Ko Ko
ခွေးမျိုးတွေလိုက်နာနေကြတဲ့ဥပဒေ
----------------------------------------
မြေးအဘိုးနှစ်ယောက်ထိုင်နေတယ်။ အဘိုးက မြေးကို
“မြေးလေး လှောင်အိမ်နှစ်လုံးထဲမှာ မြေခွေးတစ်ကောင်စီထည့်ထားတယ်။ တစ်ကောင်က
ပျင်းတယ်၊ ကလိမ်ကျတယ်၊ ခိုးတယ်၊ ဆိုးတယ်။ နောက်တစ်ကောင်က ထက်မြက်တယ်၊
သွက်လက်တယ်၊ သတ္တိလည်း ရှိတယ်။ သူတို့ နှစ်ကောင်ကို
လှောင်အိမ်ထဲထည့်ထားတာကြာပြီ။ ဒီနှစ်ကောင်ဟာ ခွေးတိုက်ပွဲမှာ သူသေ ကိုယ်သေ
အနိုင်ကိုက်ကြရမှာ။ သူတို့နှစ်ကောင်ကို တိုက်ပွဲမှာ လွှတ်ပေးလိုက်ရင်
ဘယ်အကောင်နိုင်မလဲ”
“အဘိုးရာ ထက်မြက်ပြီး သတ္တိရှိတဲ့ကောင် နိုင်မှာပေါ့”
“မှားတယ်”
“ဘာဖြစ်လို့လဲ”
“သူတို့နှစ်ကောင်စလုံးကို အစာဖြတ်ထားတာ။ ငတ်နေကြတဲ့ နှစ်ကောင်မှာ မြေးလေးက ဘယ်အကောင်ကို နိုင်စေချင်သလဲဆိုတာ အရေးကြီးတယ်။ အဲဒီ နှစ်ကောင်ထဲက မြေးလေး နိုင်စေချင်တဲ့ အကောင်ကို အစာဝ အောင် သွားကျွေးလိုက်။ အစားဝင်သွားပြီး အားရှိတဲ့ကောင် နိုင်မှာပဲ”
အဲဒါ ရက်အင်ဒီယန်း ရိုးရာပုံပြင်လေးတစ်ခုပါ။ ကျွန်တော်တို့ အစဉ်အလာအတိုင်းတွေးရင် ဉာဏ်ရှိတယ်၊ ထက်မြက်တယ်ဆိုတဲ့ကောင်တွေ နိုင်တတ်တာများတယ်။ ဒါပေမဲ့ ငတ်နေရင် ဘာမှ မလုပ်နိုင်ဘူးဆိုတာကို အဘိုးက မြေးကို ပြောချင်တာ။
ခွေးတိုက်ပွဲအတွက် အဓိကကျတာ သိက္ခာတွေ ဂုဏ်တွေ မဟုတ်ဘူး။ အစာဝဝကျွေးထားခြင်းက အဓိကပဲ။
မြေခွေးဆိုတာ မြေခွေးပဲဗျ။ လူလို စဉ်းစားဆင်ခြင်မှုတွေ လုပ်ချင်မှ လုပ်မယ်။ သူတို့အတွက်လိုအပ်တာက စားထား၊ ဝါးထား၊ ဗိုက်ပြည့်ပြီး အားရှိရင် ကိုက်မှာပဲ။ မြေခွေးဆိုတဲ့ ကောင်တွေကို စဉ်းစားဉာဏ်တွေ၊ အသိတွေနဲ့ သွားပြီး တိုင်းတာနေလို့မရဘူး။
သဘာဝတရားက သူတို့ကို မြေခွေးဖြစ်အောင် လုပ်ထားတာကြောင့် ကောက်ကျစ်စဉ်းလဲပြီး အစာကျွေး ထားသူရဲ့စကားကိုပဲ နားထောင်မယ်။ အစာဝလို့ ကိုက်ဆိုရင် သေအောင်ကိုက်မယ်။ တောကြီးဥပဒေသမှာ “ကိုက်မလား … အသေခံမလား” သူတို့နှစ်ခုထဲက တစ်ခုကို ရွေးရမှာပဲ။
The Law of the Jungle ဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်။ Rudyard Kipling ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ရေးထားတဲ့ ဝတ္ထုထဲမှာ အဲဒီ ဥပဒေသအကြောင်း ရေးထားလို့ နာမည်ကျော်လာရတာ။ အများကတော့ အဲဒီ ဇာတ်လမ်း အကြောင်း “The Jungle Book” ကြောင့် အသိများတယ်။
ကစ်ပလင်က
"NOW this is the law of the jungle, as old and as true as the sky,
And the wolf that shall keep it may prosper, but the wolf that shall break it must die.” လို့ရေးထားတယ်။
ရှင်းရှင်းလေးပဲ ခွေးမျိုးတွေဆိုတာ သူတို့အကျိုးစီးပွားအတွက် တောတွင်းဥပဒေကို လိုက်နာကြရမှာ။ တောတွင်း ဥပဒေကို မလိုက်နာနိုင်တဲ့ကောင်၊ ချိုးဖောက်တဲ့ကောင်သေပဲ။
တောတွင်း ဥပဒေ (The Law of the Jungle) ဆိုတာက
အတ္တကို အခြေပြုတဲ့ဝါဒ
ငါ့အဖွဲ့အစည်း ငါ့အုပ်စု ကောင်းစားရေးကိုသာ အခြေပြုတဲ့ဝါဒ
အသန်မာဆုံးဟာ နိုင်ခြေအရှိဆုံးဆိုပြီး အင်အားကို တိုးချဲ့တောင့်တင်း ခိုင်မာအောင် အသားစီးယူထားတဲ့ဝါဒ
ငါတို့က သတ်ရင်သတ် ငါတို့က မသတ်ရင် အသတ်ခံရလိမ့်မယ်လို့ ယူဆပြီး အကြမ်းဖက်နေတဲ့ဝါဒ
ဇာတ်တူသားချင်း စားဖို့လည်း ဝန်မလေးတဲ့ဝါဒ
ငါတို့ စားရင်စား မစားရင် အစားခံရလိမ့်မယ်လို့ အယုံသွင်းခြင်းခံထားရတဲ့ဝါဒ
The Law of the Jungle ဆိုတဲ့ စိတ်ဓာတ်ဟာ ဗုဒ္ဓဘာသာမှာ မရှိဘူး။ ဗုဒ္ဓဟောကြားတဲ့ တရားတွေထဲမှာ မပါဘူး။
အပင်းသွင်းပြီး ကိုက်ခိုင်းတာကိုကိုက်၊ ဟောင်ခိုင်းတာကိုဟောင်တတ်တာ ခွေးမျိုးတွေမှာသာရှိတာ။ ဒါကြောင့် လည်း ကစ်ပလင်က
“The wolf that shall keep it may prosper, but the wolf that shall break it must die.” လို့ပြောသွားတာ။
၅.၃.၂၀၁၇
ဆ၇ာ ဦးတင်ညွန့် ၇ဲ့ ပို့စ် အား
ကြိုက်နှစ်သက်၍ မျှဝေပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။