by ကို သာ ပို on Saturday, October 6, 2012 at 9:44am
အရင်ဆုံး
စာစမရေးခင် မေးခွန်းလေးတစ်ခုကို အရင်ချရေးမိတယ်။
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ကလေးအလုပ်သမား
ဘယ်နှစ်ယောက်လောက် ရှိမလဲလို့ စာဖတ်သူထင်ပါသလဲ...?
ကလေးအလုပ်သမားဆိုတဲ့ စကားရပ်ဟာ တစ်ကမ္ဘာလုံးနဲ့
စိမ်းတဲ့စကားရပ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံလို စီပွားရေး ဖွံဖြိုးတိုးတက်မှု
နောက်ကျကျန်နေတဲ့ နိုင်ငံတွေအတွက် ပိုလို့တောင် ရင်နှီးတဲ့ စကားရပ်ပါပဲ။
ကလေးအလုပ်သမားတွေ၊ ကလေးတွေကို အလုပ်လုပ်ဖို့ ခိုင်းစေမှုတွေကို
နိုင်ငံတိုင်းလိုလိုမှာ ဆန့်ကျင်ကြပေမယ့် ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးမှာ
ကလေးသူငယ်တွေကို အလုပ်ခိုင်းစေတဲ့ ကိစ္စတွေဟာ အခုထိမပြီးဆုံးနိုင်၊ မရပ်တန့်နိုင်တဲ့
ကိစ္စရပ်တွေအဖြစ် တည်ရှိနေပါသေးတယ်။
ဖွံ့ဖြိုးတိုးတက်မှု
နောက်ကျတဲ့ နိုင်ငံတွေမှာ ကလေးသူငယ်တွေကို အလုပ်ခိုင်းစေတဲ့ ကိစ္စတွေ ရပ်တန့်အောင်
ကိုင်တွယ်ဖို့ဆိုတာ အင်မတန်မှ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်ကြီး တစ်ခုဖြစ်နေပါသေးတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ ကလေး သူငယ်တိုင်းဟာ သူတို့ရဲ့
ပညာရေးနဲ့ ကာယ၊ ဉာဏ ဖွံ့ဖြိုးရေးတွေကို ထိခိုက် ပျက်စီးစေနိုင်မယ့်
ဘယ်အလုပ်မျိုးကို မဆို မလုပ်ဘဲ နေနိုင်ခွင့် ရှိရမယ်လို့ ကမ္ဘာ့အလုပ် သမား
အဖွဲ့ချုပ်(အိုင်အယ်လ်အို)က ပြဋ္ဌာန်း ထားပါတယ်။ ကလေးတွေ ပညာသင်ကြားရမယ့် အရွယ်မှာ
ပညာမသင်ကြားနိုင်ပဲ အလုပ်လုပ်နေရတာကို ဆန့်ကျင်ထောက်ပြကြပေမယ့် အလုပ်မလုပ်ရင်
ပညာသင်ဖို့ ငွေမရနိုင်တာတွေ၊ စားဝတ်နေရေး မပြေလည်နိုင်တဲ့ မိသားစုတွေအတွက်တော့
အတော်လေး ဖြေရှင်းရကြပ်တဲ့ ကိစ္စရပ်ပါပဲ။
မြန်မာနိုင်ငံမှာ အသက် (၁၃) နှစ်အောက် ကလေးတွေကို
ကိုယ်ပိုင်မိသားစု စီးပွားရေး လုပ်ငန်းတွေမှာပဲ ကလေးတွေကို အလုပ်စေခိုင်းခွင့်
ပြုထားပါတယ်။ ကျန်စီးပွားရေး လုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေမှာ အရွယ်မရောက်သေးတဲ့
ကလေးသူငယ်များကို အလုပ်ခိုင်းစေခွင့် မရှိပါဘူး။ မြန်မာနိုင်ငံလို မိသားစုပိုဆန်တဲ့
အရှေ့တိုင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေရဲ့ ကလေးလုပ်သားတွေအပေါ် ယူဆတဲ့
သဘောထားဟာလဲ အတ်ာလေး ကွားခြားပါတယ်။ တိုင်းပြည် ဆင်းရဲမွဲတေမှု၊ တစ်ဦးချင်းနဲ့
မိသားစု ဝင်ငွေနိမ့်ကျတဲ့ သူတွေမှာ ဒီလိုပြဿနာတွေ အများဆုံးတွေ့ရတတ်ပါတယ်။
မိသားစုရဲ့ ပညာတတ်မြောက်မှု၊ ပညာရေးအပေါ် အလေးထားမှု၊ စီးပွားရေးအခြေအနေနဲ့ မြို့နေ
တောနေကွာခြားချက်တွေကလဲ ပြဿနာရဲ့ အတိမ်အနက်ကို ကွာခြားစေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးအလုပ်သမားတွေကို
ကြည့်လိုက်ရင် အဓိကအားဖြင့် နှစ်မျိုးကွဲပြားတာကို တွေ့နိုင်ပါတယ်။
ပထမတစ်မျိုးကတော့ မိသားစုစီးပွားရေး လုပ်ငန်းတွေဖြစ်ပါတယ်။ ကျေးလက်ဒေသတွေ အတွက်တော့
လယ်ယာကိုင်းကျွန်းအလုပ်၊ ဈေးရောင်းချ စားသောက်တဲ့ အလုပ်တွေ လုပ်ကိုင်ရာမှာ
တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ရတာပါ။ ပညာသင်ရင်း ကျောင်းတစ်ဖက်နဲ့ဖြစ်စေ
ကျောင်းနေခွင့်မရပဲ ဒါမှမဟုတ် ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး
လုပ်ကိုင်ရတာတွေလဲ ရှိတတ်ပါတယ်။ မြို့ပေါ်ဒေသများမှာတော့ ဈေးရောင်းခြင်း၊
ပလပ်စတစ်ကောက်ခြင်း စတာတွေ လုပ်ရတတ်ပါတယ်။
ဒုတိယ တစ်မျိုးကတော့ မိမိကိုယ်ပိုင် မိသားစုရဲ့
လုပ်ငန်းမဟုတ်တဲ့ အခြားသူတွေဆီမှာ ဝင်ရောက် လုပ်ကိုင်ရတာပဲ ဖြစ်ပါတယ်။ အသေးစား
စက်မှုလက်မှု လုပ်ငန်းများမှာ အကူအဖြစ် ဝင်ရောက် လုပ်ကိုင်ရခြင်း၊ လက်ဖက်ရည်ဆိုင်၊
ဈေးဆိုင်တွေမှာ စားပွဲထိုး လုပ်ကိုင်ရခြင်းနဲ့ မိသားစုနဲ့ နီးစပ်ရာ ဆွေးမျိုး
မိတ်ဆွေတွေရဲ့ အိမ်တွေမှာ အကူအဖြစ် လုပ်ကိုင်ရခြင်းတွေပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကတော့ ပညာသင်ကြားခွင့် အခြေအနေ လုံးလုံး မရရှိတတ်ပါဘူး။ အထက်ပါ
အခြေအနေ နှစ်ရပ်လုံးဟာ မိသားစု စီးပွားရေးဆိုတဲ့ အကာအကွယ်အောက်ကနေ
လုပ်ကိုင်နေကြတာဖြစ်ပြီးတော့ မိသားစုရဲ့ စီးပွားရေးအခြေအနေဲနဲ့ တိုက်ရိုက်ကို
သက်ဆိုင်ပါတယ်။
ဒီကလေးတွေရဲ့ မူလဇစ်မြစ်ကို ပြန်ကြည့်မယ်ဆိုရင်
ဝေးလံခေါင်သီတဲ့ တောရွာတွေက ဖြစ်တာများသလို မြို့ကြီး ရွာကြီးတွေကဆိုရင်လဲ
စားသောက်ဖို့တောင် အနိုင်နိုင် ဖြစ်နေကြတဲ့ မိသားစုတွေက ပေါက်ဖွားလာကြတာတွေပါ။
မိဘတွေက အလုပ်ကြမ်းသမား၊ လက်လုပ် လက်စားတွေ၊ လယ်ယာလုပ်ငန်းတွေကို ပင်ပန်းစွာ
လုပ်ကိုင်ရသူတွေ၊ ပညာမတက်ကြတဲ့သူတွေ ဖြစ်နေတာကို များသောအားဖြင့် တွေ့ရတက်ပါတယ်။
အားလုံးကို မဆိုလိုနိုင်ပေမယ့် ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာ ဆင်းရဲမွဲတေမှုရဲ့
နောက်ဆက်တွဲ ရလဒ်ဖြစ်တဲ့ အိမ်ထောင်ရေး ပဋ္ဋိပက္ခတွေလဲ ရှိနေတက်ကြပါသေးတယ်။
သူတို့လေးတွေ မွေးဖွားလာတဲ့နေရာမှာ
ကျန်းမာရေးအသိနည်းမှု၊ ဂရုစိုက်နိုင်စွမ်းနဲ့ အိမ်ထောင်ရေး အစီအစဉ်တွေ မရှိကြလို့
မွေးချင်းတွေ များကြတဲ့ မိသားစုတွေ ဖြစ်ကြတာ များတာကိုလဲ တွေ့ရတတ်ပါတယ်။
မိမိကလေးကို အတန်းပညာ သင်ကြားစေဖို့ထက် ထမင်းဝအောင် ကျွေးနိုင်ဖို့က
နေ့စဉ်နေ့တိုင်း ကြုံဆုံနေရတဲ့ ဘယ်လိုမှ မရိုးနိုင်တဲ့ အဓိက ပြဿနာကြီးပါ။
နည်းနည်းလေး အရွယ်ရလာတာနဲ့ သူတို့လေးတွေဟာ မိဘတွေကို ကူညီပြီး လယ်ယာအလုပ်လို၊
အလုပ်ကြမ်း လိုမျိုးတွေမှာ ဝင်ရောက်ကူညီ လုပ်ကိုင်ရတတ်ပါတယ်။
နောက်တော့ အလုပ်သမား ဈေးကွတ်ဖြစ်တဲ့
စားသောက်ဆိုင်လို၊ အိမ်ဖော်လို၊ လက်ဖက်ရည်ဆိုင်လို နေရာမျိုးတွေကို
ဆွေမျိုးနီးစပ်တွေက တဆင့်ခံပြီး သွားရောက် အလုပ်လုပ်ကြဖို့ အခြေအနေတွေက
ဖန်တီးလာတတ်ပါတယ်။ ဒီလိုကလေးတွေအတွက် အခုအလုပ်တွေက မူလက လယ်ယာလုပ်ငန်းတွေလို
လုပ်ကိုင်ရတဲ့ အလုပ်တွေထက် ပိုပြီးသက်သာတယ် ထင်ရပါတယ်၊ နောက်တစ်ချက်က ရှာသလောက်
စားကုန်သွားတာမျိုး မဟုတ်ပဲ စားပြီးသောက်ပြီး တစ်လကို နှစ်သောင်း သုံးသောင်း
အိမ်ကိုပြန် ထောက်ပံ့နိုင်ပါသေးတယ်။ မူလလုပ်ကိုင်ရတဲ့ အလုပ်မှာထက် ပတ်ဝန်းကျင်နဲ့
ပိုပြီးထိတွေ့ခွင့် ရနိုင်ပါသေးတယ်။ နောက်တစ်ခု ပြောရရင် အလုပ်ရှင်တွေက သူတို့ရဲ့
ကျေးဇူးရှင် လိုမျိုး ဖြစ်နေကြတာပါ။
အလုပ်ရှင်တွေအနေနဲ့ကလည်း လုပ်ခဈေးသက်သာတာ
နောက်ပြီးတော့ ကလေးတွေဖြစ်တာမို့ ကလေးသဘာဝ ကရိကထများတယ် ဆိုတာထက်
တခြားအလုပ်သမားတွေထက် ထိမ်သိန်းရလွယ်တာ တွေကြောင့် သူတို့ကို
ပိုပြီးသုံးချင်ကြပါတယ်။ နောက်တစ်ခုက အလုပ်ရှင်တွေက သူတို့စိတ်ထဲမှာတင်
ဒီကလေးတွေကို ကယ်တင်ထားတယ်ဆိုတဲ့ စိတ်ရှိနေတာပါ။ ရွာမှာဆိုရင် ဒိထက်ဆိုတဲ့
အခြေအနေနဲ့မို့ လာကြတာပါ။ တစ်ချို့တွေ့ဖူးသူတွေဆိုရင် ထမင်းတောင် နပ်မှန်အောင်
မစားရတာတွေ ဒုနဲ့ဒေးပါပဲ။ သူတို့တစ်တွေ ရတဲ့လစာဆိုတာကလဲ မဖြစ်စလောက်
ခိုင်းကောင်းရုံ ရကြတာများပါတယ်။
ဒီလိုမျိုး ပညာမသင်ကြားနိုင်တဲ့ ကလေးတွေ၊
ငယ်ငယ်ရွယ်ရွယ်နဲ့ မတန်တဆ မိသားစုတာဝန်ကိုထမ်းပြီး အလုပ်လုပ်နေရတဲ့ ကလေးတွေ
ဘယ်လောက်တောင် ရှိနေပြီလဲ။ ဒီကလေးတွေဟာ အသိပညာ၊ အတတ်ပညာ လေ့လာသင်ယူရမယ့်အစား
လုပ်ငန်းခွင်ထဲက ငွေရေတွက်တာနဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အမူအကျင့်တွေကို
အတုခိုးနေနိုင်ပါတယ်။ တွေးကြည့်ရင် အင်မတန်မှ ရင်လေးစရာ ကောင်းလှပါတယ်။
တိုင်းပြည်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့
နိုင်ငံသားတိုင်းရဲ့ အခြေအနေတွေ မြင့်မားလာမှ ဖြစ်နိုင်မှာပါ။
ပြဿနာရဲ့ အစဟာ ဆင်းရဲမွဲတေမှုပါပဲ။ အခမဲ့
ပညာသင်ကြားခွင့် ရရင်တောင်မှာ သူတို့လေးတွေဟာ ကျောင်းတက်ပြီး ပညာသင်ကြားဖို့
မလွယ်ပါဘူး။ ကျွန်တော်တို့ဟာ ဥပဒေနဲ့ အလုပ်လုပ်နေရတဲ့ ကိစ္စတွေကို
တားကောင်းတားပေးနိုင်ပေမယ့် ပြဿနာတွေကို မဖြေရှင်းပေါ်နိုင်သေးပါဘူး။ ဥပဒေနဲ့
တားဆီးလိုက်ရင်တောင် ပိုမိုခါးသီးတဲ့ ဘဝတွေရောက်သွားအောင် တွန်းပို့လိုက်သလိုတောင်
ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံအနာဂါတ်အတွက် အလေးထားပြီး စဉ်းစားရမယ့် အရာတွေထဲမှာ
ဒီကလေးတွေရဲ့ အရေးဟာလဲ အလွန်အရေးကြီးတယ် ထင်မိပါတယ်။
ဒီပြဿနာတွေ လျော့ပါးသွားဖို့ဆိုရင် ဆင်းရဲမွဲတေမှု
ပပျောက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာရေး၊ လူကုန်ကူးမှုနဲ့
ကလေးသူငယ်ဆိုင်ရာ ဥပဒေတွေ ပြည့်စုံကောင်းမွန်စွာ ပေါ်ထွက်လာရေး၊ ကျောင်းနေကလေးတိုင်း
အခမဲ့ ပညာသင်ကြားခွင့် ရရှိရေး၊ သားဆက်ခြားခြင်းကဲ့သို့သော မျိုးဆက်ပွား
ကျန်းမာရေးအသိတွေ လူထုထဲ ပျံနှံရောက်ရှိရေးနဲ့ ပညာကို အလေးထားတတ်တဲ့ မိသားစုတွေ
ဖြစ်လာအောင် စည်းရုံးသိမ်းသွင်း ပညာပေးခြင်းတွေ အတော်လေးကို အားစိုက်ပြီးတော့
လုပ်ရမှာပါ။ ဥပဒေဆိုတာမျိုးထက် နားလည်မှုကို အခြေခံတဲ့ ဖြည့်စီးဆောင်ရွက်ပေးမှုတွေ
လိုအပ်တာပါ။
နိုင်ငံကို ပြန်လည်တည်ဆောက်နေတဲ့ ကာလတစ်ခုမှာ
တခြားအရေးကြီးတာတွေ အများကြီးကြုံရနိုင်ပေမယ့် နိုင်ငံအနာဂါတ်နဲ့ဆိုင်တဲ့
ဒီကလေးအလုပ်သမားတွေ ရှိနေတဲ့ကိစ္စရပ်တွေကိုလဲ မေ့မထားကြပါနဲ့လို့
ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Luminox
7.10.2012
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။