Bamaw Thein Pe added 2 new photos.
#အဝတ်အစားကြည့်ပြီး အထင်မသေးပါနဲ့
အရောင်လွင့်နေတဲ့ အင်္ကျီကွက်ကျားကြီးကို ဝတ်ထားတဲ့ မိန်းမကြီးနဲ့ ဖန်တရာတေဝတ်ထားလို့ ဟောင်းနွမ်းနေတဲ့ ကုတ်အင်္ကျီဝတ်ထားတဲ့ အဖိုးကြီးတို့ လင်မယားဟာ ဘော်စတွန်မြို့က မီးရထားဘူတာမှာ ရထားပေါ်က ဆင်းလိုက်ကြပြီး ဟားဗတ်တက္ကသိုလ်ကျောင်းဝင်းထဲကို ဖြေးဖြေးချင်း လမ်းလျှောက်သွားကြတယ်။ အထဲရောက်တော့ သူတို့ဟာ ဥက္ကဋ္ဌရုံးခန်းဆီကို မေးပြီးသွားကြတယ်။ ရုံးခန်းပေါက်ဝရောက်တော့ စားပွဲနဲ့ ထိုင်နေတဲ့ အတွင်းရေးမှူးအမျိုးသမီးက အဝတ်အစား နွမ်းနွမ်းမ်းပါးပါး ဝတ်ထားတဲ့ သူတို့ကို အထင်သေးစွာ ကြည့်ရင်း ခုလိုမေးလိုက်တယ်။
- "ဘာလုပ်ကြမလို့လဲ"
- "ဥက္ကဋ္ဌကြီးနဲ့ တွေ့ချင်လို့ပါ" လို့ မိန်းမကြီးက ဖြေလိုက်တယ်။
- "သူ ဒီနေ့ တနေ့လုံး အားမှာ မဟုတ်ဘူးရှင့်"
- "ရပါတယ်။ အန်တီတို့ ထိုင်စောင့်ပါမယ်"
အဖိုးကြီး၊ အဖွားကြီးတို့ဟာ ရုံးခန်းဝက ကုလားထိုင်တွေမှာ ထိုင်ပြီး
စောင့်နေကြတယ်။ ၂ နာရီကြာသွားပြီ။ အတွင်းရေးမှူးက သူတို့ကို
လက်ဖက်ရည်တစ်ခွက်တိုက်ဖို့နေနေသာသာ တချက်တောင် လာစကားမပြောဘူး။
သူ့စိတ်ထဲမှာ စုတ်စုတ်ပြတ် လင်မယားကို ရုံးခန်းက
အမြန်ဆုံးပြန်ထွက်သွားစေချင်ပြီ။ ဒါပေမဲ့ လင်မယားဟာ ထွက်သွားမယ့်ပုံ
မပေါ်ပါဘူး။ ၃ နာရီတောင် ကြာသွားပြီ။
အတွင်းရေးမှူးမက သိလိုက်ပြီ။ သူတို့ လင်မယားထွက်သွားမှာ မဟုတ်ဘူးဆိုတာ။ ဒါကြောင့် ရုံးခန်းအတွင်းက ဥက္ကဋ္ဌကို ခဏထွက်တွေ့ဖို့ သွားပြောလိုက်တယ်။ ဥက္ကဋ္ဌလည်း စိတ်ပျက်လက်ပျက် အမူအရာနဲ့ ထွက်လာတယ်။ အဝတ်အစား နွမ်းပါးစွာ ဝတ်ထားတဲ့ သူတို့မြင်လိုက်တာနဲ့ ဥက္ကဋ္ဌဟာ နှာခေါင်းရှုံ့သွားပြီး လေသံမာမာနဲ့ သူတို့ကို ခုလို ပြောလိုက်တယ်။
- "ဘာကိစ္စရှိလို့လဲဗျ။ ကျွန်တော့်မှာ အစည်းအဝေးရှိလို့ စကားပြောချိန် သိတ်မရဘူး"
အဖွားကြီးက စပြောတယ်။
- "ဒီလိုပါရှင့်။ ကျွန်မတို့ရဲ့ တစ်ဦးတည်းသောသားဟာ ဒီတက္ကသိုလ်မှာ တစ်နှစ်လောက် တက်သွားခဲ့ဖူးပါတယ်။ သူဟာ ဟားဗတ်ကို အတော်သဘောကျတယ်။ ဟားဗတ်မှာ ကျောင်းတက်ရတာကို ပျော်လည်း ပျော်တယ်။ ဒါပေမဲ့ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်က မတော်တဆ ထိခိုက်မှု ဖြစ်ပြီး ဆုံးသွားတယ်။ ကျွန်မနဲ့ ကျွန်မယောက်ျားတို့က ဒီကျောင်းဝင်းထဲမှာ သူ့ကို သတိရအထိမ်းအမှတ်အဖြစ် တစ်ခုခုဆောက်ပေးချင်လို့ပါရှင်"
ဥက္ကဋ္ဌက အဖွားကြီး ပြောတာကို သဘောမကျပါ။ ဒါကြောင့် သူက အသံ ခတ်ပြတ်ပြတ်နဲ့ ခုလို ပြောလိုက်တယ်။
- "ဒီမယ် အမကြီး၊ ဟားဗတ်မှာ လာတက်ပြီး ကွယ်လွန်သွားတဲ့ ကျောင်းသားတိုင်းအတွက် ရုပ်ထုတစ်ခုစီ ထုလုပ်ထားမပေးနိုင်ပါဘူး။ အဲဒီလိုသာ ခွင့်ပြုလိုက်ရင် ကျွန်တော်တို့ ကျောင်းဝင်းဟာ သင်္ချိုင်းကြီးနဲ့ တူသွားမှာပေါ့"
အဖွားကြီးက လက်နှစ်ဖက်ကို ကာပြရင်း
- "မဟုတ်ပါဘူးရှင်။ ကျွန်မတို့ ပြောတာက ရုပ်ထုဆောက်ပေးဖို့ မဟုတ်ပါဘူး။ ကျောင်းဝင်းထဲမှာ အထိမ်းအမှတ် အဆောက်အဦတစ်လုံး ဆောက်ပေးချင်တာပါ" လို့ ပြောလိုက်တယ်။
ဥက္ကဋ္ဌဟာ အထင်သေးတဲ့ အကြည့်နဲ့ မျက်နှာကို ရှုံ့မဲ့ရင်း
- "အဆောက်အဦတစ်ခု ဟုတ်လား။ ခင်ဗျားတို့ အဆောက်အဦတစ်လုံး ဆောက်ဖို့ ဘယ်လောက်ကုန်ကျသလဲ သိကြရဲ့လား။ အခု ကျောင်းဝင်းထဲမှာရှိတဲ့ အဆောက်အဦတွေအားလုံးရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၇ သန်းခွဲဆိုတာ သိကြရဲ့လား"
ဥက္ကဋ္ဌ ထင်တာက ဒီစကားကို ကြားတာနဲ့ လင်မယားဟာ သူ့ရှေ့က မြန်မြန်ထွက်သွားကြလိမ့်မယ်ပေါ့။
အဖွားကြီးက သူ့ယောက်ျားဖက် လှည့်ကြည့်လိုက်ရင်း
- "တက္ကသိုလ်တစ်ခု ဆောက်တာ ဒီလောက်လေးပဲ ကုန်ကျတယ်တဲ့။ အဲဒါဆိုရင် ကျွန်မတို့သားအတွက် တက္ကသိုလ်တစ်ခုပဲ ဆောက်လိုက်ရင် မကောင်းဘူးလား" လို့ ပြောလိုက်တော့ အဖိုးကြီးကလည်း သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်တယ်။
ဥက္ကဋ္ဌလည်း အဲဒီစကားကို နားမလည်နိုင်ဘဲ ဇဝေဇဝါဖြစ်သွားတယ်။
ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာကြတဲ့ မစ္စတာလေလင်းစတင်းဖို့ဒ်နဲ့ မစ္စစ်ဂျိန်းစတင်းဖို့ဒ်တို့ လင်မယားဟာ ဟားဗတ်ကျောင်းဝင်းထဲက ဖြေးဖြေးချင်း လမ်းလျှောက်ထွက်သွားကြတယ်။ နောက်တော့ သူတို့ဟာ ကာလီဖိုးနီးယားပြည်နယ်က ပါလိုအာလ်တိုမြို့မှာ သူတို့သားအတွက် အထိမ်းအမှတ်အဖြစ် တက္ကသိုလ်တစ်ခုကို ဆောက်လုပ် လှူဒါန်းလိုက်တယ်။
အဲဒီတက္ကသိုလ်ရဲ့ နာမည်က စတင်းဖို့ဒ်တက္ကသိုလ် ဖြစ်ပါတယ်။ ဟားဗတ်နဲ့ စတင်းဖို့ဒ်တက္ကသိုလ်တို့ဟာ အမေရိကန်နိုင်ငံမှာ ယနေ့အထိ နာမည်အကြီးဆုံး တက္ကသိုလ်တွေ ဖြစ်နေကြပါတယ်။
ဗန်းမော်သိန်းဖေ
၁၀-၀၃-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။