by A Mon Moon on Friday, October 19, 2012 at 12:03pm
နှင်းဆီ နီနီရဲရဲတွေ.......သူတို့ ကို
ကျွန်မသိပ်ချစ်သည်။ ကျွန်မက မိန်းမသားပီပီ စံပယ်ပန်း၊ ခရေပန်း၊ ပိတောက်ပန်း၊
ကံကော်ပန်း အားလုံးကို နှစ်သက်မြတ်နိုးတတ်သူပါ။ ငယ်ငယ် ကလေးဘ၀ကတော့ ချယ်ရီပန်းတွေက
ကျွန်မရဲ့ စိတ်ကူးယဉ် အိပ်မက်တွေဖြစ်ခဲ့ဖူးပါသည်။
အိမ်နောက်ဖေးမှာ တပင်လုံးဝေနေအောင်ပွင့်တတ်တဲ့ ချယ်ရီပန်းတွေကို
နေ့တိုင်း အပင်ပေါ်အထိ တက်တက်ခူးပြီး ဘုရားမှာ ဝေနေအောင်လှူတတ်တာကို အမှတ်ရမိပါသည်။
ထိုကလေးဘ၀ကတည်းက ကျွန်မက ပန်းပွင့်လေးတွေကို နှစ်သက်တတ်သူ တစ်ယောက်လို့ အသိအမှတ်ပြု
ပြောဆိုခံရဖူးခဲ့ပါသည်။ တောင်ပေါ်ဒေသမှာ ဒေသပန်းများဖြစ်တဲ့ ချယ်ရီပန်းတွေအပြင်
ယိမ်းနွဲ့ စွာ နွယ်ယူပွင့်ငင်တတ်တဲ့ ပဲပန်းရောင်စုံလေးတွေ၊ တစ်ခင်းလုံး
ပုလဲရောင်ထပြီး မွှေးနေအောင်ပွင့်တတ်တဲ့ ရေမွှေးပန်းတွေ....သူတို့ က ကျွန်မငယ်ဘ၀ရဲ
့ပန်းချီကားချပ်တွေဖြစ်ခဲ့ဖူးပါသည်။
နောက် စံပယ်ပန်းလေးတွေကို ကျွန်မချစ်မိပြန်သည်။
ဖွေးနေအောင်ပွင့်တတ်တဲ့ စံပယ်ပန်းတွေကို စံပယ်ပန်းရုံကနေ ခူးဆွတ်ပြီး ကြိုးနဲ
့သီရတာ ကျွန်မအတွက်တော့ သိပ်လှတဲ့ ပုံပြင်လေးတစ်ပုဒ်လိုပါ။ ပန်းတွေမှာ ရနံလေးတွေ
အမျိုးမျိုးရှိကြတဲ့အထဲ စံပယ်ရဲ့ မွှေးရနံကိုတော့ ကျွန်မနှစ်သက်စွဲလမ်းမိပြီး
ညတိုင်းလိုလို အိမ်ခေါင်းရင်းပြတင်းပေါက်က ပျံ့ လွင့်လာမယ့် စံပယ်နံ့ နဲ
့အိပ်မက်မက်တတ်သူ ဖြစ်ခဲ့ရပါသည်။ ကျွန်မဆံနွယ်တွေထက်မှာ အမြဲနေရာယူတတ်သူကတော့
နွေဦးကံ့ကော်ရယ်ပါ။ ချယ်ရီတွေနဲ့ ဝေးခဲ့ရလို့ ဝမ်းနည်းခဲ့ရတဲ့ ကျွန်မကို သူက
အစားထိုးနှစ်သိမ့်သူရယ်ပါလေ။ ကျွန်မရဲ့ ဆံနွယ်ရှည်ရှည်လေးတွေကို ဖဲကြိုးအစိမ်းလေးနဲ
့စုစည်းချည်နှောင်ပြီး ၀တ်ဆံဝါ၀ါလေးတွေနဲ့ ပွင့်ချပ်ဖွေးဖွေး ကံ့ကော်ပွင့်ကလေး
တစ်ပွင့်ကို ဆံညှပ်ကလေးနဲ့ မေမေက ပန်ပေးခဲ့တဲ့ အဲဒီနေ့ လေးက ကျွန်မရဲ
့ဒေသအပြောင်းအလဲ ကို အသားကျသွားစေခဲ့တဲ့ အကြောင်းချင်းတစ်ရပ် ဖြစ်ခဲ့ရပါသည်။
ကံ့ကော်ပွင့်လေးတွေနှင့် ကျွန်မရဲ
့ဆယ်ကျော်သက်ဘ၀ကို ဖြတ်သန်းကုန်လွန်ခဲ့ရတဲ့ အခိုက်အတန့်တွေက ဖြူစင်ရှင်းသန့်စွာ
ကုန်လွန်စေခဲ့သူက မေမေရယ်ပါ။ မေမေက ကျွန်မကို ကံ့ကော်ပွင့်လေးတွေ
ခေါင်းမှာထိုးပေးတိုင်း
"သမီးလေး မိန်းမသား ဘ၀ဆိုတာ
ဒီကံ့ကော်ပွင့်လေးတွေလိုပဲ...သမီးရဲ့ ကိုယ်ကျင့်သိက္ခာက သူ့ ဝတ်ဆံလေးတွေကို
တန်ဖိုးရှိပြီး နူးညံ့လွန်းတယ်။ သူ့ ရဲ့ ဆွဲဆောင်နိုင်တဲ့ ရနံ့ ဆိုတာက သမီးတို့ ရဲ
့နုပျိုမှုပဲ...သူတို့ ကို သမီးတို့ ရဲ့ ဆင်ခြင်စဉ်းစားဥာဏ်နဲ့ တူတဲ့ 
ပွင့်ချပ်ဖြူဖြူလေးတွေနဲ့  ကာကွယ်ထိန်းသိမ်းရမယ်နော် "တဲ့လေ။ ကျွန်မ
ကံ့ကော်ပန်းလေးတွေကို ချစ်ခင်မိရုံမက တန်ဖိုးထားမြတ်နိုးတတ်ခဲ့ပါတယ်။
ကံ့ကော်ရနံရပြီဆိုတာနဲ့ ကျွန်မရဲ့ နုပျိုမှုတွေကို အမြဲလိုလိုပြန်လည်
အောင့်မေ့တမ်းတတ်နေပြီ။
နောက် သဇင်ပန်းလေးတွေကိုတော့ ကျွန်မဘွဲ့ ယူတဲ့နေ
့ကမှ အများကြီးတွေ့ ဖူးပန်ဖူးရတာပါ။ သူ့ ညှာတံလေးပျော့ယောင်းသွယ်လျနေပုံကို
သဘောအကျကြီးကျပြီး ရိုးတံတစ်လျှောက် ကပ်ပြီးဖူးပွင့်နေတဲ့ ပွင့်ချပ်ပိစိလေးတွေကို
တစ်ပွင့်ချင်းလိုက် တို့ ထိကြည့်နေမိပါသည်။ မေမေက ကျွန်မဘ၀အတွက်
နောက်ထပ်ပန်းပွင့်လေး တစ်မျိုးကို ပျိုးပေးပြန်ပြီလေ။ " သမီး သဇင်ပန်းတွေက
တော်ဝင်ပန်းလို့ ရှေးမြန်မာဘုရင်တွေလက်ထပ်က သတ်မှတ်ခဲ့ကြတာ။ သူက သဘာဝအတိုင်းဆို
ဟိုးအပင်အမြင့်ကြီးမှာ ပေါက်တတ်လို့ နောက်အများကြီးမပွင့်ပဲ ရှားပါးလို့ လူတွေက
တန်ဖိုးထားကြတယ်။ သမီးလေးလည်း ကိုယ်က မိန်းမသားဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိတဲ့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်အဖြစ် ဂုဏ်သိက္ခာကို
တန်ဖိုးထားကာကွယ်စောင့်ရှောက်ဖို့ သမီးရဲ့ စိတ်ဓာတ်ကို မြင့်မားတဲ့နေရာမှာပဲ
ထားရမယ်။ သူတကာ လက်လှမ်းမမှီနိုင်တဲ့အတွက် သူ့ ကို သိပ်မြတ်နိုးတန်ဖိုးထားပြီး သူ
့ကို နှစ်သက်တာမှန်တဲ့သူသာ လှမ်းခြူနိုင်မယ်။ ပင်မြင့်လေ တန်ဖိုးရှိလေပါ သမီး။
သမီးရှေ့ ဆက်ရမယ့် ဘ၀မှာ သမီးအရည်အချင်းနဲ့ သမီး သဇင်ပန်းတွေလို ရပ်တည်နိုင်အောင်
သမီးဘွဲ့ ယူတဲ့ နေ့ မှာ မေမေက သဇင်တွေ ဝေနေအောင်ပန်ပေးတာပေါ့ "။ ကျွန်မ သဇင်ပန်းကို
တန်ဖိုးထားတတ်ခဲ့ရပြန်ပါသည်လေ။
အဲဒီအချိန်အထိ ကျွန်မဘ၀ထဲကို အဲဒီပန်းနီနီတွေ
ဝင်မလာခဲ့သေးဘူး။ ကျွန်မတို့ ငယ်ငယ်တုန်းက အိမ်ရှေ့ မြေကွက်လပ်မှာ ပေါက်ရောက်နေတဲ
့နှင်းဆီပန်းတွေက ဖွေးဖွေးဖြူဖြူ၊ ပန်းဆီတောက်တောက် အပွင့်တွေမှာ လက်သီးတစ်ဆုပ်စာ
အကြီးကြီးတွေရယ်ပါ။ နောက် တခြုံလုံးရဲနေအောင်ပွင့်တတ်တဲ့ နှင်းဆီရိုင်း
အပွင့်သေးသေးလေးတွေ။ အဲဒီပန်းလေးတွေကို အမြဲမြင်တွေ့ ခဲ့ရဖူးပေမယ့် ကျွန်မသူတို့ နဲ
့မရင်းနှီးခဲ့မိပါ။ ဘာလို့ လဲဆိုတာတော့ ကျွန်မကိုယ်တိုင်လည်း ခုထိမတွေးမိတာပါ။
သူတို့ က ကျွန်မဘ၀မှာ ကျွန်မမသိပဲ ကျွန်မဘေးမှာ အမြဲတစ္တေရှိနေခဲ့တာလည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ ကို ကျွန်မ သိပ်ချစ်မိစေဖို့ တစ်နေ့ ကျွန်မဆီ
နှင်းဆီ အနီရဲရဲ တစ်ပွင့်ရောက်ရှိလာခဲ့ပါသည်။ အဲဒီနေ့ က ကျွန်မအသက် ၁၈ နှစ်ပြည့်တဲ့
နေ့ပါ။ မှတ်မှတ်ရရပါပဲ။ မိသားစု နဲ့ အတူ မကျင်းပနိုင်ခဲ့တဲ့ ပထမဆုံးမွေးနေ့ မှာ
အဲဒီ နှင်းဆီအနီရဲရဲလေးကို ကျွန်မဆီယူဆောင်လာပေးခဲ့သူက တစ်ချိန်မှာ ကျွန်မက
ခါးခါးသီးသီးမုန်းတီးရမယ့် " မောင် "ရယ်ပါ။ ဒါပေမယ့် အဲဒီ
မုန်းတီးခြင်းမတိုင်ခင်မှာ ကျွန်မက မောင့်ကို
နင့်နင်းသည်းသည်းချစ်မိခဲ့ပါသည်။
မောင် က ကျွန်မကို ဘာ့ကြောင့်အဲဒီနှင်းဆီ
အနီရဲရဲကြီးတစ်ပွင့်ကို အဲဒီနေ့ ကလက်ဆောင်ပေးခဲ့တာလည်းဆိုတာ ခုချိန်ထိ
ကျွန်မတွေးတောမိနေတုန်းပါ။ ရင်ခုန်တတ်တဲ့အရွယ်မို့ ရင်ခုန်ချင်ခဲ့တဲ့ ကျွန်မက
မေမေ့ရဲ့ ပန်းပွင့်တွေကြောင့် ကျွန်မစိတ်တွေ လွန်ဆွဲပွဲကြီး
အကြိမ်ကြိမ်နွဲနေခဲ့ရတာပေါ့။ မောင့်ကို ကျွန်မမြင်တိုင်း ရင်ခုန်ရသည်။ အသက်ရှုသံတွေ
ပုံမှန်မဟုတ်ဖောက်ပြန်နေခဲ့တာကို ကျွန်မကိုယ့်ကိုယ်ကိုယ် မသိကျိုးကျွန်ပြုဖို
့ကြိုးစားနေရင်းနဲ့ ပဲ မောင့်ကို ကျွန်မ သိပ်ချစ်မြတ်နိုးခဲ့မိပါသည်။ မောင်က
ကျွန်မကို နောက်ထပ်နှင်းဆီပန်းတွေ ဘယ်တော့မှထပ်မပေးတော့ပါ။ မောင့်ထံမှာ
ကျွန်မရလိုက်တာက မောင့်ရဲ့ ပါးချိုင့်လေးထဲက နူးညံ့လွန်းတဲ့ အပြုံးလေးနည်းနည်း နဲ
့လေပြေသယ်ဆောင်လာပေးတဲ့ မောင့်ကိုယ်သင်းနံ့ လေးရယ်ပါ။ တခါတရံ မောင်ရယ်မောနေခြင်းဟာ
ကျွန်မဖြစ်နေတတ်တယ်။ ကျွန်မကို မောင်မြတ်နိုးတယ်ဆိုတာကို ကျွန်မသိနေခဲ့တယ်လို
့အဲဒီအချိန်က အတွေးတွေဟာ ခုထိ ကျွန်မအတွက် သံသယတွေဖြစ်နေဆဲပါ။ မောင့်ရဲ့ အပြုံး
မောင့်ရဲ့ စကားလုံး မောင့်ရဲ့ မျက်လုံးတွေမှာ ကျွန်မအဖြေရှာဖို့ ပုစ္ဆာတွေမှာ
အများကြီးရယ်။ ဒါပေမယ့် အဲဒီအဖြေကို ကျွန်မ
ဘယ်မှာသွားအောင်စာရင်းထုတ်ရမှာတဲ့လဲလေ။
အဲဒီကတည်းက ကျွန်မ နှင်းဆီနီနီတွေတွေ့ တိုင်း
ရင်ခုန်လှိုက်မောခဲ့၇တာ..။ ကျွန်မရဲ့ ကဗျာစာအုပ်လေးကြားမှာ မောင့်ရဲ
့နှင်းဆီပွင့်ခြောက်လေး။ ရိုးတံလေးကို မီးပူထိုးပြီး ပြားနေအောင်လုပ်ပြီး ကျွန်မ
မောင့်အတွက်ရေးတဲ့ ကဗျာလေးတွေနဲ့ အတူ ယုယစွာ သိမ်းဆည်းထားခဲ့မိပါသည်။ ကျွန်မရဲ
့ခေါင်းရင်းက ကြွေပန်းအိုးထဲမှာ နှင်းဆီရဲရဲတွေ။ ကျွန်မ ခေါင်းပေါ်မှာလည်း
အမြဲလိုလို နှင်းဆီနီနီရဲရဲ တစ်ပွင့် သူ့ စိတ်နဲ့ သူ မင်းမူခဲ့ပြီးပြီ။ ကျွန်မ
အိမ်ဝရန်တာမှာ နှင်းဆီပန်းအိုးတွေ။ "ကျွန်မကို ရဲရဲနီနေအောင်ပွင့်တဲ
့နှင်းဆီမျိုးတွေပဲ ပျိုးပေးပါ " ပန်းဥယာဉ်က ကလေးတွေက ကျွန်မကို အန်တီနှင်းဆီနီ လို
့နာမည်ဝှက်ပေးခေါ်ကြတယ်တဲ့လေ။ ကျွန်မရဲ့ စွဲလမ်းမှုဟာ ရူးမိုက်စွာ ရူးသွပ်စွာ။
မောင်လက်ထပ်လိုက်တယ်ဆိုတဲ့ သတင်းတွေကို ကြားရတဲ့နေ့ က ကျွန်မရဲ့ နှင်းဆီပန်းအိုးထဲက
ပထမဆုံး နီဆွေးပြီး စိုအိနေတဲ့ နှင်းဆီပန်းပွင့်ကြီးတစ်ပွင့် ပွင့်ခဲ့တယ်။
နိုင်ငံခြားကနေမှာပေးထားတာပါ...အစ်မနေ့ တိုင်း ရွှေရည်လေးလောင်းပေးပါလို
့ပန်းစိုက်တဲ့ ကလေးမလေးက မှာလိုက်တာကို ကျွန်မက နောက်တာလား သမီးရယ်..သူက
အဲဒီလိုတောင် လုပ်ရတာလားလို့ ရယ်သွမ်းသွေးပြီးပြောခဲ့ပေမယ့် ကျွန်မနေ့ တိုင်း
အဲဒီပန်းပင်ပျိုလေးတွေကို ရွှေဆွဲကြိုး လက်ကောက်တွေ စိမ်ထားတဲ့ ရွှေရည်လေးတွေကို
ဖြန်းလောင်းပေးခဲ့တာ။ အဲဒီပန်းပွင့်လေးတွေနဲ့ အတူ မောင့်အပြုံးတွေများ
ပြန်လည်ရရှိမလားဆိုတဲ့ မျှော်လင့်ချက်လေး ကျွန်မ မသိစိတ်မှာ
ခိုဝင်နေခဲ့သလားဟု။
မောင်က ကျောင်းဆရာမလေး တစ်ယောက်ကို
လက်ထပ်လိုက်တာဖြစ်ပါသည်။ အေးချမ်းတဲ့ ဘ၀တဲ့လေ။ မောင်တချိန်ကပြောဖူးတယ်။ မောင့်ကို
နောက်ဆုံးအကြိမ်ဖြစ်ဖြစ် ကျွန်မမေးကြည့်ချင်မိပါသည်။ ၁၀ နှစ်တိုင်တိုင် ကျွန်မရဲ
့သံသယတွေ။ ဒီသံသယတွေကို နှင်းဆီနီနီတွေနဲ့ အတူ ကျွန်မပျိုးယူထားခဲ့တာဖြစ်ပါသည်။
အဲဒီညက ကျွန်မ မောင့်ဆီကို ဖုန်းဆက်ဖို့ မောင့်ဖုန်းနံပါတ်ကို နှိပ်လိုက်
ပြန်ချလိုက်နှင့် နောက်ဆုံး မောင့်ဘက်က ဖုန်းထူးတော့မှာ " congratulation ပါ
.........ကျွန်မ ရှင့်အတွက် ၀မ်းသာပါတယ်။"
"...........................................................ဘ၀က
ကိုယ့်ကိုရွေးခြယ်ထားပြီးသားပါ ..........မင်းက ဟိုးအမြင့်ကြီးမှာ ပွင့်နေတဲ့
သဇင်ပန်းရယ်ပါ..........." ။
မောင် ဒီစကားကို ပြောခဲ့တာလား ကျွန်မ
ကြားယောင်ခဲ့ခြင်းလား ကျွန်မကိုယ်တိုင် မမှတ်မိချင်တော့ပါ။ မောင့်ပျော်ရွှင်ခြင်းမှာ
ကျွန်မကို လွတ်ငြိမ်းချမ်းသာပေးလှည့်ပါ။ ကျွန်မ လွတ်မြောက်မှုမှာ
မောင်ပျော်ရွှင်ပါစေ။ အဲဒီညက ကျွန်မ ပန်းဈေးမှာ နှင်းဆီနီနီရဲရဲတွေ
အများကြီးသွားဝယ်ပြီး တစ်ညလုံး ပန်းခြင်းလေးတစ်ခု ထိုင်ထိုးနေမိခဲ့သည်။ မောင်နှင့်
မောင့်ပန်းပွင့်လေး အတွက် ကျွန်မနှင်းဆီနီနီတွေပို့ လိုက်ပါတယ်။
ဗေဒင်ဆရာကပြောတယ်။ ကျွန်မ က နှင်းဆီနီနီတွေနဲ
့မတည့်ဘူးတဲ့လေ။ ကရကဋ်ရာသီဘွား ဘီလူးနက္ခတ်နဲ့ မွေးလာတဲ့သူမို့ နှင်းဆီနီနီတွေကို
ရှောင်ရမယ်တဲ့လေ။ နှင်းဆီနီနီတွေကို ကျွန်မ သိပ်ကြိုက်တယ် ဆရာ လို့ ပြောမိတော့
သူတို့ က မင်းရဲ့ ကျိန်စာတွေပဲတဲ့။ မင်းက နှင်းဆီနီနီတွေကို ဘုရားပန်းအဖြစ်တောင်
ကပ်လှူလို့ မရဘူး မိန်းကလေးတဲ့။ ကျွန်မ မျက်ရည်တစ်ပေါက်က ကျွန်မလက်ပေါ်ကို ဖောက်ခနဲ
ကျဆင်းသွားတယ်။ ကျွန်မက နှင်းဆီနီနီတွေကို သိပ်ချစ်မက်ခဲ့ပြီးပြီ။ ကျွန်မ
ကျိန်စာသင့်နေခဲ့ပြီးပြီလေ။ ဘ၀ဆက်တိုင်း ပန်းပွင့်လေး
တစ်ပွင့်ဖြစ်ခွင့်ရမယ်ဆို.....................................။ နှင်ဆီနီနီတွေ
ကျွန်မ မျက်ဝန်းထဲမှာေ၀၀ါးသွားတယ်.....................နောက်
အဲဒီနှင်းဆီပန်းခင်းကြီးထဲ ကျွန်မ........................။ မောင် ကျွန်မကို
တကယ်ချစ်မြတ်နိုးခဲ့တယ်ဆိုတာ ကျွန်မယုံတယ်။ အဲဒီ နှင်းဆီနီနီတွေ သိတယ်။
ကျွန်မ ဘ၀ထဲမှာ ချယ်ရီပန်းတွေ၊ စံပယ်ပန်းတွေ၊
ကံ့ကော်ပန်းတွေ၊ ပိတောက်ပန်းတွေ၊ သဇင်ပန်းလေးတွေ........... နောက်
အဲဒီနှင်းဆီနီနီတွေ...............။
အမွန်မွန်း
၂၀ ၁၀ ၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။