by Soe Aung on Thursday, October 18, 2012 at 11:10pm
ဒီတစ်ခေါက် KL
ကပြန်တော့ လက်ထဲမှာ စာအုပ်တော်တော်များများ ရလာခဲ့တယ်။ ဝယ်တာရော အလကားရလာတာရော။
ဒီထဲမှာ ဆေးကျောင်းတက်နေတဲ့ သမီးအတွက် စာအုပ်ပါးပါးလေး တစ်အုပ်ကို Megamall က MPH
စာအုပ်ဆိုင်ကြီးမှာ မြင်တော့ အတော်သဘောကျမိပါတယ်။ တခြား စာအုပ်တွေနဲ့ မတူတာက
ဆရာဝန်တစ်ဦးအတွက် တကယ်လိုအပ်တဲ့ ခေါင်းစဉ်နဲ့ စာအုပ် ဖြစ်နေလို့ပါ။ စာအုပ်နာမည်က
"How to become a good & successful medical student" တဲ့။ ရေးတဲ့သူက MD နဲ့
PhD ဘွဲ့ရ ဆရာဝန်မကြီး တစ်ဦးပါ။ ၂ဝ၁၂ မှာ ဒုတိယအကြိမ် ရိုက်နှိပ်ရပါတယ်။
အဲဒီစာအုပ်ကို ချက်ချင်းပဲ ဝယ်လာခဲ့တယ်။
မြန်မာပြည်ပြန်ရောက်လို့ Facebook ထဲဝင်လိုက်တော့
မြင်လိုက်ရတဲ့ သတင်းကလည်း ဆေးကျောင်းသားတွေနဲ့ တိုက်ရိုက် ဆိုင်နေပြန်ပါရော။
စာမေးပွဲ မအောင်တဲ့ Debar ထိတဲ့ ဆေးကျောင်းသားတွေ 'အရေးဆို' တဲ့ သတင်း။ အဲဒါကို
တုန့်ပြန်တဲ့ ဆေးလောကသား များရဲ့ မှတ်ချက် comment တွေ။ ရင်ခုန်ဖွယ်
စိတ်ဝင်စားဖွယ်ပါပဲ။
တစ်ခါ Facebook ထဲမှာပဲ ဆေးကျောင်း
သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲတဲ့အခါ လေ့လာထားသင့်တဲ့ SPICES ဆိုတဲ့
ဆေးပညာသင်ကြားရေးပုံစံကို ဆရာ Charlatan ရေးထားတာ ဖတ်ရပြန်တော့ အတော်သဘောကျမိပါတယ်။
၁၉၈၄ မှာ အဲဒီ Model အကြောင်းကို Prof Harden က စရေးခဲ့ပြီး အခုထက်ထိလဲ သူတို့က
ကိုးကားနေဆဲပဲ ဖြစ်ပါတယ်။
ကျောင်းသားဗဟိုပြုနဲ့ ဆရာဗဟိုပြုတို့ကြား
(Sutdent-centered)၊ ပြဿနာအခြေပြုနဲ့ အချက်အလက် စုစည်းမှု
အခြေပြုတို့ကြား (Problem-based)၊ ပေါင်းစပ်မှုအခြေ ပြုနဲ့
ဘာသာခြားနားအခြေပြုတို့ကြား (Integrated)၊ လူထု အခြေပြုနဲ့
ဆေးရုံအခြေပြုတို့ကြား (Community-based)၊
စိစစ်ရွေးချယ်သင်ရိုးနဲ့ တူညီသင်ရိုးတို့ကြား (Elective
curriculum)၊ စနစ်အခြေပြုနဲ့ အလုပ်သင်အခွင့်အလမ်းအခြေပြုတို့ကြား
(Systematic)။ ဒီ ခြောက်ခုသော SPICES ကို ဟန်ချက်ညီအောင်
မလုပ်နိုင်ရင် ကျောင်းသားတွေကို ဆေးကျောင်းမှာ ငြီးငွေ့ဖွယ် ဖြစ်စေပါလိမ့်မယ်။
အကျိုးမနပ် ဖြစ်စေ ပါလိမ့်မယ်။ အလုပ်ခွင်နဲ့ နီးစပ်တဲ့ သင်ရိုးညွှန်းတန်းဖြစ်ဖို့
တကယ်ကို လိုအပ်ပါတယ်။
ဆေးကျောင်းသားလေးတွေ အောင်မြင်တဲ့
ဆေးကျောင်းသားကောင်း၊ ဆရာဝန်ကောင်းတွေ ဖြစ်လာအောင် အားလုံးမှာ တာဝန်ရှိပါတယ်။
ခဏခဏပြောနေတဲ့ မိတ်ဆွေဖွဲ့ ပဉ္စဂံ(partnership pentagon) မှာ ဆေးကျောင်းဟာ တစ်ခု
ပါနေ လေတော့ ကျန်တဲ့ "အစိုးရ၊ ပေါ်လစီရေးဆွဲသူ၊ ဆရာဝန်များနဲ့ လူထု" တို့ဟာလည်း
ဆေးကျောင်းသားလေးတွေကို တိုးတက်အောင်မြင်စေချင်ကြမှာ မြေကြီးလက်ခတ်မလွဲပါ။
အားလုံးပေါင်းပြီး ကျန်းမာရေးစံနစ်ကြီးကို ပြုပြင်ကြရမှာပါပဲ။ ဒီလို
ပူးပေါင်းဆောင်ရွက်တာကို Integrated လို့ ခေါ်လေတော့ ဆိုင်ရာ ဆိုင်ရာ ဌာနကိုမှ
ကိုယ့်ဌာန မအောက်မေ့ပဲ တစ်ဌာန တည်းအနေနဲ့ တကယ်ကို ပူးပေါင်းကြဖို့ လိုပါလိမ့်မယ်။
အဲဒီတစ်ဌာနတည်းကတော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် health care system ပါပဲ။
ဆေးတက္ကသိုလ်တွေမှာ ကျောင်းသားဦးရေများလို့
လျှော့မယ်၊ ဆရာတပည့်အချိုးကို ကောင်းစေမယ်၊ ကျူရှင်အားကိုး မှတ်စုစာအုပ်
အားကိုးအဆင့်ကနေ ဟိုတုန်းကလို ပြဋ္ဌာန်းစာအုပ်ကြီးတွေကို ဖတ်နိုင်စွမ်းရှိအောင်
ငါးမှတ်တန် ဆယ်မှတ်တန် စသည်ဖြင့် သူ့အမှတ်လိုက် စာမေးပွဲမှာ ကောက်ချက်ဆွဲယူ
ဖြေဆိုတတ်အောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးမယ်၊ ဆေးကျောင်းတက်ရတဲ့ စိတ်နေစိတ်ထား
ဆရာဝန်ဖြစ်ချင်တဲ့ စိတ်နေစိတ်ထား attitudeကို ရည်ရွယ်ချက် ကောင်းတဲ့ဖက်ရောက်အောင်
ဆောင်ကြဉ်းပေးမယ်၊ နိုင်ငံတကာအမြင်ရှိအောင် တခြားနိုင်ငံတွေနဲ့ ချိတ်ဆက်
ဆောင်ရွက်မယ်ဆိုတဲ့ အနာဂတ်အစီအစဉ်တွေကို သတင်းသန့်သန့် ကြားရတာလည်း
ဝမ်းသာမိပါရဲ့။
ဒီကြားထဲမှာ Debar ထိတဲ့ ကျောင်းသားတွေရဲ့
ဆန္ဒပြပွဲဆိုတော့ ဆေးလောကလူကြီးတွေကလဲ ကိုယ်စာမကျက်လို့ ကိုယ် ကျတာ ဘာလို့
ဒီလိုလုပ်ရလဲ ဆိုပြီး စိတ်မကောင်းဖြစ်ကြရတယ်။ နောက်ကနေတဲ့ မိဘတွေ
အဖွဲ့အစည်းတွေကလည်း ကိုယ်စာမကျက်လို့ ကိုယ်ကျတာကို ဘာလို့ ထည့်မပြောကြတာလဲ၊ ဘာလို့
ကျောင်းသားတွေကို မဟုတ်တဲ့ဖက်မှာ မြှောက်ပေးနေရတာလဲလို့ ဝေဖန်သံတွေ
လျှံနေလေရဲ့။
အဲဒီတော့ ဆယ်တန်းအောင်လို့ ဆေးကျောင်းကို
ရောက်လာမဲ့ ကလေးတွေကို သေသေချာချာ မှန်မှန်ကန်ကန် စိစစ်လက်ခံ ပြီးတဲ့နောက် Good
Medical Student တွေ ဖြစ်လာအောင်၊ Successful Medical Student လေးတွေ အများကြီး
ပေါ်ထွက်လာအောင် ကျန်းမာရေးစနစ်ဖက်ကလည်း ပြင်ကြရမယ်၊ ကျောင်းသားတွေဖက်ကလည်း
ပြင်ကြရမယ်။ နှစ်ဖက် ပြင်တဲ့နေရာမှာ တက်ညီလက်ညီဖြစ်ကြရမယ်။ ရန်ဖြစ်နေလို့ မဖြစ်ဖူး၊
ဆွေးနွေးညှိ့နှိုင်းဆောင်ရွက်ကြဖို့ပဲ လိုတယ်ဆိုတဲ့ အကြောင်း အဓိကထားပြီး
တင်ပြလိုပါတယ်။
ဆေးကျောင်းသားလေးတွေ စာမေးပွဲမကျ၊ Debar
မထိရလေအောင် အောင်မြင်တဲ့ ဆေးကျောင်းသားတွေ ဖြစ်ရလေအောင် စဉ်းစားစရာ Points to
Ponder တချို့ကို ဖောက်သည်ချရရင်
၁။ ဆေးကျောင်းသားကောင်းတစ်ဦးဖြစ်ဖို့
လူသားကောင်းတစ်ဦး good person ဖြစ်ဖို့ လိုပါတယ်။ လူသားကောင်းဟာ
လူသားထုအပေါ် ကြင်နာ တတ်တယ်။ ကိုယ်တာဝန်
ကိုယ်သိပြီး ကိုယ်တာဝန်ကို ကျေပွန်တယ်။
၂။ လူသားကောင်းတစ်ဦးဖြစ်ဖို့ ကောင်းတာလုပ်ရင်
ကောင်းတာဖြစ်တယ်ဆိုတာနဲ့ မကောင်းတာလုပ်ရင် မကောင်းတာ
ဖြစ်တယ်ဆိုတာကို ယုံကြည်လက်ခံနိုင်ရမယ်။ You
have to reap what you sow.
၃။ ဖတ်၊ နားထောင်၊ ဆွေးနွေး၊ ပြုလုပ်၊ သင်ကြား
ဆိုတဲ့ ငါးဆင့်လုံးကို ကျောင်းသားဘဝတည်းက ကြိုးစားလုပ်ကိုင်ရမယ်။
၎။ စာမေးပွဲအတွက် ဦးတည်တဲ့အခါ စာဖတ်ရုံနဲ့
မပြည့်စုံ၊ တခြားအကြောင်းတရားမျိုးစုံလည်း ပါနေတယ်ဆိုတာ သိရှိ လက်ခံပြီး
တတ်နိုင်သမျှ ပြည်စုံအောင် ကြိုတင်ပြင်ဆင်ရမယ်။ ဥပမာ - ကျန်းမာရေး၊ အကင်းပါးမှု၊
မေးခွန်းဟောင်း လေ့လာမှု။ အုပ်စုလိုက် စာမေးပွဲအတွက် ပြင်ဆင်မှု။
၅။ အရေးအကြီးဆုံးနှစ်ချက် မပါပဲ အောင်မြင်တဲ့
ဆေးကျောင်းသား မဖြစ်နိုင်ပါ။ အဲဒီနှစ်ချက်ကတော့ ကိုယ့်ကိုကိုယ် ဘယ်တော့မှ
မလိမ်ဖို့နဲ့ အချိန်တစ်ခု အခြေအနေတစ်ခုက ခွင့်ပြုသလောက် မိမိအတတ်နိုင်ဆုံး
အကောင်းဆုံးဖြစ်အောင် ကြိုးစားထားဖို့ ဖြစ်ပါတယ်။ Sincere and Do things to the
best of your ability
ဒီဆောင်းပါးမှာ ဆက်ပြီးပြောလိုတဲ့
နောက်တစ်ချက်ကတော့ ကျန်းမာရေးစနစ်ဖက်က ပြင်ရမဲ့အချက်လေးတွေ ဖြစ်ပါတယ်။
ရှေ့မှာ ပြောခဲ့တဲ့ SPICES model ကို
ကျွန်တော်တို့ ဆေးကျောင်းတွေမှာ ဘယ်လောက် ကျင့်သုံးနိုင်ပြီလဲ ? အကြမ်းဖျင်း
ကြည့်လိုက်ရင်ကိုပဲ ကျွန်တော်တို့ အများကြီး လိုနေပါသေးတယ်၊ သေချာပါတယ်။
အများကြီးလိုနေပါသေးတယ်။
အဓိက အဲဒီလို ဖြစ်နေရတဲ့ အကြောင်းရင်းက
ကျွန်တော်တို့တွေရဲ့ စဉ်းစားပုံ mindset ပါပဲ။ ဆရာဝန်ဖြစ်မယ်၊ အထူးကု လုပ်မယ်။
ဆိုင်ရာ discipline ဥပမာ ဆေး၊ ခွဲစိတ် စသည်မှာ နေရာရလာမယ်၊ ဝင်ငွေကောင်းလာမယ်၊
ကိုယ့်တာဝန် ကိုယ် ကျေပွန်စေမယ်၊ စေတနာထားဖို့ ကြိုးစားမယ်။ ဒါဆိုရင်ကို
တကယ်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ပဲ၊ ရှားပါးတဲ့အထဲပါတယ်။
ဒါပေမဲ့ တစ်ခုလိုနေပါသေးတယ်။ အဲဒီ ကိုယ့်
discipline ဆိုတဲ့ စနစ်ခွဲ subsystem အောက်က ရုန်းထွက်ပြီး ပင်မစနစ် main system
ထဲကို ဝင်ဖို့ လိုတယ်ဆိုတဲ့ စဉ်းစားပုံ mindset ဖြစ်ပါတယ်။ health care system
အတွက် လုပ်ရမယ်။
SPICES ကိုကြည့်ရင်
S = student-centred၊ သူကနေ တဖက်ကို ကြည့်ရင်
teacher-centred။ ကျွန်တော်တို့ဆေးကျောင်းမှာ တပည့်က မလှုပ်။ ဆရာတွေကသာ တွန်းပြောနေ။
တပည့်ကို ပြောရဲ ဆွေးနွေးရဲအောင် လုပ်မပေးနိုင်။ တချို့ဆို ဆရာမာန်နဲ့
ပိတ်ဆို့ထားသေး။
P = problem-based၊ တဖက်ကို ကြည့်ရင် information
gathering။ စာတွေပဲ တွန်းကျက်၊ ကျက်ဖို့လိုပါတယ်။ ဒါပေမဲ့ လက်တွေ့ problem ထဲကို
ဒီအချက်တွေ ထည့်စဉ်းစားအောင် လေ့ကျင့်မပေး။
I = Integrated၊ တဖက်ကို ကြည့်ရင်
Disciplin-based။ ကိုယ့်ဌာနနဲ့ ကိုယ်မနေပဲ စုပေါင်းဆောင်ရွက်မှု၊ priamry care နဲ့
secondary care, tertiary care တို့ကြား ချိတ်ဆက်မှု။ ဆရာနဲ့တပည့်ကြားချိတ်ဆက်မှု၊
ဦးစီးဌာနကြားချိတ်ဆက်မှု၊ ဝန်ကြီး ဌာနကြားချိတ်ဆက်မှု၊ partnership of pentagon
(ရှေ့မှာပြောပြီး) ငါးဦးကြား ချိတ်ဆက်မှု။ အဲဒီလို integrate ဖြစ်နိုင်ဖို့ health
care plan ကို အထူးပြု လေ့လာထားရုံမက နိုင်ငံတကာ အတွေ့အကြုံ ရှိသူတွေကို
ကျန်းမာရေးခေါင်းဆောင် ခန့်ဖို့ လိုပါတယ်။ ကုသရေးဖက်ကို အထူးပြုလေ့လာထားသူတွေက
သူတို့ တသက်လုံး စူးစိုက် in-depth လေ့လာခဲ့တဲ့ ကုသရေး လိုင်းမှာပဲ နေတာ
ကောင်းပါတယ်။ ဒါမှမဟုတ်ရင်တော့ နှစ်ဖက်လုံးမှာ နစ်နာပါတယ်။ သူ့အထူးပြုဖက်ကလည်း
ဆုံးရှုံးတယ်။ health care system ဖက်ကလည်း ဆုံးရှုံးတယ်။
C = Community-based တဖက်ကို ကြည့်ရင်
Hospital-based။ အရမ်းအရေးကြီးပါတယ်။ တိုင်းပြည့်ရဲ့ ကျန်းမာရေး ecosystem
ကိုကြည့်ရင် လူ ၁ဝဝဝ မှာ တစ်ယောက်ပဲ ဆေးရုံကြီးတွေကို ရောက်လေတော့ ဆရာဝန်အများစုဟာ
primary care မှာ နေရမှာပါ။ ဒါကို မမေ့ပါနဲ့။ အဲဒီဆရာဝန်တွေဟာ primary care
specialist တွေ ဖြစ်လာရပါမယ်၊ Family Medicine specialist တွေ ဖြစ်လာဖို့
တိုင်းပြည်ရဲ့ health care system ကနေ master plan ချပြီး လေ့ကျင့် မွေးထုတ်
ပေးရာမှာ ဆေးကျောင်းသားဘဝကတည်းက community-based နဲ့ စတင်ဖို့ လိုပါတယ်။
E = Elective curriculum၊ တဖက်ကို ကြည့်ရင်
uniform-curriculum။ ဆေးကျောင်းသားတွေကို ဆေးစာမှာပျော်မွေ့နိုင်ဖို့
အထူးအရေးကြီးပါတယ်။ သင်ရိုးကို ပြုပြင်ဖို့လိုသလို အပြန်အလှန် interactive teaching
ဖြစ်ဖို့လိုပါတယ်။ ဆေးကျောင်းကို တခြားနိုင်ငံတွေမှာ ပညာရေးဝန်ကြီးဌာနအောက်မှာ
ထားတတ်ပါတယ်။ Medical Educator တွေရဲ့ အရေးကြီးပုံကို ဖော်ကျူးပါတယ်။ တိုင်းပြည်ကို
တည်ဆောက်ရင် ပညာရေးကို ကျန်းမာရေးထက် ဦးစားပေးရမှာ ဖြစ်တော့ ဒီအချက်ကို
ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။
S = Systematic၊ တဖက်ကို ကြည့်ရင်
apprenticeship-based။ ကျပန်း မသွားပဲ ကျောင်းသားဘဝကတည်းက package approach နဲ့
စနစ်တကျ ရှိဖို့ လိုပါတယ်။ ဆရာဝန်တစ်ဦးရဲ့ ဖြစ်စဉ် timeline ကို
ကျောင်းသားကိုယ်တိုင်က မြင်ပြီး အဆင့်လိုက် ဘာတွေ သိသွား လေ့ကျင့်သွားရမယ်ဆိုတာ
ထင်သာ မြင်သာရှိနေရပါမယ်။ အလုပ်အကိုင် အခွင့်အလမ်း တွေကိုလည်း ရှင်းရှင်းလင်းလင်း
သိနေရပါမယ်။
ဆေးကျောင်းသားလေးတွေဟာ ကိုရင်လေးတွေလိုပဲ
ကျွန်တော်တို့ ဆေးလောကရဲ့ ရေသောက်မြစ်ပါ။ ဆေး ကျောင်းသားမရှိရင် ဆရာဝန်
ဖြစ်မလာနိုင်ပါ။ ဆေးကျောင်းသားညံ့ရင် ဆရာဝန်တွေ ညံ့ပါလိမ့်မယ်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆိုတဲ့
အခြေခံပညာရေးကတော့ ဖိုးသူတော်လေးတွေလိုပဲ ကျွန်တော်တို့ ဆေး ကျောင်းသားတွေ အခြေခံ
ကောင်းလာဖို့၊ ဆေးကျောင်းသားဘဝကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့
မရှိမဖြစ်ပါ။ အဲဒီအခြေခံမှာ ညံ့လာခဲ့ရင် ဆေးကျောင်းမှာ ဒုက္ခရောက်တာပါပဲ။
ဒါကြောင့် အခြေခံပညာရေးမှာကတည်းက ပညာရော၊
စိတ်ထားရောတော်မွန်တဲ့ ကျောင်းသားတွေ ဖြစ်အောင် လေ့ကျင့်၊ သင့်တော်သူကိုမှလည်း
ဆေးကျောင်းကို အဝင်ခံ၊ အောင်ချက်ကို အဓိကမထားပဲ အရည်အသွေးကို အဆင့်လိုက် စစ်ထုတ်၊
ဆရာတွေဖက်ကလည်း 'စေတနာနဲ့ သဘာ' ရင့်ကျက်ပစေ၊ SPICES ဆိုတဲ့ ပညာရေးပုံစံရဲ့
ရည်မှန်းချက်ကိုလည်း လူထု လိုအပ်ချက်လို့ နားလည်ပြီး မျက်ခြည်မပြတ် အကောင်အထည်
ဖော်မယ်ဆိုရင်ဖြင့်….
ကျွန်တော်တို့ ဆေးလောကအဆင့်အတန်းဟာ မြင့်မားကို
မြင့်မားလာရမယ်လို့ ယုံကြည်မိကြောင်းပါဗျာ။ အားလုံး မင်္ဂလာပါ။
ဒေါက်တာစိုးအောင်
၁၈ ၊ ၁ဝ ၊ ၂ဝ၁၂
How to become a good and successful medical student?
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။