြန်မာစကား မပြောတတ်၊ ပြောတတ်နှင့် ထီးနန်းစကားပြောနေပါလိမ့် ဟု ထင်ရလောက် အောင်ပင် စကားလုံးတိုင်း ကုလားသံပေါက်နေကာ ကုလားသံဝဲ၀ဲဖြင့် ပြောသဖြင့် မနည်း စိုက်နားထောင်မှသာ နားလည်လေသည်။ ပါတော်မူစဉ်က ကုလားပြည် မပို့ဘဲ အင်္ဂလန်သို့ ပို့လိုက်လျှင် လည်း ဘိုသံပေါက်နေမှာပဲဟု အောက်မေ့မိသည်။ လျှာလိပ်သံ၊ အာလိပ်သံတို့မှာ ပကတိ ကုလားသံနှင့် ထွက်လာ သည်။
"ရတနာဂီရိမှာ အကြပ်နှင့် ထားတယ်၊ ဘုန်းတော်ကြီးဘုရား အနားလာချင်ရင် ရှာဖွေပြီးမှ ၀င်ရတယ်၊ ရတနာဂီရိ ရောက်စ အင်္ဂလိပ်က တစ်လ ၃၀၀ကျပ်ပဲ ပေးရတယ်၊ သိပ်ဆင်းရဲကြတယ်၊ မြန်မာနိုင်ငံက ပါလာ တဲ့ ပစ္စည်းတွေ ထုခွဲရောင်းစားနေရတယ်"
စကာုးပြော အတန်ပင် မြန်သည်။ ပြောသော အသံမှာ အသက်အရွယ်နှင့် မလိုက်အောင်ပင် မာလှပေ သည်။ "ဘုန်းတော်ကြီးဘုရား" ဟု ဆိုလိုက်သော အသံသည် ကုလားသံရောနှောကာ ၀ဲသွားလေရာ ကျွန်မ မှာ ပြုံးချင်ခြင်းထက် ၀မ်းနည်းချင်ခြင်းသာ ရှိနေသည်။
"ဘုန်းတော်ကြီးဘုရားကို လူတွေက ပြောတယ်၊ ခံမနေနဲ့၊ အဲသလို ခံမနေနဲ့ ပြောကြတော့ ဘိလိပ်က ၀တ်လုံ ငှားပြီး စကားအရေး ဆိုရတယ်"
"၃၂နှစ်လုံးလုံး ကုလားပြည်မှ စံနေရခိုက် နန်းတွင်းရေးရာများကို သင်ကြားပြသပေးခြင်း မရှိဘူးလား ဘုရား"
မြန်မာစစ်စစ် ဘုရင့်သမီးတော်ဖြစ်လျက် ကုလားသံပေါက်နေခြင်းအတွက် ထီးသုံးနန်းသုံးများနှင့် ကင်းကွာ နေသော မင်းသမီးကြီးတစ်ပါးအနေဖြင့် ပိုမို၍ စိတ်ဝင်စားလာသည်။
"စုဘုရား တို့ စာသင် ရတယ်၊ မယ်တော်မိဖုရားခေါင်ကြီး ဘုရားက သင်ပေးတယ်။
"အရှင့်မိဖုရားခေါင်ကြီး ဘုရားဟာ သိပ်စနစ်ကြီးတော်မူတာပဲ၊ ပေတံမှာ ပိုးကြိုးအနီ ချည်ပြီး ရိုက်သင် တာပဲ။ ဘုန်းတော်ကြီး ဘုရားကို မကြောက်ရဘူး၊ မယ်တော်ဘုရားကို ကြောက်ရတယ်၊ ချောင်းဆိုးချင် တာလည်း မဆိုးဝံ့ဘူး၊ မတည့်တာ စားတယ်ဆိုပြီး ရိုက်တာပဲ၊ အချက်အပြုတ် သင်ပြတဲ့အခါကျတော့ လည်း ကြက်သွန် သင်တာက စ ပြတယ်၊ တစ်ခါတလေလည်း ကြည်ကြည် သာသာပဲ သင်ပြတယ်"
"အချက်အပြုတ် သင်ပြတာ ဘယ်အရွယ်မှာပါလဲ ဘုရား"
"၁၃နှစ် အရွယ်လောက်မှာ သင်တယ်။ ၀က်သားနီချက်၊ ခနုံချက်၊ မသိုးထမင်း မသိုးဟင်း၊ အကုန် ချက်တတ် အောင် သင်တယ်။ သိပ်ကြောက်ရတာပဲ၊ အိပ်ရင် ခြေရင်းတော်မှာ တန်းအိပ်ရတယ်။ "ငါ့သမီးတော်တွေဟာ ကုလားပြည်မှာ တောသူမတွေ ဖြစ်နေပြီ၊ နန်းမူနန်းရာ ဘာမှမရှိဘူး" လု့ ခဏခဏ အမိန့်ရှိတယ်၊ ဘုန်းတော်ကြီး ဘုရား ကလည်း "ငါ့သမီးတော်တွေ စကားပြောတာ ကုလားသံ တွေ ၀ဲလှချည်ရဲ့၊ မြန်မာပြည် ပြန်ရောက်ရင် ရယ်ကြမှာပဲ"လို့ အမိန့်တော် ရှိတယ်။ စုဘုရားတို့ရဲ့ တာဝန်အားလုံးကို ဒုတိယ မိဖုရား ထိပ်စုဘုရား ညီမတော်က စီမံတယ်၊ ပထမနဲ့ ဒုတိယ သမီးတော် ဘုရားတို့က သဒ္ဒါ၊ သင်္ဂြိုဟ် ကုန်အောင် တတ်ကြတယ်၊ စုဘုရားကတော့ ပရိတ်ကြီးပဲ ကုန်တယ်"
မြန်မာစာကို တက်ခဲ့ကြသေးသားပဲဟု အောက်မေ့ရသည်။ ကုလားသံ ၀ဲနေခြင်းမှ တစ်ပါး စကားပြော ရာတွင် ပြတ်ပြတ်သားသား ရှိလာလေသည်။
"အင်္ဂလိပ် တွေက ဘုန်းတော်ကြီးဘုရားကို စိတ်ဆိုးတယ်၊ ဒါကြောင့် နန်းကျတယ် တဲ့"
"ဘာဖြစ်လို့ လဲ ဘုရား"
"ဟို ... ပုပ္ပါးက ကုလားရသေ့ကြီးတစ်ယောက် ရောက်လာတယ်။ ရွှေဖြစ်တယ်၊ ငွေဖြစ်တယ် ပြောတယ်။ သူ ရောက်လာပြီး တစ်အိမ်လုံး မှောက်တာပါပဲ"
ရတနာဂီရိ၌ တွေ့ကြုံခဲ့သော အဖြစ်အပျက်တစ်ခုကို အမှတ်မထင် အမိန့်ရှိလိုက်သည်။ ကျွန်မက စစ်စစ် ပေါက်ပေါက် မေးမည် ကြံမိသေး၏။ စကား ဆက်ပြောသွားသဖြင့် အသာနေလိုက်ရသည်။
"ဘုန်းတော်ကြီးဘုရား နတ်ရွာစံတော့ မြန်မာပြည် ပြန်ကြဖို့ဟာ သမီးတော်အကြီး ထိပ်စုဘုရားကြီး မလိုက်ချင်ဘူး ဆိုလို့ ကြာနေတယ်။ မြန်မာပြည်ပြန်တော့ ပစ္စည်းတွေအားလုံး သိမ်းယူပြီး အင်္ဂလိပ်က မီးနဲ့ ရှို့ပစ်တယ်။ ရတနာဂီရိ စံအိမ်တော်က ၄-ထပ်တိုက် အမြင့်ကြီး၊ သိပ်ကောင်းတယ်။ ၀တ်လုံငှား အရေး ဆိုတော့ တစ်လတစ်သောင်းရတယ်၊ အရှင်ထိပ်စုဘုရား ငွေကိုင်တယ်။ မြန်မာပြည် ပြန်ကြ တော့ နားထွင်းတုန်း က လက်ဖွဲ့တဲ့ ပစ္စည်းတွေ တောင်းတာ မပေးဘူး"
"နားထွင်းတော့ ဘယ်အရွယ်မှာ ထွင်းပါသလဲ ဘုရား"
"နားထွင်းတော့ ငယ်ငယ်ကလေး ရှိသေးတယ်၊ ၂၁နှစ်မှာ နားထွင်းတာ၊ သမီးတော်လေးပါးပုံတော် ရိုက်တာ နားထွင်းတုန်း ကပေါ့"
အသက် နှစ်ဆယ့်တစ်နှစ်ကို ငယ်ငယ်ကလေး ရှိသေးတယ်ဆို၍ ကျွန်မတို့ ပြုံးနေကြသည်။
"ဘုန်းကြီး ဆိုတာ ဘယ်တော့မှ မမြင်ဖူးဘူး၊ နားထွင်းတော့မှ ဘုန်းကြီးရယ်၊ ဆိုင်းရယ်၊ ပုဏ္ဏားရယ် မြင်ဖူးတယ်။ ဘုန်းကြီးမြင်တော့ ရှိခိုးရတယ်လို့ ပြောတယ်၊ စုဘုရားတို့က ပြောတယ်၊ အမယ်လေး ဘုန်းကြီး ကလည်း ဆာရီကြီးဝတ်လို့"
ဘုန်းကြီးနှင့်ဆိုင်း ကို အသက်၂၁နှစ်သမီး အရွယ်ရှိမှ မြင်ဖူးသည့်အတွက် မျက်စိထဲ ဆန်းနေသဖြင့် အံ့အားသင့် သော ပုံဟန် အမူအရာနှင့်တကွ ပြောကာ ရယ်နေလေသည်။
"နားထွင်းတော်မူတုန်း ဘာတဲ့၊ ခေါင်းဆောင်တာ လုပ်ရတယ်"
တော်ဘုရားလေး ၏ ကြင်ရာဇနီး "မေ"က စည်းပုံပါ ဘုရားဟု ၀င်ထောက်ပေးသည်။
"အဲဒီ စည်းပုံတော်လုပ်ဖို့ ၀က်မစွပ်ဝန်ထောက်မင်းက ပုံစံ ပြပေးတယ်၊ ကုလားပန်းထိန်နဲ့ လုပ်ရတယ်၊ သိုရင်းအင်္ကျီ လည်း ချုပ်ရတယ်၊ သိုရင်းတစ်ထည်ကို အဖိုးငွေ ၄၀၀၀ကျပ် တန်တယ်၊ ရွှေလေးထောင့် ကပ်၊ ကျောက်နီ မြ စီပြီး အပေါက်ကလေးတွေ ဖောက်၊ သရက်ရွက်ပုံ စိန်စီထားတယ်"
"စိန်တွေ ကျောက်တွေ မြန်မာပြည်က ပါသွားပါသလား ဘုရား"
"ကုလားပြည် ကို ဖမ်းသွားတုန်းက ပါလာတယ်၊ တစ်လ ၃၀၀ကျပ်ထဲ ပေးထားတော့ ဒါတွေပဲ ရောင်းစား ကြရတယ်။ ရွှေဖလားတွေ၊ ရွှေမျက်နှာသစ်ခွက်၊ ရွှေဇလုံ၊ ပုလဲတွေကတော့ အပြည့်ပဲ။ ဒါတွေ ဘယ်လောက် တန်မှန်းလည်း အဖိုး မသိဘူး၊ ပုလဲတစ်လုံး ဖြုတ်ရောင်းလိုက်ရင် ၃၀၀ကျပ် ရတယ်၊ နောက်မှ သိတယ်၊ လူ ပလီတာ ခံရတယ်။ တစ်လုံးကို ၁၀၀၀ကျပ်၊ ၂၀၀၀ကျပ် တန်သတဲ့ ၀ိုင်းပလီကြတာပဲ၊ စုဘုရားတို့ကို တစ်ကုံး စီ ဘုန်းတော်ကြီးဘုရားက သနားတော်မူတယ်"
ကျွန်မမှာ သလိုသော မေးခွန်းများကို အစီအစဉ်နှင့် ရှိပင် ရှိလျက် စိတ်ရှိသလို၊ စိတ်ပါသလို ပြောဆို နေ သဖြင့် စိုက်သာ နားထောင်နေလေသည်။
ဂျာနယ်ကျော်မမလေး
auniquelifenote.blogspot.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။