Shwe Eaim Si was tagged in a photo.ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ
Actor/Director · 4,162 Likes
လွပ်လပ်သင်ကြား၊ကလေးများအားရှာဖွေခြင်း (ဒေါက်တာဆန်းမြင့်)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်ကြားရေးဆိုတာ ဆုံးခန်းတိုင်တယ်လို့ မရှိပါ။ သို့သော်လည်း သင်ကြားသူမှ နေရာတိုင်း၊ အဆင့် တိုင်းမှာ ၀င်ပါတာကျတော့ တစ်ချိန်ချိန်မှာ အဆုံးသတ်သင့်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှား သင်ကြားမှုသည်လည်း တစ်နေရာရာမှာ အဆုံးသတ်သင့်ပါတယ်။ ဗဟုသုတကို တည်ဆောက်ဖို့၊ လိုအပ်တဲ့ ကျွမ်းကျင်မှုများ နိုင်နိုင်နင်းနင်းရှိဖို့ ဆောင်ရွက်ရာမှာ ကလေးများကို တစ်စထက်တစ်စ ပိုပြီးလွပ်လပ်ခွင့် ပေးရပါမယ်။ ပညာရေးလုပ်ငန်းစဉ် အရပ်ရပ်မှာ သင်ကြားရေးဆိုတာ လိုအပ်တဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ အိမ်မျက်နှာစာမှာ မိဘများသည် ကလေး များကို လက်လွှတ်ရမယ့် အချိန်ဆိုတာလည်း ရှိပါတယ်။ ကလေးများ လမ်းလျှောက်သင်တဲ့အချိန်မှာ ကလေးများကို တင်းတင်းကြပ်ကြပ်ထိန်းချုပ် ထားဖို့မသင့်သလိုပါ။ (မိဘတွေကလည်း ကလေးများ ရပ်နိုင်ပေ၊ ရပ်နိုင်ပေလို့သင်ရင်း လက်လွှတ်သင့်ရင် လွှတ်လိုက်ကြတာပါ။) ကံကောင်းထောက်မစွာပဲ မိဘများမှ ဘယ်တော့မှ တင်းတင်းကြပ်ကြပ်ကြီး ထိန်းချုပ်မထားပါဘူး။ ဆရာသခင်များလည်း ဒီအတိုင်းပါပဲ။ ကျောင်းမျက်နှာစာမှာ ဆရာ/မများသည် ပဲ့ပြင်ရင်း၊ ပံ့ပိုးရင်း ကလေးများကို အဆုံးစွန် ပညာရေးခရီးမှာ အောင်မြင်ဖို့အတွက် ဦးဆောင်သွားကြပါတယ်။
လေ့လာသင်ကြားမှုသည် ဘ၀တစ်သက်တာ ဆောင်ရွက်ရမဲ့ အလုပ်ဆိုတာ အမှန်ပါပဲ။ အမြင်တွေကတော့ မတူကွဲပြားနိုင်ကြပါတယ်။ ကံကောင်းတာလား၊ မကောင်းတာပဲလားဆိုတာတော့ မသိနိုင်ပါ။ ဆရာ/မတွေက သင်ကြားရေး အဆင့်တိုင်းမှာ ပါဝင်ဖို့မဖြစ်နိုင်ပါ။ ကလေးတွေ ကိုယ်တိုင်က မိမိတို့ရဲ့တိုးတက်မှုအတွက် တာဝန်ယူသင့်တယ် မဟုတ်ပါလား။ ဆရာ/မများမှ ကလေးများရဲ့ သင်ယူုမှု လုပ်ငန်းစဉ်ကို ကလေးတွေကို ပိုင်ဆိုင်ခွင့် ပေးသင့်တယ်မဟုတ်ပါလား။ ဒီမေးခွန်းတွေကို စေ့စေ့တွေးကြည့်ရင်း ကျောင်းပြီးသွားတဲ့ ကလေးတစ်ဦးရဲ့ စကားများကို အမှတ်ရမိပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ကျောင်းပြီးသွားတဲ့ ကလေးတစ်ယောက် အင်္ဂလိပ်စာ တိုးတက်ဖို့အတွက် အကြံပေးပါဦးလို့ ဆိုလာပါတယ်။ သူ့ကို နီနီလို့ပဲခေါ်ကြပါစို့။ ဒီကလေးက မိမိရဲ့ အားသာချက် အားနည်းချက်တွေကို သတိထားမိပုံရပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့ရော၊ လုပ်ငန်းအတွက်ပါ တိုးတက်ရန် ဆန္ဒရှိနေပါတယ်။ မကြာသေးမီက နီနီရဲ့ဘာသာစကား တတ်မြောက်ကျွမ်းကျင်ရန် ကြိုးစားမှုတွေ နှောင့်နှေးဆုတ်ဆိုင်းခဲ့ပါတယ်။ မကြိုးစားလို့တော့ မဟုတ်ပါဘူး။ ရှေ့ဆက် မတိုးနိုင်တော့တာပါ။ ဒီကလေးရဲ့ ရှေ့မတိုးသာ ဖြစ်နေတဲ့ ကိစ္စကို အဖြေရှာပြီး၊ ပြဿနာကို ဖြေရှင်းပေးဦးမှပဲလို့တွေးလိုက်ပါတယ်။ ကလေးမက သူငယ်ချင်းတွေနဲ့အတူု Reader’s Digest မဂ္ဂဇင်းကို တစ်စိုက်မတ်မတ် ဖတ်တဲ့ဆရာတစ်ဦးကို မိတ်ဆက်ခဲ့ပါသတဲ့။ ဒီကလေးတွေက အင်္ဂလိပ်စာတိုးတက်ဖို့ ဆန္ဒရှိတဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတာ သိလည်းသိကော သူတို့ဖတ်ဖို့အတွက် Reader’s Digest မဂ္ဂဇင်းတွေ ငှားပေးပါတယ်။ နီနီက ရှေ့ပိုင်းစာမျက်နှာတွေကို လှန်လှောကြည့်လိုက်တော့ မသိတဲ့ စကားလုံးတွေက များနေတာတွေ့ရပါတယ်။ ဒီမှာတင်ပဲ တစ်ခါတည်း လက်မြှောက်အရှုံးပေးလိုက်ပါသတဲ့။
“အဲဒီဆရာနဲ့ ပြန်တွေ့သေးလား” လို့မေးတော့ နီနီက “မတွေ့ခဲ့ပါဘူးဆရာ၊ ခပ်ဝေးဝေးကပဲ ရှောင်ပြီးနေလိုက်ပါတယ်။ သမီးတို့ကို စာတွေဖတ်ပြီးပြီလားလို့ မေးနေမှာစိုးလို့”
အချိန်တွေအကုန်မြန်လိုက်တာ။ နီနီတစ်ယောက် နောက်ထပ်ဘွဲ့တစ်ခုရခဲ့ပါတယ်။ သုတေသန တွေတောင် လုပ်ဖူးခဲ့ပါပြီ။ ဒီအချိန်မှာလည်း ဒီကလေးက စကားပြောသင်တန်းလေး ပေးပါလို့ တောင်းဆိုနေဆဲပါပဲ။ ကျွန်တော်ကတော့ ကလေးတွေရင်ထဲမှာရှိနေတဲ့ ‘ဗဟုသုတငတ်မွတ်ခြင်း’ ဆိုတဲ့ ဧရာမအခေါင်းပေါက်ကြီးကို စိတ်ဝင်စားပါတယ်။ ဆာလောင်မွတ်သိပ်မှုတွေရှိသလို၊ ဖြေဖျောက်နိုင်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ စိတ်အားထက်သန်တက် ကြွမှု(Motivation)သည် အရာရာမှာ အောင်မြင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ဗဟုသုတနဲ့ ကျွမ်းကျင်မှုများရရှိနိုင်ဖို့ စိတ်အားထက်သန်မှုတွေ ရှိနေပြီဆိုရင် ဘယ်ကလေးကိုမှ တားဆီးလို့ မရနိုင်ပါဘူး။ မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်တဲ့ ကလေး၊ မိမိတို့ရဲ့လေ့လာသင်ကြားမှုကို တာဝန်ယူနိုင်တဲ့ ကလေးများကို ဆုံခဲ့ဖူးပါတယ်။ ပြုစုပျိုးထောင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဒီကလေးကို မိမိခြေထောက်ပေါ် မိမိရပ်နိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားနေမိတာပါ။ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနိုင်အောင် တွဲခေါ်ကြည့်ပါတယ်။
ဘာသာစကားဆိုတာ စာအုပ်တွေထဲမှာ ရေးသား၊ရိုက်နှိပ်ထားတဲ့ စာသားတွေမဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာကြားရတဲ့ အော်ဒီယိုဖိုင်တွေလည်း မဟုတ်ပါဘူး။ အင်တာနက်အတွင်း၊ အပြင်မှာ တွေ့ရတဲ့ ဗီဒီယိုကလစ်တွေလည်း မဟုတ်ပါဘူး။ ဘာသာစကားဆိုတာ လျှောက်လှမ်းရမဲ့ လမ်းတစ်ခုပါ။ ခံစားပြီးတွေ့ကြုံဖြတ်သန်းရမယ့် အတွေ့အကြုံတစ်ခုပါ။ အနည်းနည်းအဖုံဖုံ၊ ပုံစံမျိုးစုံ၊ အရောင်အသွေးလည်းစုံလင် ကိုယ်တိုင်ဖန်တီးစရာ အခြင်းအရာတွေကလည်း များလှပါဘိ။ ဒီလိုစုံလင်လှတဲ့ ဘာသာစကားကို သိရုံမျှသာသိပြီး၊ ခံစားမှုတွေ မရှိဖူးဆိုရင် အဲဒီစကားကို တတ်မြောက်ပြီလို့ ရိုးရိုးသားသား မပြောနိုင်ပါ။
ဒါတွေဘယ်အကြောင်းအရာကို အရင်းခံပြီးဖြစ်တယ်ဆိုတာ ဘယ်သူ့ကိုမှ အပြစ်ဖို့လို့ အကျိုးထူး မလာပေမယ့် ဘာတွေမှန်ပြီး ဘာတွေမှားခဲ့ပါလိမ့်ဆိုတာကို သိနိုင်ရင် အကျိုးရှိမယ်လို့ ထင်ပါတယ်။ အချို့ကလေးတွေ မိမိကိုယ်တိုင် တိုးတက်မှုအတွက် ဘာကြောင့်များ တာဝန်ယူချင်စိတ် မရှိရတာလည်း။ သင်ကြားရေးနည်းလမ်းများ တိုးတက်ဖို့နဲ့ ကလေးများ ဗဟုသုတနဲ့ ကျွမ်းကျင်မှုများ သင်ယူလေ့လာနည်းတိုးတက်ဖို့ နည်းလမ်းအသွယ်သွယ်ကို အကြံပြုနိုင်ပါတယ်။ ရှေ့ကပြောခဲ့တဲ့ ကလေးကို စကားပြောနိုင်အောင် ကြိုးစားပံ့ပိုးကြည့်ပါတယ်။ စကားပြောချင်အောင်၊ စကားပြောနိုင်အောင် မိမိရဲ့ကြိုးစားမှုတွေလည်း အရာမရောက်သလိုပါ။ ခံစားချက်၊ စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများမှ ဒီကလေးကို အမြီးအမောက်တည့်တဲ့ ၀ါကျများ မပြောနိုင်အောင် ကြီးမားစွာ ပိတ်ဆို့တားဆီးနေသလိုပါ။ စကားတွေအတင်းပြောခိုင်းလို့ စဉ်းစားချိန်မရပဲ ပြောလို့ မထွက်တာတော့ မဖြစ်နိုင်ပါဘူး။ အကြောင်းအရာကိုလည်း ခင်းပြပြီးပြီ။ ပုံစံ၊ အဓိပ္ပါယ်နဲ့ အသုံးပြုပုံလည်းသိပြီ။ ဒါတွေထက် ဒီကလေးကို အခြေခံအကျဆုံး တည်ဆောက်ပုံနဲ့ အရိုးရှင်းဆုံး ၀ါကျတွေကို ပြောခိုင်းတာပါ။ အမှန်ဆိုရရင် အာရုံတွေ ထွေပြားမှာစိုးလို့ သဒ္ဒါတွေ၊ ဖွဲ့စည်းပုံတွေတောင် အထွေအထူး စူးစိုက်မနေပါဘူုး။ (စိတ်ကြိုက်အမှားလုပ်ခွင့်ပေးထားပါတယ်) ရှာဖွေတွေ့ရှိလိုက်ရတာကတော့ ဒီကလေးသည် စကားလုံးများကို ခံတွင်းထဲမှာ ပုံဖေါ်ပြီး အသံထွက် ပြောနိုင်ဖို့တောင် အခက်ကြုံရတယ်ဆိုတာပါပဲ။ ၀ါကျအတိုလေးတွေကို ရှေ့ကခင်းမပြပဲနဲ့ ထုတ်ပြောနိုင်ဖို့မစွမ်းဆောင်နိုင်ပါ။ ဘာသာစကားအဆင့်မှာတင် ဆက်သွယ် ပြောဆိုရန် ခက်ခဲ နေပါတယ်။ အသိပညာဆိုင်ရာတွေ ထုတ်ဖေါ်ပြောဆိုရမယ်ဆိုရင်တော့ အလွန်တရာ ခက်ခဲနိုင်ပါတယ်။
ကျွန်တော်ပြောလိုက်ပါတယ်။ ‘အင်္ဂလိပ်လိုပြောဖို့ဆိုရင် ပြောစရာအကြောင်းအရာ ရှိမှဖြစ်မယ်လေ။ ပြောစရာရှိနိုင်အောင် များများဖတ်၊ များများနားထောင်မှဖြစ်မှာ။ သဘာဝကျကျ အင်္ဂလိပ်စကား ပြောနိုင်တဲ့ ပတ်ဝန်းကျင်ကလည်း မရှိလေတော့ ကိုယ့်ဖာသာပဲ ဖန်တီးရတာပေါ့။ တက် ကြွနိုးကြားတဲ့ စာဖတ်နည်းနဲ့ ဖတ်စရာစာတွေနဲ့ တုန့်ပြန်ဆက်ဆံနိုင်ပါတယ်။ တက်ကြွနိုးကြားတဲ့ နားထောင်နည်း နဲ့ နားထောင်စရာတွေနဲ့ တုန့်ပြန်ဆက်ဆံနိုင်ပါတယ်။’ (ဒီအတိုင်း အမှတ်တမဲ့ဖတ်ခြင်း၊ နားထောင်ခြင်း၊ မှတ်မိအောင်ဖတ်ခြင်း၊ နားထောင်ခြင်းမလုပ်ပဲ စဉ်းစားပြီး ဖြစ်နိုင်မဖြစ်နိုင်၊ ဖြစ်သင့်မဖြစ်သင့် စသည်ဖြင့် တွေးတောပြီး မိမိအတွေ့အကြုံ၊ သဘောထားများနဲ့ ထင်ဟပ်ပြီး ဖတ်သားခြင်း၊ နားထောင်ခြင်းများ လုပ်ရန်ဆိုလိုရင်းဖြစ်ပါတယ်)
နီနီက (၁၇)နှစ်ခန့် အင်္ဂလိပ်စာကို လေ့လာသင်ကြားခဲ့တဲ့အတွက်ကြောင့် အခြေခံကျကျတော့ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ ဒီ့ထက်ရှေ့မတိုးနိုင်တာကတော့ အတန်းတွင်း အတန်းပြင်မှာ သဟဇာတဖြစ်တဲ့ ၀န်းကျင်တစ်ရပ်မရှိခြင်းကြောင့်ဖြစ်ပါတယ်။ ကျွန်တော်သည် သူတပါးမှ ဖန်တီးပေးတဲ့ စကားပြောရန်ဝန်းကျင်တစ်ရပ်ကို မှီခိုခြင်းမရှိတော့ပါ။ မိမိကိုယ်တိုင်ပဲ ဖန်တီးတယ်လို့ နီနီ့ကို ပြောလိုက်ပါတယ်။
နီနီကို စာကျယ်ကျယ်ပြန့်ပြန့်ဖတ်ဖို့ ကျွန်တော်တိုက်တွန်းခဲ့ပါတယ်။ နောက်တစ်ခါလာပြန်ပြီတဲ့ဟေ့ လို့များစိတ်ထဲထင်နေမလား မပြောတတ်ပါ။ (အရင်တစ်ကြိမ်ကလည်း ဆရာတစ်ဦးက ခိုင်းပြီးပြီလေ)။ Reader’s Digest တစ်စောင်ဝယ်ဖို့ ကျွန်တော်ပြောလိုက်ပါတယ်။ သူဝယ်လိုက်ပါတယ်။ စာဖတ်ပြီး ဆောင်းပါးတွေမှာပါတဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဆွေးနွေးကြရအောင်လို့လည်း ပြောလိုက်ပါတယ်။ သိပ်တော့ စိတ်ပါပုံမပေါ်ပါဘူး။ ဒါပေမယ့် ဟုတ်ကဲ့ လို့တော့ပြောပါတယ်။ ဒီကလေး နှစ်ပတ်တိတိပျောက်သွားခဲ့တယ်။ ပြန်တွေ့တော့ ရယ်ကျဲကျဲနဲ့ ‘ဆရာ၊ ပထမ တစ်မျက်နှာ၊ နှစ်မျက်နှာ ဖတ်ကြည့်ပြီးတော့ သမီးလက်လျှော့ လိုက်တယ်။ မသိတဲ့စကားလုံးတွေ အများကြီးပဲ။’ အင်္ဂလိပ်စကားလေ့လာချင်တယ်ဆိုတဲ့ ကလေးမှ ပြောတဲ့စကားပါ။ ‘စကားလုံးတွေမသိရင် အဓိပ္ပါယ်တွေ ရှာကြည့်လို့ရတာပဲ။ ကိုယ်တိုင်တတ်ဖို့အတွက် ကိုယ်တိုင်တာဝန်ယူသင့်တယ်လို့ မထင်ဘူးလား’
ဒီကလေးမ နားကောလည်ပါ့မလား။ နားမလည်မှု အရိပ်အယောင်တွေ ကျွန်တော်ရှာဖွေ ကြည့်မိပါတယ်။ မတွေ့ရတဲ့ အခိုက်မှာတော့ ကျွန်တော်ပြောလိုရင်းကို ထိရောက်စွာ ပြောနိုင်ပြီလို့ သိလိုက်ပါတယ်။
ရက်အနည်းငယ်အကြာမှာ မေလထုတ် Reader’s Digest မဂ္ဂဇင်းကို ၀ယ်ခဲ့ကြောင်း ပြောပါတယ်။ အစကောင်းပါပေတယ်လို့ ကျွန်တော်တွေးလိုက်မိပါတယ်။ လွပ်လပ်စွာ မိမိကိုယ်တိုင်လေ့လာနိုင်တဲ့ ကလေးတစ်ယောက် မွေးဖွားလိုက်ပါပြီ။ အချိန်လည်း တန်ပါပြီ။ လွတ်လပ်စွာလေ့လာနိုင်သူဖြစ်တာနဲ့ အနာဂတ်လေ့လာသူများအတွက် ပညာတန်ဆောင် ထွန်းပြောင်စေဖို့ ဆက်ပြီးထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ သင်ကြားရေး အတွေ့အကြုံများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းလွှဲပြောင်းပေးမှာဖြစ်ပါတယ်။ ကျွန်တော့်အိမ်မက်ပါ။ အိမ်မက်မက်တာမလွန်ပါဘူး။ ကမ္ဘာမှာ ကြီးကျယ်ခမ်းနားပေ့ဆိုတဲ့ အရာတွေ စိတ်ကူးယဉ်အိမ်မက်ကပဲ စတင်ခဲ့ကြတာပဲလေ။
ဗဟုသုတဆိုတာ နက်ရှိုင်းအပြောကျယ်လှပါတယ်။ Learning English လို့ Google မှာစာရိုက်ပြီးရှာကြည့်တော့ ဆိုက်ပေါင်း ၇၆သန်းကျော် ပေါ်လာပါတယ်။ ကြွယ်ဝလှတဲ့ resources တွေအတွက် ကျေးဇူုးအထူးတင်မိပါတယ်။ ဒါပေမယ့် များလွန်းတဲ့အခါကျတော့ သင်ကြားရေး၊ သင်ယူရေးမှာ ပုံစံတကျ ဖြစ်ဖို့လိုလာပြန်ပါလေရော။ ဒီနေရာမှာတင် ဆရာ/မတွေ ပါဝင်ရတာပါပဲ။ ရှိတ်စပီးယားက ‘လောကကြီးဟာ ဇာတ်ခုံပမာပါပဲ’တဲ့။ ပြဇာတ်တစ်ပုဒ်ကို ကပြခြင်းနဲ့ သင်ကြားရေးလုပ်ငန်းဆောင်ရွက်ခြင်း နှစ်ခုအကြား မျဉ်းပြိုင်များကို တွေးမြင်မိပါတယ်။ သရုပ်ဆောင်များ ဇာတ်ခုံပေါ် တက်ချီ၊ဆင်းချီလုပ်ကြပါတယ်။ ပညာရေးလောကမှာလည်း မသင်ကြားမီ ၀င်ရမယ့်အချိန်၊ သင်ကြားပြီးလို့ ထွက်ခွာရမယ့်အချိန်များ ရှိကြပါတယ်။ အစပိုင်းမှာ ဆရာ/မများသည် ကလေးများရဲ့ ဘ၀မှာ လွှမ်းမိုးထိန်းမတ် ပေးနိုင်တဲ့သူများ ဖြစ်ကြပေမယ့်၊ ဖြည်းဖြည်းချင်း ကလေးများ မိမိကိုယ်မိမိအားကိုးနိုင်တဲ့ လေ့လာသူများဖြစ်စေရန် အခြေခိုင်အောင် ပြုစုပျိုးထောင်နိုင်ပါတယ်။ အဆုံးစွန်မှာ ကလေးတွေကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သူများ ဖြစ်လာဖို့ မျှော်မှန်းထားကြပါတယ်။ အဲဒီအခါကျရင် ဆရာသခင်များသည် ဇာတ်ဝင်ခန်းမှထွက်ပြီး စင်ပေါ်မှဆင်းရန် အချိန်တန်ပါပြီ။ ဒါမှလည်း ကလေးများ အရည်အသွေးတွေ ပေါ်လွင်လာနိုင်မယ် မဟုတ်ပါလား။
(ဒေါက်တာဆန်းမြင့်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။