သတင်းမှာပါတဲ့ အချက်အလက် နဲ့တင် ကျွန်တော်တို့ အမှား၊ အမှန်ကို ဆုံးဖြတ်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။ သတင်းရေးတဲ့သူဟာ တကယ့်သတင်းအမှန်ပေးချင်သူ သတင်းအမှန်ပေးသူ ဖြစ်နိုင်သလို၊ သတင်းအမှန်ကို ပေးချင်သော်လည်း အချက်အလက်အမှားနဲ့ သတင်းအမှားကို ပေးမိသူလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ သတင်းအမှားကို ရည်ရွယ်ချက်ရှိရှိ ပေးသူလည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ စာဖတ်တဲ့အခါ သတင်းအမှန်လား၊ အမှားလား ဆုံးဖြတ်ဖို့ရာ ယုတ္တိရှိမှု၊ မရှိမှု နဲ့ ဆင်ခြင်ဆုံးဖြတ်ကြရပါတယ်။ ယုတ္တိရှိမှု၊ မရှိမှုကို ဆုံးဖြတ်ဖို့ အတွက် ထည့်သွင်းစဉ်းစားဖို့ အခြေခံအချက်အလက်တွေ လိုပါတယ်။ သတင်းထဲပါလာတဲ့ အချက်အလက်ဟာ အမှား နဲ့ အမှန် ရောထွေး နေနိုင်ပါတယ်။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှားဆိုတာကို စာဖတ်သူ သိနိုင်ဖို့ မလွယ်ကူပါဘူး။ သတင်းဖတ်သူဟာ ပေးထားတဲ့ အချက်အလက်ကို အမှန်လို့ ယူဆပြီး ယုတ္တိရှိမရှိ ထပ်စစ်ရပါတယ်။ စစ်ကြည့်လို့... ယုတ္တိရှိတယ်ထင်ရင် သတင်းကို အမှန်လို့ ယူဆမှာပါပဲ။ ဒီမှာ တစ်ချက် စဉ်းစားစရာရှိလာပါတယ်။ သတင်းရေးသူက ယုတ္တိဗေဒ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ခဲ့ရင် သတင်းမရေးခင် ယုတ္တိရှိအောင် သေချာစဉ်းစားပြီး ပေးချင်တဲ့ သတင်းကို ပေးချင်သလို ပေးလို့ရပါတယ်။ စာဖတ်သူတွေက ယုတ္တိရှိမှု မရှိမှု နဲ့ ဆန်းစစ်ကြည့်တဲ့အခါ ယုတ္တိရှိလို့ ဆိုပြီး သတင်းမှန်တယ် လို့ ယူဆမိမှာ အသေအချာပါပဲ။
ကျွန်တော်ကတော့ သတင်းဖတ်ရင်း ကျွန်တော်တို့ ဘဝဟာ ဆင်ကိုစမ်းတဲ့ မျက်မမြင် ၆ ယောက် နဲ့ သိပ်မကွာတဲ့ အဖြစ်မျိုးကို တွေးမိပြီး ရင်လေးမိပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ယုံကြည်မှုတွေ ပျက်သုဉ်းနေတာကိုလည်း ဝမ်းနည်းဖွယ် တွေ့နေရပါတယ်။ ပြည်သူတွေဟာ အစိုးရက ပြောတဲ့ သတင်းကို မယုံကြည်ဘူး ဖြစ်နေပါတယ်။ ဒါတော်တော် ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ပါ။
ဖခင်တစ်ယောက်ဟာ သားသမီးတွေရဲ့ ယုံကြည်ကိုးစားမှုကို ဆုံးရှုံး လိုက်ရခြင်းဟာ၊ ဖခင်အဖြစ်က လျောကျသွားခြင်းပါပဲ။ သားသမီးတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု ဖြစ်သလို၊ ဖခင်အတွက်လည်း အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ။
ပျက်ယွင်းနေတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ပြန်လည်ကောင်းမွန်အောင် တည်ဆောက်နိုင်မှ မိသားစု ကြီးပွားတိုးတက်၊ သာယာချမ်းမြေ့ဖို့ ဖြစ်နိုင်မှာပါ။
သာသမီးဆိုတာ မိဘကို ယုံကြည်စိတ်ချ နေချင်ပါတယ်၊ မိဘဆိုတာကလည်း သားသမီးရဲ့ ယုံကြည်စိတ်ချ နေမှုကို ခံယူချင်ကြပါတယ်။
ဒါကြောင့် ယုံကြည်မှုကို ဘယ်လို ပြန်လည်တည်ဆောက်မလဲလို့ အဖြေရှာဖို့ လိုပါတယ်။ ဘုရားရှင်ကတော့ "တာရှည်ဖုံးကွယ်ထားလို့ မရတဲ့ အရာ ၃ ခု ရှိတယ်။ အဲတာတွေကတော့ နေရယ်၊ လရယ်၊ အမှန်တရား ရယ် ဖြစ်တယ် (Three things cannot be long hidden: the sun, the moon, and the truth.)" လို့ ဟောတော်မူခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ နဲ့ မိဘဖြစ်တဲ့ အစိုးရ သို့မဟုတ် စီမံခန့်ခွဲသူတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ "အမှန်တရားကို ချပြခြင်းကသာလျှင် အဖြေ" ဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်ကို မုသားတွေနဲ့ တည်ဆောက်နေဦးမယ် ဆိုရင်တော့ အုတ်မြစ်မကောင်းတဲ့ အဆောက်အဦးကြီး တစ်ခုလို အခါခါ ပြိုလဲလို့ပျက်စီး နေဦးမှာပါပဲ။
အမှန်တရားဆိုတာ ခဏတာ ခါးသီးပါတယ်။ ဒါပေမယ့် ချိုမြိန်တယ်လို့ အမြင်ပြောင်းဖို့ လိုပါတယ်။ တကယ်လည်း ရေရှည်မှာ အမှန်တရားကနေ ရရှိတဲ့ အကျိုးအမြတ်ဟာ ချိုမြိန်ပါတယ်။
ကျွန်တော်တို့ ယုံကြည်ချင်ပါတယ်။ ကျွန်တော်တို့ ဘဝကို ပုံအပ်ချင်ပါတယ်။ ဒါပေမယ့် ဒီတိုင်းပြည်ကို အမှန်တရားတွေနဲ့ တည်ဆောက်ဖို့ လိုတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။