ချယ်ရီပွင့်ကြားက ကိုရီးယားကျွန်းဆွယ်ပြဿနာ
ထားထားမြင့် ( Burma-Newselite)
နွေဦးရာသီမို့ ဝါရှင်တန်ဒီစီမှာ ချယ်ရီပန်းလေးတွေ စမြင်ရပေပြီ။ မကြာခင်မှာ ပက်တိုမစ်မြစ်ဘေးမှ ဂျပန်မှလှူဒါန်းထားတဲ့ ချယ်ရီပင်တွေပွင့်လာကြပြီး ၀ါရှင်တန်ဒီစီ၏ ကမ္ဘာကျော် ချယ်ရီပန်းပွဲတော် စတင်တော့မှာ ဖြစ်ပါသည်။ ချယ်ရီပန်းလေးတွေ တနေ့တခြားပိုပွင့်လာသလို ကျမကြားနေရသော သတင်းတွေအခြေအနေတွေက တနေ့တခြား မိနစ်နှင့်အမျှ ပြောင်းလဲထူးခြားလာနေ...သည်။ အင်တာနက်က သတင်းတွေကိုကြည့်လိုက်။ ကားပေါ်က ရေဒီယိုတွေက အဆက်မပြတ်ကြေညာနေသော သတင်းတွေကိုနားထောင်လိုက် ။ ရုပ်ပုံကားချပ်အမျိုးမျိုးန
ှင့် တင်ဆက်နေသော NBC,NBS နှင့် CNN သတင်းတွေကိုကြည့်ပါ ။ အားလုံးက မြောက်ကိုရီးယားသတင်းတွေ ချည်းပဲ ဖြစ်သည်။
ကျမကတော့ ဘယ်တော့ကိုယ်ရှေ့မှာ ရုပ်ရှင်ထဲကလို မီးတွေဝင်းကနဲ ဖြစ်သွားပြီး ကိုယ်ပါပြာကျသွားမလဲ တွေးမိသည်။ မတတ်နိုင်အများနှင့်ဆိုတော့ ကမ္မသကာလို့ သာတွေးရချေ၏။ အလုပ်မှ ကျမနှင့်လုပ်ဖော်ကိုင်ဖက် အမေရိကန်တို့ ကတော့ ကြောက်ရွံစိတ်ရှိပုံ မပေါ်ပါ။ မြောက်ကိုရီးယားကို မကြောက်တာမဟုတ်။ သူတို့ အမေရိကန်အစိုးရကို ယုံကြည်တာဖြစ်သည်။ ဒီဇင်ဘာလထဲက မြောက်ကိုရီးယား က ကိုရီးယားကျွန်းဆွယ်မှာ အဏုမြုလက်နက်ဒုံးကျည်တွေ တခြိမ်းခြိမ်းစမ်းသပ်ပြီး ဟန်ရေးပြနေကတည်းက အမေရိကန် သတင်းမီဒီယာတွေက သတင်းဖော်ပြကြသည်။ လက်နက်ပညာရှင်နှင့် ကာကွယ်ရေးဌာနက အရာရှိတွေ ကျွမ်းကျင်သူတွေကို ကိုးကားပြီး တင်ဆက်တဲ့ သတင်းတွေက တပုံစံတည်း။ မြောက်ကိုရီးယားမှာ အဏုမြုလက်နက်ရှိပေမယ့် အမေရိကန်ပြည်ထောင်စုအထိ တာဝေးပစ်တိုက်ခိုက်နိုင်သည့် စွမ်းရည်မရှိပါလို့ ဆိုကြသည်။
ကျမ၏ အပေါင်းအသင်းတွေကတော့ သူတို့ အစိုးရပြောသည့်အတိုင်း တသွေမတိမ်း ယုံကြသူတွေသာချည်း။
ကော်ဖီဆိုင်တွေ အခမ်းအနားတွေမှာ မြောက်ကိုရီးယားသတင်းတွေကို စကားစပ်လို့ ပြောကြသော်လည်း ဘယ်သူကမှ မြောက်ကိုရိးယားကို စကားထဲထည့်လို့ စိုးရွံစရာလို့ ပင် မယူဆကြ။ မြန်မာနိုင်ငံသားကျမကတော့ ဒီလိုမယူဆ။ ဒါကအီရတ်နိုင်ငံတုန်းကလို သံသယ၀င်စရာ ဇီဝလက်နက်သတင်း ရိပ်ဖမ်းသံဖမ်းမဟုတ်။ တရားဝင်ကို အဏုမြုလက်နက်ကို အကြိမ်ကြိမ်စမ်းပြနေသည့် နိုင်ငံ။ ပြီးတော့ တဇောက်ကန်းအာဏာရှင်နိုင်ငံ။ ဟိုတလောက စမ်းသပ်ခဲ့သည့် အကြိမ်တုန်းကဆို ကိုရီယားကျွန်းဆွယ်မှာ ရစ်ချတ်တာစကေး ၅.၆ ခန့်ရှိသည့် မြေငလျင်ကြီးတောင် တုန်သွားသေးသည်။
မြောက်ကိုရီးယားက နိုင်ငံကရာသီဥတုဆိုးဝါး၊ စီးပွားကျလို့ ချွတ်ချုံကျနေသည့်နိုင်ငံ ။ တိုင်းပြည်မှာ မကြာခဏ အငတ်ဘေးကဆိုက်နေသည်။ သို့ သော်လည်း အာဏာရှင်အုပ်စိုးသည့် နိုင်ငံမို့  နိုင်ငံတကာနှင့် ဆက်ဆံရေးက အဆင်မပြေ။ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ချောင်ပိတ်ခံရသလို ဖြစ်တော့ သူကလည်း ညစ်တွန်းတွန်းသည်။
သူရဲ့ နိုင်ပေါက်က အဏုမြုလက်နက်။ အမေရိကန်နှင့်အနောက်အုပ်စုတို့ နှင့် ပလဲနံပသင့်နေသော ရန်သူတော် တောင်ကိုရီးယားကို မတည့်လေတိုင်း သူက အဏုမြုလက်နက် အောင်မြင်ရေးကိုသာ စောက်ချလုပ်သည်။
ကုလသမဂ္ဂနှင့် အပေါင်းပါနိုင်ငံတွေကတော့ ပထမအစမှာ မြောက်ကိုရီးယားကို သံတမန်နည်းလမ်းသုံး ကြိုးစားညှိနှိုင်းပါသေးသည်။ မြောက်ကိုရိးယားနှင့်ခပ်ဆင်ဆင် တကမ္ဘာလုံးကျဉ်တာခံထားရပြီးမှ ဒီမိုကရေစီလမ်းကြောင်း ပြောင်းလာသော မြန်မာနိုင်ငံကို ဥပမာထားပြသည်။ သို့ သော်မအောင်မြင်။
နောက်ဆုံးအကြိမ်ကိုရီးယားကျွန်းဆွယ် လှုပ်ခါသွားသော အဏူမြုလက်နက် စမ်းသပ်မှုအပြီးမှာတော့ တဦးတည်းသော မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံကပင် လက်လျှော့လိုက်ရသည်။
အခုနောက်ဆုံးအခြေအနေကိုတော့ အားလုံးအသိပင်။ တဘက်နှင့်တဘက် တရားဝင်ရန်စစိန်ခေါ်ပြီး စစ်ရေးပြင်ကြပြီဖြစ်သည်။ မြောက်ကိုရီးယားက ပထမဆုံးကိုရီးယားစစ်ပွဲအပြီး တောင်ကိုရီးယားနှင့်သဘောတူခဲ့သည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီဖြစ်ကြာင်း ကြေညာသည်။ တောင်မြောက် နယ်စပ်မှာ အလုပ်လုပ်နေသော တောင်ကိုရီးယားဘက်ခြမ်းက လူများကို ပြန်လွှတ်သည်။
တောင်ကိုရိးယားနှင့် အဓိကမဟာမိတ်ဖြစ်သော အမေရိကန်ကလည်း မြောက်ကိုရီးယားက ကန့်ကွက်နေသည့်ကြားက ကိုရီးယားနှင့်ပေါင်းပြီးစစ်ရေးလေ့ကျင့်သည်။ မြောက်ကိုရီယားမှာ အမေရိကကို တိုက်နိုင်စွမ်းမရှိဟု ပြောကြားသော်လည်း ကာကွယ်ရေးဝန်ကြီးသစ် Hagel ကိုယ်တိုင် အဏုမြုလက်နက် ဒုံးခွင်းဒုံးတွေ နေရာ ၁၄ခုမှာ ထပ်တိုးချဲ့တပ်ဆင်သည်။ ကိုရီးယားကျွန်းဆွယ်ကို စောင့်ကြည့်ဖို့ ဒုံးကျည်ဖျက် စစ်သဘောင်္ကြီးတွေ စေလွှတ်သည်။ အခုနောက်ဆုံး မြောက်ကိုရိးယားက ပစ်ခတ်လာနိုင်သည်ဟု ယူဆရသည့်  အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းမှာ မြေပြင်အခြေစိုက် တာဝေးပစ်ဒုံးကျည် ပစ်ခွင်းသည့်စနစ်ကို တပ်ဖို့ စီစဉ်နေ၏။
အခုလို စစ်ရေးတွေပြင်ကုန်ကြတော့ ကြောက်ရွံသူတို့ ကား အမေရိကန်ကိုလိုနီ ဂူအမ်ကျွန်းမှာ ဒေသခံတွေဖြစ်သည်။ အမေရိကန် အစိုးရနှင့်စစ်တပ်တွေက ဘယ်လိုအာမခံတွေ ပေးထားထား ဘာတွေဖြစ်ကုန်မယ်မှန်း သူတို့ မသိကြ။ မကြာသေးခင်က ဂူအမ်ကျွန်းကို အလုပ်တာဝန်နှင့်ပြောင်းသွားသော မြန်မာအမျိုးသမီးလေး စိမ်းစိမ်းကတော့ ဘုရားတရားကိုသာ ပိုလုပ်ဖြစ်နေသည်ဟု ကျမကိုပြောရှာသည်။
ဂူအမ်ဒေသခံတွေလို မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တကယ်စိုးရိမ်ပူပန်နေသူ တဦးလည်းရှိသည်။ သူကတော့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ဖြစ်ပါသည်။ သူကတော့ ဗြိတိန်ကိုပါ တိုက်ခိုက်လာလျှင် အသင့်ဖြစ်အောင်လို့  စကော့တလန်ရှိ ဗြိတိန်ရေတပ်ကို သွားရောက် ပြင်ဆင်အမိန့်ပေးပါသည်။ ဗြိတိန်ရေတပ်ဒုံးကျည်ဖျက် ရေငုပ်သဘောင်္များကို အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ဖို့ အမိန့်ချမှတ်ခဲ့သည်။
ဒီစစ်ပွဲသည်အဏုမြူလက်နက်လို ကြောက်စရာအန္တရယ်ကြီးသည့် နည်းပညာတွေပါတဲ့ အတွက် အလွန်စိုးရိမ်စရာကောင်းသည်ဟု ဆိုပါသည်။ ဘာဘဲပြောပြော ကိုရီးယားကျွန်းဆွယ်အရေးက တဦးကိုတဦး စကားနိုင်လု အနိုင်ယူသည့် အခြေအနေမှသည် စစ်ပြင်ရသည့် အခြေအနေသို့ ရောက်လာနေပြီ ဖြစ်သည့်အတွက် နည်းနည်းတော့ ဂရုပြုဖို့ ကောင်းသည်ဟု ကျမထင်ပါသည်။
ဒါပေမဲ့ ကျမနေထိုင်သောဝါရှင်တန်ဒီစီိမှ အမေရိကန်သူ အမေရိကန်သားအပေါင်းကတော့ ဒီတပတ်ပိတ်ရက်မှာ နွေဦးချယ်ရီပန်းပွဲတော်ကို ဆင်နွဲဖို့ သာ တွေးနေကြတုန်းပဲ ဖြစ်ပါသည်။
ထားထားမြင့် ( Burma Newselite ၏ ကိုယ်ပိုင်အတွေးအမြင်ဆောင်းပါး ဖြစ်ပါသည်။)
Share နိုင်ပါသည်။ သတင်းလင့်များမှ စာသားများကူးပြီးပြန်တင်ခြင်းသည်းခံပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။